The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့
မြန်မာနိုင်ငံမှာ တော်လှန်ရေးနဲ့အတူ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုအဖြစ် ခေတ်အဆက်ဆက် ဗမာလူမျိုးကြီးဝါဒကို တိုက်ထုတ်ကြတာဟာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီလို့ ဆိုရမယ်။ ထိုနည်းတူ ရိုဟင်ဂျာတွေအပါအဝင် လူမျိုး၊ ဘာသာအလိုက် ခွဲခြားမှုတွေကိုလည်း များစွာ မှေးမှိန်အောင် လုပ်နိုင်ကြပြီလို့ ဆိုရမှာဖြစ်တယ်။ သို့သော် အကြမ်းဖက်စစ်ကောင်စီရဲ့ လူစိတ်မရှိမှုကို အခြေခံပြီးတော့ တော်လှန်ရေးမှာ ထောက်ခံသူနှင့် မထောက်ခံသူ နှစ်မျိုးသာရှိရေးဆိုပြီး တော်လှန်ရေး အားနည်းချက်ကို ထောက်ပြသူတွေကို သဒ်ပါတီဆိုတဲ့ တံဆိပ်နဲ့ ကဲ့ရဲ့မှုတွေနှင့်အတူ တော်လှန်ရေး အင်အားစု အချင်းချင်းကြား အမုန်းပွားမှုတွေကလည်း ကြီးမာလာနေတယ်။ အဲ့ဒီလို အင်အားစု အချင်းချင်းကြား အမုန်းပွားစကားများကြတဲ့ခါ အထူးသဖြင့် လူမှုကွန်ယက်စာမျက်နှာတွေကို အသုံးပြုပြီး အလှူငွေကောက်ခံတဲ့ အင်အားစုတွေအကြား၊ မြေပြင်မှာ အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့ မတည်မငြိမ်ဖြစ်မှုတွေကြောင့် ထောက်ခံအားပေးသူတွေ အချင်းချင်းကြားနှင့် အမျိုးသားညီညွတ်ရေး လက်အောက်ခံအဖွဲ့တွေနဲ့ Local အဖွဲ့တွေကို ထောက်ခံသူ အချင်းချင်းကြား စသဖြင့် ပုံစံမျိုးစုံနဲ့ မြင်နေရတာဟာ ပြည်သူများတွေကို တော်လှန်ရေးအပေါ် သံသယဝင်စေတဲ့အထိ ဖြစ်လာပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ အများဆုံးကတော့ ချင်း၊ စစ်ကိုင်းနှင့် မကွေးတို့မှာအဖြစ်များပြီးတော့ တချို့ သတင်းမီဒီယာကလည်း အဲ့ဒီအမုန်းပွားမှုတွေကို အဖြေရှာမယ့်အစား မြှောက်ပင့်ပေးပြီးတော့ သတင်းကြည့်ရှုသူများဖို့အရေးကိုပဲ အားစိုက်နေကြတာ တွေ့ရပါတယ်။ ဆိုတော့ သတင်းမီဒီယာ ကျင့်ဝတ်နဲ့မညီတဲ့ နာမည်မျိုးစုံနဲ့ ကိုယ်အားပေးတဲ့ အဖွဲ့အတွက် ထောက်ခံမှုများများရရှိရေး ဆော်သြပေးတဲ့ အဖွဲ့တွေဟာ နေ့စဉ်တိုးပွားလာနေပါတယ်။ အဲ့လိုဖြစ်စဉ်တွေဟာ သာမန်အခြေအနေမှာဆိုရင် နိုင်ငံတကာ အကူအညီနဲ့ ငွေကြေးများစွာ အကုန်အကျခံပြီး လျော့ကျလာအောင် ဖြေရှင်းလုပ်ဆောင်ရမယ့် အမုန်းပွားမှုဖြစ်တယ်။ အချိန်မှာ တချို့ပြည်သူတွေကလည်း သတင်းမီဒီယာ အမျိုးအစားကို ကျင့်ဝတ်အပေါ် မခွဲခြားတော့ဘဲ ကိုယ်အားပေးတဲ့အဖွဲ့ရဲ့ ကောင်းကြောင်းပြောပြီး ကိုယ်အားမပေးတဲ့ အဖွဲ့ရဲ့ မကောင်းသတင်းကို နာနာပြောနိုင်တဲ့ သတင်းမီဒီယာအမည်ခံ စကားဝိုင်း ဆွေးနွေးပွဲတွေကိုပဲ ကြည့်ကြတာ များလာပါတယ်။ ပြီးတော့ အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေကလည်း အပြုသဘောဆောင်တဲ့မေးခွန်းတွေကို ဖြေမယ့်အစား ကိုယ့်ကို အားပေးထောက်ခံပြီး လွတ်လွတ်လပ်လပ်ဖြင့် ပြိုင်ဖက်ကို ဆဲဆိုနိုင်တဲ့ သတင်းမီဒီယာ အတုအယောင်မှာပဲ အင်တာဗျူးဖြေပေးမှုတွေများလာတယ်။ အဲ့ဒါကြောင့် အချင်းချင်းကြား အမုန်းပွားမှုဟာ အောက်ခြေပြည်သူ၊ အထူးသဖြင့် အိမ်တွင်းမှာပဲ သားသမီးတွေအတွက် ဆုတောင်းပေးမှုဖြင့် အမြဲတော်လှန်ရေးအတွက် အားထုတ်ကြတဲ့ မိခင်တွေ အဖွားအိုတွေထိ ပြန့်နှံ့နေပါပြီ။ ဒါပေမယ့် အဖွဲ့အသီးသီးကတော့ စနစ်ပြောင်းရေးအတွက် တိုက်ပွဲဝင်ကြောင်း ဂုဏ်ယူစွာ ဆိုပြောနေကြတယ်။ သို့သော် အတွေးအခေါ် မပြောင်းသရွေ့၊ အချင်းချင်း အမုန်းပွားမှု အောက်ခြေပြည်သူအထိ အမြစ်တွယ်နေသရွေ့တော့ ဘယ်လိုလို့ စနစ်ပြောင်းတဲ့ ရလဒ်ကို မြင်နိုင်မလဲဆိုတာကို ခေါင်းဆောင်တွေက မစဉ်းစားမိကြပါဘူး။ အကြောင်းရင်းကတော့ လွတ်မြောက်နယ်မြေ များလာပေမဲ့ အရင်စနစ်ဟောင်းလိုပဲ လူသာပြောင်းပြီး လက်နက်ကိုင်သူတွေနဲ့ တော်လှန်ရေး ဦးဆောင်သူတွေဆိုတဲ့ လူတန်းစားကသာ အာဏာရနေတာဖြစ်တဲ့အတွက် စနစ်အပြောင်းအလဲရဲ့ စိန်ခေါ်မှုကို ဘယ်ခေါင်းဆောင်ကမှ လက်တွေ့မကြုံတွေ့ကြသေးတာကြောင့် စနစ်ပြောင်းလဲရေးအတွက် စိတ်ဓာတ်ပြောင်းလဲဖို့ လိုအပ်ချက်ကို မသိကြသေးမှန်း သိသာနေတယ်။ တကယ်တော့ အခုချိန်ထိ အချင်းချင်း အမုန်းပွားမှုက ပြည်သူတွေမှာ အမြစ်တွယ်အောင် ခေါင်းဆောင်တွေ ကိုယ်တိုင် လုပ်နေကြတာဟာ တနေ့နေ့ ယနေ့ ခေါင်းဆောင်တွေကသာ တော်လှန်ရေး အောင်မြင်တဲ့ခါ တာဝန်ယူ ဖြေရှင်းကြရမှာ ဖြစ်ပြီးတော့ ကိုယ်စိုက်ခဲ့တဲ့ အမုန်းပင်ရဲ့ အသီးကို ကိုယ်တိုင် ပြန်စားကြရမှာ ဖြစ်ပါတယ်။ အဲ့လို အခြေအနေရောက်ရှိဖို့ အလားအလာဟာ အလွန်ကောင်းပြီး မင်းအောင်လှိုင်တို့ ဇာတ်သိမ်းနိုင်ဖို့များတဲ့အတွက် ရန်သူလက်ကျန်တွေကို ရှင်းနေရတာထက် ကိုယ်စိုက်ခဲ့တဲ့ အမုန်းစကား အသီးအပွင့်တွေကို ပြန်ပြီး ရှင်းထုတ်နေရတာ ပိုပြီး အခက်မတွေ့မိကြဖို့ လိုပါတယ်။ ဒါ့ကြောင့် စနစ်အပြောင်းအလဲဟာ စိတ်ဓာတ်ပြုပြင် ပြောင်းလဲမှုမှ စတင်ရမှာဖြစ်ပြီး အခုချိန်မှာ ခေတ်အဆက်ဆက် စနစ်မပြောင်းနိုင်တဲ့အထိ ဒုက္ခပေးခဲ့တဲ့ ဗမာလူမျိုးကြီးဝါဒ၊ ဘာသာရေးခွဲခြားမှု၊ လူမျိုးအချင်းချင်းကြား ခွဲခြားမှုတွေကို စတင်အဆုံးသတ်ဖို့ အလားအလာကောင်းနေချိန် စနစ်အပြောင်းအလဲအတွက် အဟန့်အတား ဖြစ်စေမယ့် ပါတီစွဲ၊ အဖွဲ့စွဲကိုအခြေပြုတဲ့ အမုန်းပွားမှုနဲ့ ကိုယ်နဲ့အမြင်မတူသူမှန်သမျှ ရန်သူအဖြစ် သတ်မှတ်တဲ့ အန္တရာယ်ကြီးလွန်းတဲ့ အတွေးအခေါ်သစ်ကို မမွေးမိကြဖို့ အလွန်အရေးကြီး ပါတယ်။ အဲ့ဒီလို အမုန်းပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံးဟာ ခေါင်းဆောင်တွေ အားလုံး အပြုသဘောဆောင်တဲ့ ပြောဆိုမှုနှင့် တော်လှန်ပြည်သူ အချင်းချင်းကြား အမုန်းစကားမပြောကြားဖို့ မေတ္တာရပ်ခံကာ တရားဝင် စာထုတ်တားမြစ်တာ ဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ရပ်ဟာ အခုချိန်ထိ ဘယ်ခေါင်းဆောင်၊ ဘယ်အဖွဲ့အစည်းကမှ မလုပ်နိုင်ကြသေးတဲ့အပြင် အမှန်တကယ် လုပ်နိုင်တဲ့အဖွဲ့ရှိလို့ရှိရင် အလွန်ထိရောက်မယ့် အမုန်းစကား ထိန်းချုပ်မှု ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီလိုအပြု သဘောနဲ့ မလိုလားအပ်တဲ့ အမုန်းစကားတွေ ထိန်းချုပ်ရေး အတွက် စာထုတ်တားမြစ်ခြင်းဟာ မြန်မာ့အရေးကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းတွေရဲ့ စိတ်ဝင်စားမှုများနိုင်ပြီး အခုချိန် တော်လှန်ရေး အဖွဲ့အသီးသီးမှ ကိုယ်နှင့်အမြင်မတူတဲ့ အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တဲ့ စာအသုံးအနှုန်းနဲ့ အမျိုးမျိုးထုတ်ပြန်နေတဲ့ စာများထက် သမိုင်းပိုလှ၊ ဂုဏ်လည်းပိုရှိပြီး တော်လှန်ရေးကိုလည်း အကျိုးပိုပြုမှာဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံတကာက ထောက်ပံ့ငွေ များစွာယူပြီး ပြန်လည်ထိန်းသိမ်းဖို့ လိုလာနိုင်တဲ့ အထိ အခြေအနေဆိုးသွားနိုင်တဲ့ အချင်းချင်း အမုန်းစကား ဖြန့်ဝေသူတွေကို ထိန်းသိမ်းပေးမယ့် စံပြခေါင်းဆောင်၊ စံပြအဖွဲ့အစည်း ပြည်သူများက အလိုရှိနေကြပါတယ်။