ဖေဖေါ် ၂၆
The Kaladan Post
အာဏာသိမ်းစစ်တပ် လက်အောက်ခံ အသင်းအဖွဲ့များနှင့် ဆက်စပ်လုပ်ငန်းရှင်များက အမေရိကန်မှ ပဲပုပ်ဖတ် (soybean meal) တင်သွင်းရန် စီစဉ်နေခြင်းသည် စီးပွားရေးလိုအပ်ချက်ထက် အမေရိကန်အစိုးရ၏ အာရုံစူးစိုက်မှု ရရှိစေရန် စစ်အုပ်စု၏ နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
လက်ရှိတွင် ဒေါ်လာရှားပါးမှုကို အကြောင်းပြု၍ ဆေးဝါးအပါအဝင် သွင်းကုန်အများစုကို စစ်ကောင်စီက တင်းကျပ်ထားရာ ပြည်တွင်းတွင် အရေးကြီးပစ္စည်းများ ပြတ်လပ်နေချိန်၌ တိရစ္ဆာန်အစာအတွက် အသုံးပြုသော ပဲပုပ်ဖတ်ကို တင်သွင်းမည်ဆိုသည့် သတင်းအပေါ် ပြည်သူအများအပြားက ဝေဖန်မှုများ ပြုလုပ်နေကြသည်။
ရန်ကုန်ရှိ Embassy of the United States in Yangon သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ အမေရိကန်တင်ပို့သူနှင့် မြန်မာဝယ်ယူသူများအကြား ပဲပုပ်ဖတ် ရောင်းဝယ်ရေး သဘောတူစာချုပ်အသစ် လက်မှတ်ရေးထိုးမှုကို မျက်မြင်တွေ့ရှိခွင့်ရခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန်လယ်သမားများအတွက် ဈေးကွက်သစ် ဖွင့်လှစ်ပေးခြင်းအပြင် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မာစေမည်ဟုလည်း ဆိုထားသည်။
သို့သော် လူမှုကွန်ရက်များတွင် ပြည်သူများက “စစ်အုပ်စုကို အသိအမှတ်ပြုမှု ရရှိစေရန် နည်းလမ်းရှာနေခြင်း မဟုတ်လား” ဟု မေးခွန်းထုတ်ကြသလို တရားမဝင် အာဏာသိမ်းထားသည့် စစ်တပ်နှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်များနှင့် တိုက်ရိုက် လုပ်ကိုင်ခြင်းအပေါ် စိုးရိမ်ကြောင်း မှတ်ချက်များ ပေါ်ပေါက်နေသည်။
ပို့ကုန်–သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက လမ်းကြောင်းရှည် ကုန်သွယ်မှုဖြစ်သဖြင့် ကွန်တိန်နာ သယ်ယူပို့ဆောင်ခများ မြင့်မားကြောင်း၊ သဘောတူညီချက်တန်ဖိုးမှာ ဒေါ်လာသန်းချီ ရှိနိုင်သော်လည်း အမေရိကန်အစိုးရ၏ အာရုံစိုက်မှုကို ရယူလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်နိုင်ကြောင်း ပြောကြားသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ အမေရိကန်မှ ပဲပုပ်ဖတ် တင်သွင်းမှု ရပ်တန့်သွားခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။ မြန်မာနိုင်ငံတွင် ပဲပုတ် ထွက်ရှိသည့် အခြေအနေရှိသော်လည်း အမေရိကန်ပဲပုပ်ဖတ်သည် ပရိုတင်းပါဝင်မှု မြင့်မားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များကြား အသုံးများကြောင်း သိရသည်။
အဆိုပါ သဘောတူစာချုပ်တွင် UMFCCI ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးရဲမင်းအောင် လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌလည်းဖြစ်ပြီး စစ်ကောင်စီနှင့် နီးကပ်စွာ ဆက်နွယ်နေသူဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောကြားထားသည်။
ရှမ်းပြည်နယ်မှ ကုန်သည်တစ်ဦးက စစ်ကောင်စီ၏ အမေရိကန်နှင့် ကုန်သွယ်ရေး ကြိုးပမ်းမှုသည် တရုတ်အစိုးရကို ဒေါသထွက်စေနိုင်ကြောင်း သုံးသပ်သည်။ လက်ရှိတွင် တရုတ်နှစ်သစ်ကူးကာလဖြစ်သဖြင့် မြန်မာ–တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် မူဆယ်နှင့် ရွှေဟော်တို့မှ ကုန်သွယ်မှုအချို့ ရပ်နားထားကြောင်း၊ ဆေးဝါးနှင့် စက်သုံးဆီ တင်သွင်းမှုများကိုလည်း တင်းကျပ်စွာ စိစစ်နေကြောင်း သိရသည်။
နိုင်ငံတကာ သတင်းဌာနများတွင် နွေဦးတော်လှန်ရေးဆိုင်ရာ ဆောင်းပါးများ ရေးသားနေသည့် ဦးဂျမ်းစ်ရွှေက အမေရိကန်၏ ပိတ်ဆို့အရေးယူမှု စည်းမျဉ်းများအောက်တွင် စားနပ်ရိက္ခာနှင့် ဆက်စပ်သည့် ကုန်သွယ်မှုများကို သီးခြားခွင့်ပြုထားခြင်းသာ ဖြစ်ကြောင်း၊ ယင်းသည် စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း ရှင်းလင်းထားသည်။
လက်ရှိတွင် စစ်ကောင်စီသည် အမေရိကန်အစိုးရနှင့် ထိတွေ့ဆက်ဆံနိုင်ရန် လော်ဘီကုမ္ပဏီများကို ဒေါ်လာသန်းချီဖြင့် ငှားရမ်းထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ဓာတ်ပုံ – အမေရိကန်သံရုံး ဖေ့စ်ဘွတ်စာမျက်နှာ