မေးမြန်းသူ- RAIN, Program Host

ဖြေကြားသူ- ဆရာမ မေစပယ်ဖြူ၊ ဒါရိုက်တာ၊ Gender Equality Network

RAIN – အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs program ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်မတို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဆရာမ မေစပယ်ဖြူနဲ့ အမျိုးသမီးရဲ့ အခွင့်အရေး အကြောင်းအရာများကို ကျွန်မတို့ The Kaladan Post ကနေပြီးတော့မှ တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်ရှင်။ မင်္ဂလာပါ ဆရာမ။

ဆရာမ မေစပယ်ဖြူ၊ – မင်္ဂလာပါ။

RAIN – ဟုတ်ကဲ့ပါ၊ အခုလိုမျိုး ကျွန်မတို့ The Kaladan Post ကို အချိန်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင်။ ဆိုတော့ ကျွန်မတို့ ပထမဆုံးအနေနဲ့ ကြည့်ရှုနေတဲ့ ပြည်သူတွေအတွက် ဒီ ဆရာမရဲ့အမည်နဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦးအဖြစ် ဒီလက်ရှိပါဝင်ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေကို အရင်ဆုံးမိတ်ဆက်ပေးပါဦးရှင်။

ဆရာမ မေစပယ်ဖြူ၊ – ဟုတ်ကဲ့ပါ၊ အဓိကက အမျိုးသမီးအခွင့်အရေးနဲ့ Gender တန်းတူညီမျှရေး အတွက် လှုပ်ရှားဆောင်ရွက်သူတစ်ယောက်အနေနဲ့ပေါ့နော်။ ဒီ Gender Equality Network မှာ ဒါရိုက်တာဖြစ်နဲ့ တာဝန်ထမ်းဆောင်တာရှိတယ်။ နောက်တစ်ခုကတော့ အမျိုးသမီးများ မဟာမိတ်အဖွဲ့ပေါ့နော်။ အင်္ဂလိပ်လိုကတော့ Women Advocacy Coalition-Myanmar လို့ခေါ်တယ်။ အဲ့ဒီမှာလည်း Coordinator တစ်ဦးအနေနဲ့ ဆောင်ရွက်နေသလို၊ မြန်မာအမျိုး သမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ မဟာမိတ်အဖွဲ့မှာလည်း ပူးတွဲတည်ထောင်သူ တစ်ယောက်အနေနဲ့ပေါ့နော်၊ ဒီနေ့ထက်ထိလည်း ကျွန်မတို့ ဟို တက်တက်ကြွကြွနဲ့ ပါဝင်နေဆဲဖြစ်ပါတယ်လို့။ နောက်တစ်ခုကတော့ ကချင်လူမျိုးဖြစ်တဲ့အတွက် ကျွန်မတို့ဒီ ကချင်အမျိုးသမီးများငြိမ်းချမ်းရေးကွန်ရက်တို့နော်၊ ဒီ US မှာအခြေစိုက်တဲ့ Kachin Alliance မှာလည်း ပါဝင်ဆောင်ရွက်ဖြစ်တယ်ပေါ့နော်။ အဲ့တော့ အဓိကကတော့ အမျိုးသမီး အခွင့်အရေး ကျားမတန်းတူညီမျှရေးက အဓိကဆိုပေမယ့်လည်း အခြားငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေပေါ့နော်။ အဲ့ဒါတွေကိုလည်း တိုက်တွန်းလှုံ့ဆော် အားပေးတဲ့သူတစ်ယောက်အနေနဲ့ပေါ့နော် ဟိုပါဝင်ဆောင်ရွက်နေပါတယ်လို့။

 

RAIN – ဟုတ်ကဲ့ပါ၊ ဒီအမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့သူတစ်ဦး ဖြစ်သလို ဆရာမကိုယ်တိုင်ကလည်း အမျိုးသမီးတစ်ဦးဖြစ်သည့်အားလျော်စွာ ဒီ ဦးဆောင်သူ တစ်ဦးအနေနဲ့လည်းပဲ တွေ့ရတာ အင်မတန်မှ ဂုဏ်ယူစရာကောင်းတယ်ပေါ့နော်။ ဆိုတော့ ကျွန်မတို့ အခု ဒီတော်လှန်ရေးမှာလည်းပဲ အမျိုးသမီးတွေဟာနေပြီးတော့မှ ရှေ့တန်းကနေ ရော နောက်တန်းအထိ ဒီပုံစံမျိုးစုံနဲ့ တက်တက်ကြွကြွကို ပါဝင်လာကြတာ အားတက်ဖွယ် တွေ့နေရတာဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီလိုအခက်အခဲတွေကြားထဲကနေပဲ အာ စစ်ရေး၊ ဒီ နိုင်ငံရေး စတဲ့ ဒီ အရပ်ဘက်အုပ်ချုပ်ရေးလိုမျိုး ဒီဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီး တွေ ပိုမိုပြီးတော့မှ ပါဝင်လာနိုင်တဲ့အပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုများသုံးသပ်ပါ သလဲ ပေါ့နော်။ ပြီးတော့ ဒီအမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုတွေက တော်လှန်ရေးရဲ့ ရည်မှန်းချက် တွေနဲ့ ဒီ ကျားမအခြေပြု အကြမ်းဖက်မှုကိစ္စလိုမျိုး ဒီဖြေရှင်းရာမှာ ဘယ်လောက်ထိ အပြု သဘောဆောင်တဲ့ အပြောင်းအလဲတွေ ယူဆောင်လာနိုင်တယ်လို့ ဆရာမအနေနဲ့ သုံးသပ်ပါ သလဲရှင်။

 

ဆရာမ မေစပယ်ဖြူ၊ – ဟုတ်ကဲ့၊ ဒီနေ့ ကျွန်မတို့ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးက လူထုလူတန်းစား အားလုံးပါဝင်တဲ့ လူထုဦးဆောင်တဲ့ တော်လှန်ရေးလို့ ပြောလို့ရတယ်ပေါ့နော်။ အဲ့တော့ ပြည်သူလူထုလို့ပြောရင် အမျိုးသမီးတွေက ပြည်သူတွေထဲက ပြည်သူပဲလေနော်။ ပြည်သူတွေထဲက ပြည်သူဖြစ်တဲ့အပြင် ကျွန်မတို့အခုဒီမှာ ဒီတော်လှန်ရေးမှာ အဓိကကျတဲ့ ထောက်တိုင်တစ်ခုဖြစ်တဲ့ပေါ့နော် ဒီ Civil Disobedience Movement လို့ခေါ်တဲ့ CDM လုပ်ကြတဲ့ ပါဝင်ကြတဲ့ လူဦးရေထဲမှာဆိုရင်လည်း အမျိုးသမီးတွေက ၆၅% ရာခိုင်နှုန်း လောက်တောင် ပါဝင်တာဖြစ်တယ်ပေါ့နော်။ ပြည်သူလူထုထဲမှာရှိတဲ့ သာမန်အိမ်ရှင်မတွေ၊ သာမန်မိခင်တွေပဲမဟုတ်ဘူးပေါ့နော်။ အသိပညာ၊ အတတ်ပညာရှင်တွေ၊ Professionals တွေက ဒီတော်လှန်ရေးထဲမှာ ပါဝင်လာတဲ့အခါမှာ အဲ့ဒီအမျိုးသမီးတတ်သိပညာရှင်တွေ ကလည်း ဒီတော်လှန်ရေးအတွက် အများကြီးပဲ အထောက်အကူပြုနိုင်တာဖြစ်တဲ့အတွက် သူတို့တတ်စွမ်းတဲ့နေရာကနေ တော်လှန်ရေးမှာ ထိထိရောက်ရောက်ပေါ့နော်၊ ဟို ဦးဆောင်တဲ့အခန်းကဏ္ဍကနေလည်း ပါဝင်ပြီးတော့ လုပ်ဆောင်ပေးနိုင်တဲ့အခွင့်အရေး တွေပေါ့လေ ပိုရလာတယ်ပေါ့။ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင်လည်း ဒီ NUG တို့၊ NUCC တို့ ပါဝင်ပေါ့လေ၊ ကျွန်မတို့အခု အမျိုးသမီးတွေပါဝင်ရမယ်ဆိုတဲ့ ဥစ္စာ၊ Concept ကလည်း တော်လှန်ရေးမှာပါဝင်နေတဲ့ အင်အားစုတွေတော်တော်များများအတွက် အစိမ်းသက်သက် မဟုတ်တော့ဘူးပေါ့လေနော်။ ဒါပေမယ့်လည်း အဲ့လိုပြောတဲ့အတွက်ကြောင့် အမျိုးသမီး တွေက ကျွန်မတို့အမြဲတောင်းဆိုနေသလိုမျိုး ၃၀ ရာခိုင်နှုန်းပါဝင်ခွင့်ရနေပြီလားလို့မေးရင် တော့ ၃၀ ရာခိုင်နှုန်းတော့ မရှိသေးဘူးပေါ့လေနော်။ ဒါပေမယ့်လည်း အရင်ကထက်စာရင် တော့ အမျိုးသမီးပါဝင်မှုဟာ သိသိသာသာ ထင်ထင်ရှားရှားတော့မြင်လာရတယ်။ ၂၀၊ ၁၈ ရာခိုင်နှုန်းတို့၊ ၂၀ ရာခိုင်နှုန်းတို့လောက်တော့ တိုးတက်လာတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် အရင်တုန်းက ၁ ရာခိုင်နှုန်းတို့လောက်ကနေပြီးတော့ ၁၈ ရာခိုင်နှုန်းတို့၊ ၂၀ ရာခိုင်နှုန်းတို့ ဖြစ်လာတာကလည်း တိုးတက်တယ်လို့ပဲ ကျွန်မတို့က အကောင်းဘက်ကနေပြီးတော့ သုံးသပ်ရမှာပဲပေါ့နော်။ အဲ့တော့ အမျိုးသမီးတွေပါမှ ဒီတော်လှန်ရေးက အောင်မှာလေပေါ့ နော်။ အဲ့ဒါကို ကျွန်မအဓိကပြောချင်တယ်။ နောက်ပြီးတဲ့အခါမှာ ကျွန်မတို့နိုင်ငံလိုပဲပေါ့နော်၊ ပြည်တွင်းစစ်ပဋိပက္ခနဲ့ ဒီလိုမျိုး ပဋိပက္ခအခြေအနေတွေ ကြုံခဲ့ရတဲ့ အခြားနိုင်ငံတွေရဲ့ ဥပမာကိုကြည့်မယ်ဆိုရင် Transitional Justice လို့ခေါ်တဲ့ ဒီအသွင်ကူးပြောင်းရေး ကာလကြရင်ပေါ့နော်၊ ကျွန်မတို့တွေ တရားမျှတမှုကို အမျိုးသမီးတွေကသာ အဓိကတောင်း ဆိုတတ်တာဖြစ်တယ်။ အမျိုးသမီးတွေကပဲ ပဋိပက္ခအခြေအနေအတွင်းမှာ ဖြစ်ခဲ့တဲ့ ကျားမအခြေပြုအကြမ်းဖက်မှုတွေနဲ့ တရားမျှတမှုရရှိဖို့အတွက်ကို အမျိုးသမီးတွေကပဲ ဦးဆောင်တောင်းဆိုတယ်ဆိုတာ အခြားနိုင်ငံတွေရဲ့ ဥပမာကိုကြည့်မယ်ဆိုရင် ကျွန်မတို့ သိနိုင်တယ်ပေါ့နော်။ အခြားနိုင်ငံတွေလို့ပြောတဲ့အခါမှာ ကျွန်မ ကမ္ဘောဒီးယားကို ဆိုလိုတာ ပေါ့နော်။ ဒီကျွန်မတို့ရဲ့ ဒီအာဆီယံနိုင်ငံအတွင်းမှာပဲပေါ့နော်၊ အင်ဒိုနီးရှား၊ ဘန်ဒါအာချေးပေါ့ နော်။ သူတို့အဲ့ဒီမှာဆိုရင် အဲ့ဒီလိုအမျိုးသမီးတွေရဲ့ပါဝင်မှုကို သူတို့က သိပ်ကြီးအလေးမထား မိတဲ့အတွက်ပေါ့နော်၊ အသွင်ကူးပြောင်းတဲ့အချိန်မှာ တရားမျှတမှုကိုရှာတဲ့အခါမှာ ဒါကိုထုတ် ဖော်ပြောတဲ့သူမရှိဘူး။ အဲ့ဒီအတွက် ဆွေးနွေးမှုတွေမရှိဘူးဆိုတာကို တွေ့ရတယ်ပေါ့လေ။ အဲ့တော့ ကျွန်မတို့တွေ ဒီကနေ့ပြောနေတာပေါ့နော်၊ အကြမ်းဖက်စစ်ကောင်စီအပါအဝင်ပေါ့။ ကျားမအခြေပြုအကြမ်းဖက်မှုတွေ ကျူးလွန်တဲ့သူတွေ၊ လူသားမျိုးနွယ်စုတစ်ခုလုံးကို ကျွန်မတို့ အနိုင်ကျင့်ပြီးတော့ ဒီညှင်းပန်းသတ်ဖြတ်နေတဲ့ကိစ္စတွေ၊ တရားမျှတမှုလို့ပြောရင် ကျားမအခြေပြုအကြမ်းဖက်မှုတွေချည်းပဲ သီးသန့်ကို ကျွန်မတို့ဆိုလိုတာမဟုတ်ဘူးပေါ့လေ နော်။ တခြားစစ်မက်ပဋိပက္ခအတွင်းမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တစ်ခု လုံးကို ထိခိုက်အောင် လူမျိုးတုံးသတ်ဖြတ်မှုတွေပေါ့လေ၊ ဒါတွေအတွက် တကယ်ပဲ တရားမျှတမှုရဖို့အတွက်ဆိုရင် အမျိုးသမီးတွေ ရှေ့တန်းက ပါဝင်မှုဟာ အလွန်ကို အရေးကြီးတယ်။ လိုအပ်တယ်ပေါ့နော်။ နောက်ပြီးတော့ အမျိုးသမီးတွေက Culture of Impunity လို့ခေါ်တဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ အလေ့အထကို ပပျောက်အောင်နော်၊ အဲ့လိုပြစ်ဒဏ်ကင်းလွတ်ခွင့်မရအောင်၊ ကျူးလွန်တဲ့သူတွေက ကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်အတိုင်း ပြစ်ဒဏ်ခံရဖို့အတွက်ကိုလည်း ပြောင်းမလဲ ဆက်ပြီးတော့မှ တိုက်တွန်းတောင်းဆိုသွား ကြတာလည်း အမျိုးသမီးတွေပဲဖြစ်တယ်ပေါ့။ အဲ့တော့ ပြောချင်တာက ကျွန်မတို့ ဒီတော်လှန်ရေးမှာ အထူးသဖြင့်ပေါ့နော်၊ အမျိုးသမီးတွေက ပိုပြီးတော့မှ လိုရာပန်းတိုင်ကို ရောက်အောင် မဆုတ်မနစ် ဇွဲလုံ့လဝီရိယလည်းပိုရှိတဲ့သူတွေဖြစ်တယ်ပေါ့နော်။ ပြီးတော့ ဒီငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကို အမျိုးသမီးတွေက ပိုပြီးတော့လိုလားတယ်ဆိုတာ ကျွန်မတို့ သုတေသနတွေ၊ စစ်တမ်းတွေအရလည်း သိရပါတယ်။ အဲ့တော့ တရားမျှတမှုရရှိဖို့အတွက် ပဲဖြစ်ဖြစ်၊ ကျွန်မတို့ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ပြန်ပြီးတော့မှပေါ့နော်၊ ထူထောင်တဲ့အရေးကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြန်လည်ပြီးကျွန်မတို့တွေ ကြိုးစားရတဲ့၊ နိုင်ငံကိုပြန်လည်တည်ဆောက်တဲ့ အရေးကိစ္စတွေမှာ အမျိုးသမီးတွေရှေ့တန်း က ပါမှသာ တကယ်ပဲ အပြုသဘောဆောင်တဲ့ ဒီ လူထုလူတန်းစားအားလုံးအတွက်ပေါ့နော်၊ ထည့်သွင်းစဉ်းစားမှုရှိတဲ့ မူဝါဒတွေ၊ ဥပဒေတွေ၊ ပြီးတဲ့အခါမှာလည်း ဝန်ဆောင်မှုတွေနဲ့ ပြောင်းလဲမှုတွေကို အမျိုးသမီးတွေကပဲ ဦးဆောင်ပြီးတော့ ဆွေးနွေးတာ၊ တင်ပြတာ၊ အဆုံးအဖြတ်ချနိုင်တဲ့နေရာမှာ ပါဝင်နိုင်ရင်တော့ အဲ့လိုပဲ Inclusive ဖြစ်တဲ့ Policy တွေ၊ ဥပဒေတွေ၊ မူဝါဒတွေပေါ့နော်၊ အဲ့ဒါတွေကိုလည်း ကျွန်မတို့ချမှတ်နိုင်မှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အပြောင်းအလဲတွေအများကြီးကို အမျိုးသမီးတွေက ဆောင်ကျဉ်းပေးနိုင်ပါ တယ်လို့။

 

RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒီတော်လှန်ရေးမှာ စစ်ကောင်စီကနေပြီးတော့မှ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကိုပေါ့နော်၊ စစ်လက်နက်တစ်ခုအဖြစ်နဲ့ ဒီ စနစ်တကျကိုအသုံးပြု နေတယ်လို့ နိုင်ငံတကာကရော၊ ပြည်တွင်းကပါထောက်ပြနေကြပါတယ်။ ဆိုတော့ ဒီစနစ် တကျဆိုတဲ့အချက်ကို ဘယ်လိုဖြစ်စဉ်တွေ အထောက်အထားတွေနဲ့ သက်သေပြနိုင်မလဲ ပေါ့နော်။ ပြီးတော့ ဒါဟာကျူးလွန်သူတစ်ဦးချင်းရဲ့ လုပ်ရပ်သက်သက်မဟုတ်ဘဲနဲ့ ဒီအဖွဲ့ အစည်းအလိုက် ကျင့်သုံးနေတဲ့ မူဝါဒတစ်ခုဖြစ်ကြောင်းကို ဘယ်လိုအချက်တွေနဲ့ သက်သေ ထူနိုင်မလဲရှင်။

ဆရာမ မေစပယ်ဖြူ၊ – မြန်မာစစ်တပ်ဟာ ပဋိပက္ခအခြေအနေအတွင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုကို မဟာဗျူဟာကျကျပေါ့နော်၊ ဒါကို စနစ်တကျနဲ့နော်၊ အုပ်စုဖွဲ့ပြီးတော့မှ ရည်ရွယ်ချက် ရှိရှိကျူးလွန်တာဖြစ်တယ်ဆိုတဲ့ ဟာကို ကျွန်မတို့အမျိုးသမီးအဖွဲ့တွေက အထောက်အထား မရှိဘဲနဲ့ ကျွန်မတို့က စွပ်စွဲပြောဆိုနေတာမဟုတ်ဘူးပေါ့နော်။ အဲ တကယ့်ကို ကျွန်မတို့မှာ ခိုင်လုံတဲ့ သက်သေတွေ၊ အထောက်အထားတွေ အများကြီးရှိတဲ့အတွက် အဲ့ဒီအထောက် အထားတွေပေါ့၊ တကယ်ပဲ ကျူးလွန်ခံရတဲ့သူတွေ၊ ကျူးလွန်ခံရပြီးတော့ အသက်ရှင်သန် ကျန်ရစ်တဲ့သူတွေလည်းရှိသလို၊ ကျူးလွန်ခံရပြီးတော့ အသတ်ခံလိုက်ရတဲ့ သူတွေလည်း ရှိတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မတို့က အဲ့ဒီကျူးလွန်ခံရတဲ့ သူတွေရဲ့မိသားစုတွေနဲ့လည်း ကျွန်မတို့ အကြိမ်ကြိမ်ပေါ့နော်၊ ဟိုတွေ့ဆုံပြီးတော့ အင်တာဗျူးထားတာတွေ၊ သူတို့ရဲ့ အချက်အလက်တွေကို ကောက်ယူစုဆောင်းထားတာတွေ အမျိုးသမီးအဖွဲ့တွေမှာ လုံလုံ လောက်လောက်ကိုရှိပါတယ်လို့။ အဲ့ဒီအတွက်ကြောင့်ပေါ့နော်၊ ကျွန်မတို့အနေနဲ့ ဒါက ဟို သက်သေမရှိဘဲ စွပ်စွဲနေတာမဟုတ်ဘူးပေါ့နော်။ ဒါက တကယ့်ကို အဖွဲ့အစည်းအလိုက် ဒီမြန်မာစစ်တပ်က ဒါကို တရားဝင် မူဝါဒတစ်ရပ်အနေနဲ့ ရေးထားတာ မဟုတ်ချင်မှမဟုတ် မယ်။ ဒါပေမယ့်လည်း အဲ့ဒီလို ကျူးလွန်ခွင့်ပြုထားတယ်။ ကျူးလွန်တဲ့သူတွေကိုလည်း သူတို့က အပြစ်ပေးအရေးယူခြင်းမရှိဘဲနဲ့ ကင်းလွတ်ခွင့်ပြုထားတယ်ဆိုတာကတော့ ၂၀၀၀ ခုနှစ်လောက်ကတည်းက တိုင်းရင်းသူအမျိုးသမီးအဖွဲ့တွေက ဒါကို ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေနဲ့ သတင်းအချက်အလက်တွေ ရှိပြီးသားဖြစ်တယ်ပေါ့နော်။

 

RAIN – ဟုတ်ကဲ့ပါ၊ တစ်ဖက်မှာလည်းပဲ ဒီတော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ် နယ်မြေတွေမှာ ခုနလိုမျိုး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိနေတယ်လို့လည်း စိတ်မ ကောင်းစွာ ကြားသိနေရတယ်ပေါ့နော်။ ဆိုတော့ ဒီလိုကိစ္စတွေအပေါ်မှာရော တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယန္တရားတွေက ဘယ်လောက်ထိ ထိရောက်မှုရှိတယ်လို့ ဆရာမအနေနဲ့ သုံးသပ်ပါသလဲပေါ့နော်။ ပြီးတော့မှ ဒီလိုကိစ္စတွေထပ်မဖြစ်ပွားအောင်ရော ဘယ်လိုမျိုးကာကွယ်နိုင်မလဲရှင်။

ဆရာမ မေစပယ်ဖြူ၊ – အခု ကျွန်မတို့တော်လှန်ရေးအင်အားစုတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ လက်နက်ကိုင်ထားတဲ့သူတွေကလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်နေ တာပဲ။ အဲ့တော့ ဒါတွေကို ဘာဖြစ်လို့ ကျွန်မတို့က သေသေချာချာ ထိထိရောက်ရောက် ပေါ့နော် မကာကွယ်နိုင်တာလဲ၊ မဖြေရှင်းနိုင်တာလဲဆိုရင် ရိုးရိုးလေးပဲ။ သူတို့မှာ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိလို့လို့ပဲပြောရမှာပဲပေါ့နော်။ အဲ့တော့ တော်လှန်ရေးသည်သာ ပထမ၊ ကျန်တဲ့အရေးတွေအားလုံးက ဒုတိယဆိုပြီးတော့ အရေးမကြီးဘူးဆိုပြီး သူတို့တွေက ဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ၊ ကျားမ အခြေပြု အကြမ်းဖက်မှုတွေကို သူတို့က သိပ်အရေးမပါတဲ့ကိစ္စတွေအနေနဲ့ သူတို့က လေးဖယ်ထား တယ်ပေါ့နော်။ အဲ့တော့ သူတို့ရဲ့ဒီ Unwillingness ပေါ့နော်၊ တာဝန်ယူလို၊ တာဝန်ခံလိုစိတ် အားနည်းချက်ရှိတာကလည်း ကျွန်မတို့အတွက် အဟန့်အတားဖြစ်တယ်ပေါ့နော်။ အဲ့တော့ အမျိုးသမီးအဖွဲ့တွေအနေနဲ့ကတော့ ဘယ်သူကပဲ ကျားမအခြေပြုအကြမ်းဖက်မှုကို ကျူးလွန် ကျူးလွန်၊ ကျွန်မတို့ကတော့ Zero Tolerance Policy ပေါ့နော်။ လုံးဝလက်သင့်မခံတဲ့ မူဝါဒနဲ့ပဲ ကျွန်မတို့က ရပ်တည်ပါတယ်။ တော်လှန်ရေးအင်အားစုထဲက ဘယ်ခေါင်းဆောင်က ကျူးလွန်လို့၊ ဘယ်သူကကျူးလွန်လို့ဆိုပြီး ကျွန်မတို့က GBV ပေါ့နော်၊ Gender-based Violence, ကျားမအခြေပြုအကြမ်းဖက်မှုမှန်သမျှကို ကျွန်မတို့က လက်သင့်ခံမှာမဟုတ်ဘူး။ ဒါကိုကျွန်မတို့က ကျော်သွားမှာ၊ လျှော့သွားမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း တစ်ခုပြော စရာရှိတာက မြန်မာစစ်တပ်ကလည်းအကြမ်းဖက်တယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပွားတဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေလည်း ရှိတယ်ဆိုပေမယ့်ပေါ့နော်၊ မြန်မာစစ်တပ်ဘက်ကနေ အကြမ်း ဖက်မှုကျူးလွန်တဲ့ ရာခိုင်နှုန်းနဲ့ အရေအတွက်က အများကြီးသာလွန်တယ်ပေါ့နော်။ ပြောချင် တာကတော့ မြန်မာစစ်တပ်က ကျူးလွန်တဲ့ Case ၁၀၀ ရှိတယ်ဆိုရင် ဒီဘက်က တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ဖြစ်ပွားတဲ့ ဒီအကြမ်းဖက်မှုတွေကတော့ ရာခိုင်နှုန်းအားဖြင့်၊ အရေအတွက် အားဖြင့်ပေါ့နော်၊ နှိုင်းယှဉ်လို့မရဘူးပေါ့လေ။ တစ်ဖက်ကတော့ နည်းတယ်လို့တော့ ပြောလို့ရတယ်ပေါ့လေ။ ဒါပေမယ့်လည်း one case ပင်ဖြစ်သော်ငြားလည်း ဒါဟာ အကြမ်းဖက်မှုပဲပေါ့နော်။ ဒါဟာပြစ်မှုပဲ။ အဲ့ဒီအတွက်ကြောင့် ကျွန်မတို့က ဟို case နည်းတာများတာကို ကျွန်မတို့ကနှိုင်းယှဉ်ဖို့အတွက်မဟုတ်ဘူးပေါ့နော်။ ဒီလိုမျိုး ကျားမ အခြေပြုအကြမ်းဖက်မှုတွေ လုံးဝပပျောက်အောင် ကင်းစင်အောင်သာ ကျွန်မတို့ တာဝန်ရှိတဲ့ သူတွေပေါ့နော်။ ဟို ဒါ သူတို့တွေက တာဝန်ယူရမှာ တာဝန်ခံရမှာဖြစ်တယ်။ အော် ငါတို့ ဆီမှာနည်းနည်းလေးပဲဖြစ်ပါတယ်၊ ဟိုဒါက အချင်းချင်းဖြစ်ကြတာပဲပေါ့နော်၊ ပြီးတဲ့အခါမှာ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် ဒါကိုမပြောကြသေးနဲ့စို့နော်၊ အဲ့လိုပြောရင် တော်လှန်ရေးကိုထိခိုက်မယ်၊ အဲ့တော့ ဟိုတစ်ဖက်အုပ်စုကနေပြီးတော့ အားရစရာဖြစ်မယ်၊ အစရှိသဖြင့်ပေါ့နော် အမျိုးသမီးအဖွဲ့တွေကို အဲ့လိုမျိုး ပျားရည်နဲ့ဝမ်းချနေရမှာ မဟုတ်ဘူးလို့ ပြောချင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူကပဲကျူးလွန်ကျူးလွန်၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်ပေါ့နော်၊ ဘယ်သူပဲ ဖြစ်ဖြစ် သူတို့က နစ်နာဆုံးရှုံးမှုရှိတာ၊ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်ဆုံးရှုံး ရတာက အတူတူပဲပေါ့နော်။ ဟိုစစ်တပ်ကကျူးလွန်မှ ဟိုပိုပြီးတော့သူတို့ကနစ်နာ ဆုံးရှုံးသွား တာလို့မဟုတ်ဘူး။ ဘယ်သူကပဲကျူးလွန်ကျူးလွန်၊ ကျားမအခြေပြုအကြမ်းဖက်မှု ကျူးလွန်ခံရတဲ့သူတိုင်း ခံစားရတဲ့ trauma မှာပေါ့နော်၊ ဒီစိတ်ဒဏ်ရာနဲ့ ဒီရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက အတူတူပဲဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မတို့က ဒါကို ရာဇဝတ်မှု တစ်ခုအနေနဲ့ပဲ သတ်မှတ်ပြီးတော့ ဘယ်သူပဲကျူးလွန်ကျူးလွန်၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတဲ့ အတိုင်းပဲပေါ့လေ၊ ဒါကို ကျောသားရင်သားမခွဲခြားဘဲနဲ့ ကျွန်မတို့က တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်။ နော်၊ ဒါပေမယ့် လက်ရှိမှာတော့ အဲ့ဒီလို ကိုင်တွယ်ဖြေရှင်းနေတဲ့ အခြေအနေပေါ့နော်၊ မရှိနေဘူးလို့ပြောလို့ရတယ်။ အဲ့လိုပြောတဲ့ အတွက်ကြောင့်မို့လည်း အဲ ကျွန်မတို့အမျိုးသမီးအဖွဲ့တွေကို စိတ်ဆိုးကောင်း စိတ်ဆိုး နိုင်တယ်ပေါ့နော်။ ဒါပေမယ့်လည်း ဒါဟာအမှန်တရားပဲ။ အဲ့ဒီအတွက်ကြောင့် ကျွန်မတို့ဒါကို ပြောကိုပြောရမယ်ပေါ့နော်။ ကျူးလွန်ခံရတဲ့သူက ဟိုဒီလိုအကြမ်းဖက်မှုတွေရှိပါတယ် ဆိုတာ ကို ကျူးလွန်ခံရတဲ့သူနဲ့ အမျိုးသမီးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုလို့ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာထိခိုက်တာမဟုတ်ဘူး။ နော်၊ ကျွန်မအဲ့လို ဒဲ့ပြောချင်တယ်။ တော်လှန်ရေး ရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်တဲ့သူက ကျူးလွန်သူသာဖြစ်တယ်။ ကျူးလွန်သူက အထူးသဖြင့် တော်လှန်ရေးမှာ လက်နက်ကိုင်ထားတဲ့သူပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း အရေးပါတဲ့ရာထူးတစ်ခုခုကို ယူထားတဲ့ အာဏာရှိတဲ့သူပဲဖြစ်ဖြစ်ဆိုရင် ပိုလို့တောင်သတိ ထားရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အဲ့ဒီအပြုအမူကသာလျှင် တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို တကယ်ထိခိုက်စေတာဖြစ်တယ်ပေါ့နော်။ အဲ့တော့ သူတို့က ပြောင်းပြန်ဖြစ်နေ တယ်။ အဲ့ဒီလိုမျိုး စွပ်စွဲခြင်းအားဖြင့် အဲ့လိုမျိုး တော်လှန်ရေးကိုထိခိုက်မယ်ဆိုတဲ့ စကားရပ် တွေနဲ့ ကျွန်မတို့က ဘေးဖယ်ထားလိုက်ခြင်းအားဖြင့်ပေါ့နော်၊ ကျူးလွန်ခံရတဲ့သူတွေကို ဟိုမထုတ်ဖော်မပြောဆိုရဲအောင် ဟန့်တားလိုက်တာနဲ့တူတယ်။ တကယ်တမ်းမှာ ကျွန်မတို့ တွေက အာဏာရှင်စနစ်မှန်သမျှ တော်လှန်နေတာဖြစ်တယ်ပေါ့နော်။ အဲ့ဒီအာဏာရှင်လို့ ပြောတဲ့ထဲမှာ အမျိုးသားတွေကြီးစိုးသော ဖိုဝါဒလည်းပါတယ်ပေါ့နော်။ အဲ့တော့ ဒီလိုမျိုး တော်လှန်ရေးလုပ်နေတဲ့အချိန်မှာ ဒီကိစ္စတွေက အရေးမကြီးပါဘူးလို့ အထူးသဖြင့်မြင်တဲ့ သူတွေကလည်း အမျိုးသားတွေအများစုဖြစ်တယ်လို့ ဝမ်းနည်းစွာနဲ့ပဲပြောရမှာပဲပေါ့နော်။ အဲ့တော့ ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ ကာကွယ်ဖို့အတွက်ဆိုရင် ကျွန်မတို့က တစ်အချက် ကတော့ ဟိုလူထုမှာလည်း အသိပညာရှိဖို့လိုတယ်ပေါ့နော်။ ဒီလိုကိစ္စတွေဖြစ်လာရင် သတ္တိရှိရှိနဲ့ ဒါကို ထုတ်ဖော်ပြောဆိုရဲတဲ့ အသိပညာရှိဖို့လိုတယ်ပေါ့နော်။ အဲ့တော့ ကျွန်မတို့ ကျူးလွန်ခံရတဲ့သူနဲ့ ကျူးလွန်ခံရသူရဲ့ မိသားစုတွေပေါ့နော်၊ သူတို့ကို ဂုဏ်သိက္ခာ မထိခိုက် အောင် ကျွန်မတို့တွေက လျှို့ဝှက်ထိန်းသိမ်းပြီးတော့ ကျူးလွန်သူ ထိရောက်တဲ့ပြစ်ဒဏ်ခံရ ဖို့အတွက်ကိုပဲ ကျွန်မတို့က အာရုံစိုက်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ လုပ်ရမှာဖြစ် တယ်။ အဲ့တော့ ကျူးလွန်ခံရတဲ့သူတွေက ဘာကြောင့်ထုတ်ဖော်မပြောရဲတာလဲလို့ပြောမယ် ဆိုရင်တော့ တစ်ဖက်မှာ victim-blaming လို့ခေါ်တဲ့ ကျူးလွန်ခံရတဲ့သူကိုပဲ အပြစ်တင် တတ်တဲ့ အလေ့အထက ကျွန်မတို့ရဲ့လူ့အဖွဲ့အစည်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတုန်းပဲ ဖြစ်တယ်။ နောက်တစ်ခုကတော့ သူတို့ရဲ့လုံခြုံရေးကို အာမခံချက်မရှိဘူးပေါ့နော်။ မြန်မာစစ် တပ်ကပဲကျူးလွန်ကျူးလွန်၊ ဒီတိုင်းရင်းသားအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့နေရာမှာပဲ ကျူးလွန်ခံရ ကျူးလွန်ခံရတာပဲဖြစ်ဖြစ်ပေါ့လေ၊ ဒါကိုထုတ်ဖော် ပြောဆိုလိုက်ရင် သူတို့အတွက်အန္တရာယ်ရှိတယ်။ အဲ့ဒီအတွက်ကြောင့်လည်း သူတို့က ထုတ်ဖော်ပြောဆိုဖို့အတွက်မဝံ့မရဲဖြစ်တယ်။ နောက်တစ်ခုကတော့ ထုတ်ဖော်ပြော ဆိုလိုက်တော့ရော ဘာရလဲ။ တရားမျှတမှုလည်းမရဘူး၊ နော်။ ဝန်ဆောင်မှုတွေလည်း တကယ်တော့ ထိထိရောက်ရောက်မပေးနိုင်ဘူးပေါ့နော်။ ဆိုတဲ့အခါကျတော့ ကျူးလွန်ခံ ရတဲ့သူတွေကလည်း ဒါကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲရှိပါစေတော့ပေါ့နော်။ ကျွန်မတို့ဘယ်ဘာသာ တရားမှာပဲဖြစ်ဖြစ် တော်တော်လေးကို ဆိုးဝါးတဲ့ကိစ္စက ဘာလဲဆိုတော့ အော်ဒါအရှေးဘဝ၊ အတိတ်ဘဝက ကုသိုလ်ကံမကောင်းခဲ့လို့ပေါ့နော်၊ ဒီဘဝ ဒီမျှနဲ့ပဲ ကျေပါစေတော့ဆိုပြီးတော့ နှစ်သိမ့်တာတွေနော်၊ အာ ဒါ ဘုရားအလိုတော်ပဲ၊ နော် အလိုတော်ကိုဝန်ခံကြရအောင် ဆိုပြီးတော့ ကျွန်မတို့တွေက တရားမျှတမှုကို ရှာဖို့ထက်၊ ကျူးလွန်သူတွေ အားရအောင်၊ ကျူးလွန်သူတွေ ထပ်ထပ်ပြီးတော့ ကျူးလွန်ခွင့်လိုင်စင်ရအောင် ကျွန်မတို့လူ့အဖွဲ့အစည်း ကိုယ်က ကိုယ်က ခွင့်ပြုထားတာဖြစ်တယ်။ ဆိုတော့ အဲ့ဒီခွင့်ပြုထားတဲ့ဥစ္စာကို ကျွန်မတို့ ပြောင်းလဲနိုင်ဖို့အတွက်လိုအပ်တယ်။ အဲ့လိုပြောင်းလဲနိုင်ဖို့အတွက်ဆိုတာလည်း ကျွန်မတို့က လူထုအသိပညာပေးမှုပေါ့နော်။ ဒါတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမှာဖြစ်တယ်။ ကျူးလွန် ခံရတဲ့သူတွေကို အပြစ်မတင်ဖို့နဲ့ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ပေါ့နော်။ သူတို့ရဲ့လုံ ခြုံရေး၊ သူတို့လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် ဒီတာဝန်ရှိတဲ့သူတွေ၊ တော်လှန်ရေးအင်အားစုတွေအပါအဝင်ပေါ့လေ၊ တာဝန်ရှိတဲ့သူတွေက ဒါကိုတာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ confidentiality ပါ။ ကျွန်မတို့မှာအခုက Social media ခေတ်ဆိုတော့ပေါ့နော်၊ ဘာလေးပဲဖြစ်လိုက် ဖြစ်လိုက်နော်၊ ဟိုတစ်ခုခုဆိုရင် ဟို Facebook မှာ ပွဲဖြစ်တော့တာပဲပေါ့နော်။ အဲ့ဒီတော့ ကျွန်မတို့က ကျူးလွန်ခံရသူရဲ့နေရာကနေ နေကြည့်ပါပေါ့နော်။ အဲ့တော့ သူက သူ့ဘဝတစ်လျှောက်လုံးမှာ ဒီအမည်းစက်ကြီးနဲ့ပေါ့နော်၊ ဒီအတိတ်ဆိုးကြီးက သူ့ရဲ့ဘဝတစ်လျှောက်လုံးလိုက်နေမှာ ထိခိုက်မှာကို ဘယ်သူမဆို စိုးရိမ်မှာပဲပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ကျွန်မတို့က confidential မရှိဘူးဆိုရင် ကျူးလွန်ခံရတဲ့သူရဲ့ သတင်းအချက်အလက်တွေကို ကျွန်မတို့က လုံလုံခြုံခြုံထိန်းသိမ်းတာမရှိဘူးဆိုရင်ပေါ့နော်၊ ကျူးလွန်ခံရတဲ့သူတွေက ဒါကိုထုတ်ဖော်ပြောဆိုဖို့အတွက်လည်း သူတို့အနေနဲ့ ဆန္ဒရှိမှာမဟုတ်ဘူးပေါ့နော်။ အဲ့တော့ ဟို ကျူးလွန်ခံရတဲ့သူကို ကျွန်မတို့က highlight လုပ်ရမှာမဟုတ်ဘူးနော်။ အဲ ဒီကျားမအခြေပြုအကြမ်းဖက်မှုတစ်ခုဖြစ်လာတဲ့အခါတိုင်းမှာ ကျူးလွန်ခံရတဲ့သူတွေက highlight လုပ်ခံရမယ့်သူတွေမဖြစ်သင့်ဘူး။ ကျူးလွန်တဲ့သူတွေ ကိုသာ ကျွန်မတို့က highlight လုပ်ရမှာဖြစ်တယ်နော်။ သူတို့က အဓိကဇာတ်ကောင်ပဲ။ သူတို့ကျူးလွန်တဲ့အတွက်ကြောင့် ဒီပြစ်မှုဖြစ်ပွားလာတာဖြစ်တဲ့အတွက် ဒီသူတို့ကျူးလွန် လိုက်တဲ့ ပြစ်မှုရဲ့အရာရာပေါ့နော်၊ အဲ့ဒါကို သူတို့ကသာလျှင် တာဝန်ခံရမှာ၊ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီဟာလေးကို ကျွန်မတို့ တော်လှန်ရေးအင်အားစုတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း တကယ့်ကိုပေါ့နော်၊ political will နဲ့ပေါ့လေ၊ ဒါကို သေသေချာချာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းပေးမှသာ ဒီလိုဖြစ်ရပ်တွေကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ ကျွန်မဖြေကြားချင်ပါတယ်။

 

RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ နောက်တစ်ခုက ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ ဒီရိုက်ခတ်မှုကပေါ့နော်၊ တစ်ဦးချင်းရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်တွေအပြင် ဒီ ရပ်ရွာလူထုရဲ့ စည်းလုံးညီညွတ်မှုနဲ့ တော်လှန်ရေးအပေါ်မှာ ယုံကြည်မှုကိုပါ ဘယ်လိုမျိုး တိုက်စားသွားတယ်လို့ ဆရာမအနေနဲ့ မြင်မိလဲပေါ့နော်။ ဒီမမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲကို ကျူးလွန်ခံရတဲ့သူတွေရော၊ ဒီတော်လှန်ရေးအင်အားစုတွေကပါ ဘယ်လိုမျိုး ကျော်လွှားနိုင်မလဲရှင်။

ဆရာမ မေစပယ်ဖြူ၊ – အရင်တုန်းကတော့ ဒီမြန်မာစစ်တပ်က ကျူးလွန်တယ်ဆိုရင် နော်၊ ကျူးလွန် ခံရတဲ့သူနဲ့မိသားစုကို ရွာကနေနှင်ထုတ်တယ်။ ဒါမှမဟုတ်ရင်လည်း ဟိုမပြောနဲ့ဆိုပြီးတော့ တစ်ရွာလုံးက ဝိုင်းပြီးတော့ ဖိအားပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးသတင်းပေါ့နော်၊ ပေါက်ကြားသွားရင် တစ်ရွာလုံးကို မီးရှို့တာတို့၊ နော် လာပြီးတော့ ဗုံးကြဲတာတို့၊ နော် ရွာသူရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတို့၊ အဲ့ဒါမျိုးတွေ လုပ်လေ့ရှိတဲ့ အတွက် အရင်တုန်း ကဆိုရင် ဒီလိုမျိုးကျူးလွန်ခံရတဲ့သူတွေက ရွာကနေနှင်ထုတ်ခံရ သော်လည်းကောင်း၊ ဒါမှမဟုတ်ရင်လည်း ဒါကိုထုတ်ဖော်မပြောဖို့အတွက် တိတ်တိတ်ကလေး ပဲနေဖို့အတွက် ဖိအားပေးခြင်းကိုခံရတယ်ပေါ့နော်။ အခုလည်း တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်တဲ့ နယ်မြေတွေမှာလည်း အလားသဏ္ဍန်တူတူပဲ တွေ့နေရသလိုပဲပေါ့နော်။ ကျူးလွန်ခံရသူ တစ်ရွာလုံးကိုမီးရှို့တာတော့ မဟုတ်ပေမယ့် လည်းပေါ့လေ၊ ဒီကျူးလွန်ခံရသူကို ထုတ်ဖော် ပြောဆိုနိုင်ဖို့ အခွင့်အရေးမရှိအောင် အမျိုးမျိုးပေါ့နော်၊ ဟိုဖိအားပေးတာတွေ၊ အဲ့ဒါတွေ ရှိတယ်။ နော်။ အဲ့အခါကျတော့ အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာမှာ နေရတာ မလုံခြုံတဲ့အတွက် တော်လှန်ရေးကိုလည်း ယုံကြည်သက်ဝင်တဲ့အတွက် ဒီဘက် ထိန်းချုပ် နယ်မြေကို ရောက်လာတော့မှပဲ တော်လှန်ရေးအင်အားစုတွေကလည်း ဒီအကြမ်းဖက်စစ်တပ် ကဲ့သို့ပဲ ပြုကျင့်နေတယ်၊ ဒီအာဏာကိုအလွဲသုံးစားပြုလုပ်နေတယ်၊ လက်နက်ကိုင်ထားပြီး တော့မှ ဒီလိုအကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်ဆိုရင် ပြည်သူတွေအတွက် လုံခြုံတဲ့ နေရာ၊ အကွယ်အကာဆိုတာ မရှိတော့ဘူးလေ။ အဲ့တော့ ဒီတော်လှန်ရေးအပေါ်မှာရော ဘယ်လိုလို့ယုံကြည်မှုရှိနိုင်မှာလဲပေါ့နော်။ အဲ့တော့ တော်လှန်ရေးလို့ပြောတဲ့အခါမှာ ကျွန်မတို့ က တပ်ရင်းတစ်ရင်းမှာ လူတစ်ယောက်က ကျူးလွန်လိုက်တယ်ဆိုရင် ဒီတပ်ရင်းတစ်ရင်းကို ကျွန်မတို့က ဖုံးဖိကူတာပေါ့နော်၊ ဒါမှမဟုတ်ရင် အပြစ်ပေးအရေးမယူတာပေါ့နော်။ အဲ့ဒါမျိုး ပြုလုပ်လိုက်တာနဲ့ကို ပြည်သူတွေရဲ့စိတ်ထဲမှာ ကျူးလွန်ခံရတဲ့သူတွေရဲ့အမြင်မှာ ဒါက သူတို့အချင်းချင်းပဲဆိုပြီး သူတို့က ဖုံးကူဖိကူတယ်နော်၊ သူတို့ ငါတို့သွားတိုင်လည်းသူတို့က ဘာမှအရေးတယူမလုပ်ဘူးဆိုတဲ့ အသိဝင်သွားတာနဲ့ကို တော်လှန်ရေးအပေါ်မှာ ယုံကြည်မှု က မရှိတော့ဘူးလို့ပြောလို့ရတယ်။ အဲ့တော့ ဒီလိုကိစ္စတွေကို ကျွန်မတို့အမျိုးသမီး အဖွဲ့တွေ ကလည်း စောင့်ကြည့်နေတယ်ပေါ့နော်။ အဲ့တော့ အဲ့လိုပဲအခြားသော အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကလည်း ဒါတွေကို စောင့်ကြည့်နေတဲ့ သပိတ်အဖွဲ့တွေရောပေါ့နော်။ သာမန်ပြည်သူတွေရော။ ဒီထိန်းချုပ်နယ်မြေမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ၊ အာဏာရှိ တဲ့သူတွေ၊ NUG အပါအဝင်ပေါ့နော်။ ဒီတာဝန်ရှိတဲ့သူတွေက ဒီလိုကိစ္စတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုတာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဒါကို စုံစမ်းစစ်ဆေးသလဲ၊ ဖော်ထုတ်အရေးယူသလဲ ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ လူထုရဲ့ တော်လှန်ရေးအစိုးရအပေါ်မှာသော်လည်းကောင်း၊ တော်လှန်ရေးအပေါ်မှာသော်လည်းကောင်း ယုံကြည်သက်ဝင်မှုနဲ့ အားကိုးမှုက အချိုးကျ မှာဖြစ်တယ်ပေါ့နော်။ အဲ့တော့ ဟိုသူတို့က ဒီလိုမျိုးပြစ်မှုကျူးလွန်တာတွေကို လျစ်လျူရှု ထားမယ်၊ ဒါမှမဟုတ်ရင်လည်း ဖုံးဖိကူမယ်၊ ဒါမှမဟုတ်ရင်လည်း ကျွန်မတို့က ထိရောက်တဲ့ အရေးယူမှုတွေကို မလုပ်ပေးဘူး၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူးဆိုရင်တော့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ အော်သူတို့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့ ဘာမှမကွာဘူးပဲလို့ပဲ မြင်သွားမှာ ဖြစ်တယ်ပေါ့နော်။ အဲ့တော့ အဲ့ဒါကို ကျွန်မတို့ တော်လှန်ရေးအင်အားစုတွေမှန်သမျှပေါ့လေ၊ လက်နက်ကိုင်ထားတဲ့သူမှန်သမျှပေါ့။ ဒါကို သတိပြုသင့်တယ်လို့ ကျွန်မထင်တယ်ပေါ့နော်။ အဲ့ဒီလိုလူတွေဦးဆောင်တဲ့တော်လှန်ရေးမျိုးနဲ့ ကျွန်မတို့က နိုင်ငံကိုအပြောင်းအလဲတွေဖြစ် အောင်၊ Federal Democracy ဖြစ်အောင် မတည်ဆောက်နိုင်ဘူးလို့ ကျွန်မတို့ယူဆတယ်။ ဒါကြောင့်အဲ့ဒီလိုမျိုး ခြေမကောင်းခြေမ၊ လက်မကောင်းလက်မပေါ့နော်၊ ကျွန်မတို့ ဖယ်ရှားရမယ်။ အဲ့ဒါမှသာလျှင် ကျွန်မတို့ ပြည်သူတစ်ရပ်လုံးက ပါဝင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးက အောင်မြင်မှုရှိမယ်လို့ ကျွန်မတို့ အပြည့်အဝယုံကြည်တယ်ပေါ့နော်။ တော်လှန်ရေးအင်အားစုတွေ ဘယ်လိုကျော်လွှားရမလဲဆိုရင် အရှိကိုအရှိအတိုင်းလက်ခံ ပါလေနော်။ နောက်တစ်ခုကတော့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူကို ရန်သူလို့သဘော ထားတယ်။ တော်လှန်ရေးအင်အားစုတွေအတွက်က ပြည်သူဟာ သူတို့ရဲ့မဟာမိတ်ဖြစ်တယ်။ ပြည်သူတွေရဲ့ပါဝင်မှုမရှိဘဲနဲ့ ဘယ်လိုတော်လှန်ရေးမျိုးမှအောင်မြင်မှာမဟုတ်ဘူး။ အဲ့တော့ ပြည်သူကို ရှေးရှုတဲ့တော်လှန်ရေးဖြစ်မယ်ဆိုရင် ပြည်သူတွေမှာကြုံတွေ့ရတဲ့ ဒီပြဿနာကြီးငယ်မှန်သမျှဟာ တော်လှန်ရေးအင်အားစုတွေမှာ တာဝန်ရှိတယ်လို့ ကျွန်မက ပြောချင်တယ်ပေါ့နော်။ အဲ့တော့ ဒါကိုတာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိနဲ့ လုပ်ကိုလုပ်ဆောင်ရ မှာဖြစ်တယ်။ အဲ့တော့ ကျူးလွန်ခံရတဲ့သူတွေ ထုတ်ဖော်ပြောဆိုရဲအောင်၊ ပြီးတဲ့အခါမှာ ကျူးလွန်သူတွေကိုလည်း စစ်ဆေးဖော်ထုတ်ပြီးတော့ ထိရောက်တဲ့အရေးယူမှုတွေ အများ ပြည်သူသိအောင် ဆောင်ရွက်ပြတော့မှသာ အများပြည်သူရဲ့ တော်လှန်ရေးအပေါ်မှာရော၊ ဒီတော်လှန်ရေးကိုဦးဆောင်နေတဲ့သူတွေအပေါ်မှာရော၊ တော်လှန်ရေးအင်အားစုတွေ၊ လက်နက်ကိုင်တွေအပေါ်မှာရော ပိုပြီးတော့မှ အားကိုးယုံကြည်မှုက ရှိလာမှာဖြစ်တယ် ပေါ့နော်။ အဲ့ဒါမှသာလျှင် ကျွန်မတို့က တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာဖြစ်နေတဲ့ ကျားမအခြေပြုအကြမ်းဖက်မှုတွေကို ကျွန်မတို့က ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်လို့။ ဒါကိုပြဿနာတစ်ရပ်အနေနဲ့ ကျွန်မတို့က မမြင်နေဘူး၊ မဖြေရှင်းဘူး၊ ဒါမှမဟုတ်ရင်လည်း ကျွန်မတို့က တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူးဆိုရင် ဘယ်လိုမှ အချိန်ကြာလေလေပေါ့နော်၊ တော်လှန်ရေးအပေါ်မှာ ယုံကြည်မှုက ပိုဆိုးဝါးထိခိုက်လာပြီးတော့ ပြည်သူတွေရဲ့အားပေး ထောက်ခံမှုကလည်း တဖြည်းဖြည်းကျဆင်းလာမှာဖြစ်တယ်ပေါ့နော်။ အဲ့တော့ ပြည်သူတွေ မပါဝင်တော့ရင် ကျွန်မတို့အခုဆင်နွှဲနေတဲ့တော်လှန်ရေး အောင်မြင်ဖို့ဆိုတာလည်း ဘယ်လိုလို့ဖြစ်နိုင်မှာလဲပေါ့နော်။ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲကတော့ အခုအချိန်မှာ ကျူးလွန် ခံရတဲ့သူတွေက ပိုပြီးဆိုးဆိုးဝါးဝါးခံစားရတာပေါ့နော်။ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကတည်းက ဓမ္မဘက်တော်သားတွေအားလုံးက ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ၊ ကိုယ့်ရဲ့အနာဂတ်တွေ၊ ကိုယ့်ရဲ့ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းမှုတွေ အများကြီးပဲ လက်လွတ်ဆုံးရှုံးထားရတာဖြစ် တယ်။ အဲ့ဒီအတွက်ကြောင့် နဂိုကတည်းက ပြည်သူလူထုမှာ စိတ်ဒဏ်ရာကြီးကြီးမားမားက ပြည်သူတွေကိုယ်စီမှာ ရှိနေပြီးသားဖြစ်တယ်ပေါ့နော်။ ကျွန်မတို့တွေ နေ့စဉ်နေ့စဉ်ဆိုသလို ရွာတွေမီးရှို့ခံရတာ၊ လေယာဉ်နဲ့ဗုံးကြဲခံရတာ၊ စာသင်ကျောင်းမှာ ကလေးတွေသေဆုံး တာနော်၊ ပြီးတော့ ကျွန်မတို့ချစ်ခင်တဲ့၊ ကျွန်မတို့ရင်းနှီးတဲ့သူတွေကပဲ နော် ဒီလက်နက်ကိုင် တော်လှန်ရေးမှာ မဖြစ်မနေပါဝင်လာရပြီးတော့မှ တိုက်ပွဲမှာကျဆုံးတာ၊ အစရှိသဖြင့် ပြည်သူတွေမှာ လက်လွတ်ဆုံးရှုံးမှုတွေနဲ့ စိတ်ဒဏ်ရာတွေက အရမ်းကိုများနေပြီပေါ့နော်။ အဲ့တော့ အဲ့ဒီမှာမှ ကျွန်မတို့က ကျားမအခြေပြုအကြမ်းဖက်မှုတွေကို ကျူးလွန်ခံရတဲ့ သူတွေက အဲ့ဒါထက်ပိုပြီးဆိုးဝါးတဲ့ နက်ရှိုင်းတဲ့စိတ်ဒဏ်ရာကို ခံစားကြရတယ်ပေါ့နော်။ အဲ့တော့ ကျွန်မတို့တွေက အခုဒီတော်လှန်ရေးကာလမှာ ကျားမအခြေပြုအကြမ်းဖက် ခံရတဲ့သူတွေရဲ့ ဒီစိတ်ပိုင်းဆိုင်ရာမမြင်ရတဲ့တိုက်ပွဲ၊ သူတို့ရဲ့ဒဏ်ရာကို ကုစားပေးဖို့အတွက် ဆိုတာ တော်တော်လေးကိုခက်ခဲပါတယ်ပေါ့နော်။ အဲ့တော့ အဲ့ဒီလိုဒဏ်ရာတွေကို ထပ်ထပ်ပြီးမပေးဖို့သာ လူ့အဖွဲ့အစည်းကရော၊ တော်လှန်ရေးအင်အားစုတွေကရော ကြိုးစား သင့်တယ်၊ ကြိုးစားရမှာဖြစ်တယ်လို့ ကျွန်မမြင်တယ်ပေါ့နော်။ အဲ့တော့ ကျူးလွန်ခံရတဲ့ သူတွေက ဒီလူ့အဖွဲ့အစည်းထဲမှာ ပြန်ပြီးတော့ပေါ့နော်၊ ဝင်ဆန့်နိုင်အောင် နွေးနွေးထွေးထွေး နဲ့ ကျွန်မတို့က အားပေး၊ ဖေးမကူညီမှုတွေ၊ သူ့ဘက်ကနေပေါ့နော်၊ ရပ်တည်ပြီးတော့ ကျွန်မတို့ ပြောဆိုမှုတွေရှိမှသာပေါ့နော်၊ သူတို့ခံစားရတဲ့ ဒီစိတ်ဒဏ်ရာတွေဟာ အထိုက် အလျောက်ပေါ့လေ၊ အကုန်သက်သာသွားမယ်လို့ ကျွန်မမဆိုလိုဘူးပေါ့နော်၊ အထိုက် အလျောက်တော့ သက်သာမှုရှိမှာဖြစ်တယ်ပေါ့နော်။ အဲ့တော့ ဒီကာလမှာ ကြုံရတဲ့စိတ်ဒဏ် ရာတွေကို ကိုယ့်ဘာသာကိုယ်ပေါ့နော်၊ ဘယ်လိုမှကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတော့တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေ၊ အဆုံးစီရင်တာတွေပေါ့နော်၊ အများကြီး ပဲတိုးလာတယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်ပေါ့နော်။ ဒီကျားမအခြေပြုအကြမ်းဖက်မှု ကျူးလွန်ခံရတဲ့သူတွေအပေါ်မှာ ကျွန်မတို့က အတတ်နိုင်ဆုံးပေါ့နော်၊ ဖေးမပြီးတော့ သူတို့ဒီလူ့အဖွဲ့အစည်း၊ သူတို့ရဲ့အသိုင်းအဝိုင်းထဲကနေ အပြင်ပကိုထွက်မသွားအောင် ဒီထဲမှာသူတို့က ပုံမှန်အတိုင်းပြန်ပြီးတော့ ဆက်လက်ရှင်သန်နိုင်အောင်ပေါ့နော်၊ ကျွန်မတို့ အားလုံးက ဝိုင်းဝန်းပြီးတော့ ကြိုးစားသင့်တယ်လို့ ကျွန်မအဲ့လိုဆွေးနွေးချင်ပါတယ်။

 

RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒီနေ့အခုလိုမျိုး ကျွန်မတို့ရဲ့ The Kaladan Post မှာ အချိန်ပေးပြီးတော့မှ Interview ဖြေပေးတဲ့အတွက် ဆရာမကို အများကြီးကျေးဇူးတင်ပါ တယ်ရှင်။

 

ဆရာမ မေစပယ်ဖြူ၊ – ကျွန်မကလည်းကျေးဇူးတင်ပါတယ်။