၂၀၂၅ ခုနှစ်၊ မေလ (၂၄) ခုနှစ်
The Kaladan Post
၂၀၂၁ ခုနှစ်၊ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် လက်နက်အားဖြင့် မတရားအာဏာသိမ်းလိုက်မှုအား ဦးဆောင်ဆန့်ကျင်မည့် အစိုးရတစ်ရပ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပေါ်ပေါက်လာခဲ့ပါသည်။ ထို့သို့ တော်လှန်ရေးဦးဆောင်အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းမှုသည် မြန်မာ့သမိုင်းတွင်ရှိခဲ့သမျှ ယှဉ်ပြိုင်အစိုးရတွင် ပြည်သူထောက်ခံမှုအများဆုံးနှင့် အောင်မြင်မှုအရဆုံး အစိုးရအဖြစ် တင်စားမှုများရှိသလို၊ ပြည်သူထောက်ခံမှုများစွာထိုက်တန်သော နိုင်ငံရေး၊ စစ်ရေးအောင်မြင်အောင် မစွမ်းဆောင်နိုင်ဘူးဟု မြေပြင်တော်လှန်ရေးအင်အားစုများဘက်က ဝေဖန်မှုများလည်း ရှိလာသည်။
ထို့အပြင် ဆက်တိုက်အပြောင်းအလဲလုပ်ဖို့ရန် တိုက်တွန်းအကြံပြုမှုများလည်း တော်လှန်ရေးကို အားပေးသည့် သတင်းမီဒီယာများမှတဆင့် ပညာရှင်များ၊ မြေပြင်တော်လှန်ရေးဦးဆောင်သူများ၏ တိုက်တွန်းမှုများလည်း တိုးလာသည်။ ဤသို့သော တိုက်တွန်းမှုများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရအား အသွင်ကူးပြောင်းရေးအစိုးရအဖြစ် ပြောင်းလဲမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုလာကြသည်။ သို့သော် ဤအသွင်ကူးပြောင်းရေးသည် အဖွဲ့အစည်းပုံစံပြောင်းလဲရုံသာ လိုအပ်သလား၊ ခေါင်းဆောင်မှုပြောင်းလဲရန် လိုအပ်သလား၊ သို့မဟုတ် မူဝါဒများနှင့် မဟာဗျူဟာများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သလား ဆိုသည်ကို ယနေ့တိုင် ရှင်းလင်းစွာ ပြည်သူများမသိနိုင်ကြသလို ခေါင်းဆောင်များသည်လည်း ဆွေးနွေးညှိနှိုင်းဆဲဟုသာ ပြောဆိုကြသည်။
“မည်သို့ပင်ဆိုစေကာမူ အမျိုးသားညီညွတ်ရေးအစိုးရသည် အပြောင်းအလဲလုပ်ကိုလုပ်ရမည့် အဖွဲ့အစည်းဖြစ်ပြီး ပြောင်းလဲရာတွင်လည်း လူကော၊ မူကော၊ ဗျူဟာနှင့် နည်းဗျူဟာများအပါအဝင် ပြောင်းလဲဖို့လိုအပ်သမျှ ပြောင်းလဲရမှ တော်လှန်ရေးလည်း အောင်မြင်နိုင်မှာဖြစ်ပါသည်။”
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အသွင်ကူးပြောင်းရေးအစိုးရအတွက် ဖြစ်နိုင်ခြေအလားအလာများမှာ ၂၀၁၀ ခုနှစ် စစ်တပ်ဝတ်စုံပြောင်းနှင့် မူပြောင်းအစိုးရလို ဖြစ်မလား၊ ပုံမှန်အခြေအနေလို မူလည်းမပြောင်း၊ လူလည်းမပြောင်း အစိုးရသက်တမ်းကိုသာ ပြောင်းလဲသွားသည့် အစိုးရတစ်ရပ်ပုံစံအပြောင်းအလဲမျိုးလား၊ သို့မဟုတ် လူသီးသန့်အပြောင်းအလဲလား ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေပါသည်။ ဤအမျိုးသားညီညွတ်ရေးအစိုးရ၏ ဖြစ်နိုင်ခြေအလားအလာမှာ လူအနည်းငယ်အပြောင်းအလဲနှင့် ခေါင်းဆောင်သစ်များ ပေါ်ပေါက်လာခြင်းဖြစ်နိုင်ပြီး၊ ခေါင်းဆောင်အသစ်များကြောင့် မဟာဗျူဟာ၊ နည်းဗျူဟာများအပြောင်းအလဲ ရှိလာနိုင်သည်ဟု မျှော်လင့်နိုင်မည်ဖြစ်သည်။

မြန်မာ့ပြည်သူ့တော်လှန်ရေးကို မဟာဗျူဟာနည်းလမ်း (၆) ခုဖြင့် ဆောင်ရွက်နေ သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန် ချက် အလုပ်နဲ့မညီဟု ဝေဖန်မှုများ
အကြောင်းရင်းမှာ အသွင်ကူးပြောင်းရေးအစိုးရဆိုသည်မှာ ယာယီအုပ်ချုပ်ရေးအဖွဲ့တစ်ရပ်ဖြစ်ပြီး နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန်၊ တည်ငြိမ်မှုကို ပြန်လည်ထူထောင်ရန်နှင့် ရေရှည်အုပ်ချုပ်ရေးစနစ်တစ်ရပ်သို့ ကူးပြောင်းရန် ရည်ရွယ်ဖွဲ့စည်းကြသည်ဟု အများက သိရှိထားကြသည်။ ထို့ကြောင့် NUG ၏ အသွင်ကူးပြောင်းရေးအစိုးရဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရအတွင်း အသွင်ကူးပြောင်းတာကို ဆိုလိုတာလား၊ ၂၀၂၅ ခုနှစ် နှစ်မကုန်မီ စစ်ကောင်စီကို ဖြုတ်ချနိုင်မည့် လျှို့ဝှက်ဗျူဟာရှိသောကြောင့် ကြိုတင်ပြင်ဆင်တဲ့သဘောလား ဆိုသည်ကို မေးခွန်းများစွာ ဖြစ်ပေါ်စေသည်။
မည်သို့ပင်ဆိုစေကာမူ အမျိုးသားညီညွတ်ရေးအစိုးရသည် အပြောင်းအလဲလုပ်ကိုလုပ်ရမည့် အဖွဲ့အစည်းဖြစ်ပြီး ပြောင်းလဲရာတွင်လည်း လူကော၊ မူကော၊ ဗျူဟာနှင့် နည်းဗျူဟာများအပါအဝင် ပြောင်းလဲဖို့လိုအပ်သမျှ ပြောင်းလဲရမှ တော်လှန်ရေးလည်း အောင်မြင်နိုင်မှာဖြစ်ပါသည်။ ထို့ကြောင့် ဤအသွင်ကူးပြောင်းရေးအစိုးရသည် တော်လှန်ရေးအောင်မြင်နိုင်ဖို့ရန် အကျိုးရှိမည့် အဓိကအပြောင်းအလဲဖြစ်မည်ဟု ယုံကြည်အားဖြည့်ပေးကြရန် လိုအပ်မည်ဖြစ်သည်။
ထိုသို့ တော်လှန်ရေးအင်အားစုများမှ ဝိုင်းဝန်းအားဖြည့်နိုင်ရေးအတွက် အစိုးရအပြောင်းအလဲမှာ တာဝန်ရှိသူများအနေဖြင့် လမ်းဖွင့်ပေးထားရန် လိုအပ်ပြီး၊ နိုင်ငံရေးလက်ဦးမှုကြောင့် ဖရိုဖရဲ ၄ နှစ်ကျော်ဖြတ်ခဲ့မှုများကို သင်ခန်းစာယူရန် လိုအပ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိဖွဲ့စည်းပုံသည် အဓိကအားဖြင့် ပြည်သူလူထု၏ ထောက်ခံမှုနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် ဖွဲ့စည်းထားသည်ဟု ဆိုနိုင်ပြီး၊ နောက်ထပ်ခြေလှမ်းသစ်အဖြစ် တော်လှန်ရေးအပြီးတိုင် ဆင်နွှဲနိုင်ရေးအတွက် လိုအပ်သော စစ်ရေးနှင့် နိုင်ငံရေးကဏ္ဍများလည်း အားထုတ်ဖို့လိုသည်။
သို့သော် လက်ရှိအခြေအနေတွင် အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်ချမှတ်ပုံများသည် ပိုမိုထိရောက်ရန် လိုအပ်နေသည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေးသည် ဖွဲ့စည်းပုံပြောင်းလဲခြင်းသည် အမည်နာမည်၊ ခေါင်းဆောင်မှုတချို့ အပြောင်းအလဲလုပ်ရုံမျှမဟုတ်ဘဲ လုပ်ငန်းစဉ်များကို ပိုမိုပွင့်လင်းမြင်သာစေရန်နှင့် ထိရောက်မှုရှိစေရန် ဦးတည်ရန် လိုအပ်ပေမည်။
ထို့အပြင် လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရမှ ခေါင်းဆောင်အများစုသည် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိထားကြသော်လည်း တချို့သည် ပြည်သူများမှ ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်ကို မသိနိုင်သည့်အပြင်၊ မည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုသောကြောင့် ခေါင်းဆောင်များ၏ နာမည်ကိုပင် ပြည်သူများမသိ၊ တော်လှန်ဘဏ္ဍာငွေ ဖြုန်းတီးမှုအဆင့်သာရှိသော ဝန်ကြီးဝန်လေးများ များလွန်းသည်။
ထို့ကြောင့် ယခုချိန်ကတည်းက ကိုယ့်ကိုယ်ကို အပြောင်းအလဲလုပ်ရေးမူကို ချမှတ်ပြီး ယုံကြည်မှုမရှိသော ဝန်ကြီး၊ ဝန်လေးများအကုန် လွတ်လပ်စွာ နှုတ်ထွက်ခွင့်လုပ်ငန်းလည်း စထားကာ အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ ထို့အပြင် ဤအပြောင်းအလဲအတွက် မူအပြောင်းအလဲဖြစ်စေ၊ လူအပြောင်းအလဲဖြစ်စေ ဖော်ဆောင်ရာတွင် ဖက်ဒရယ်ယူနစ်များ ကိုယ်စားပြုမှုအခြေပြု ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်အားစုနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ၏ ကိုယ်စားပြုမှုကို ပိုမိုဦးစားပေးသင့်သည်။
လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးကောင်စီ (NUCC) တွင် ပါဝင်နေသော အရပ်ဖက်အဖွဲ့အစည်းများနှင့် သပိတ်အင်အားစုများသည် လွတ်လပ်သော မဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက်ရပ်တည်ပြီး၊ အသွင်ကူးပြောင်းရေးအစိုးရကို ထိန်းကျောင်းပေးခြင်းဖြင့် ပိုမိုထိရောက်မှုရှိမည်ဖြစ်သည်။
ထို့ကြောင့် မူပြောင်းလဲခြင်း သို့မဟုတ် လူပြောင်းလဲခြင်း၊ မည်သည့်ပုံစံဖြင့် ပြောင်းလဲမှုပြုလုပ်မည်ဆိုသည်ထက်၊ တော်လှန်ရေးအောင်မြင်ရန် အမှန်တကယ်စွမ်းဆောင်နိုင်သည့် အစိုးရတစ်ရပ်ဖြစ်လာရေးကိုသာ ဦးစားပေးသင့်သည်။ ဤရည်မှန်းချက်အတွက် အဟန့်အတားမှန်သမျှကို ရှင်းလင်းရန်လိုအပ်ပြီး၊ အကယ်၍ အဟန့်အတားသည် ကိုယ်တိုင်ဖြစ်နေပါက ရာထူးစွန့်လွှတ်ခြင်းဖြင့် ရှင်းလင်းရန် လိုအပ်သည်။
“NUG တွင် လူပိုနှင့် ဌာနပိုများလွန်းနေသည်ကို အားလုံးသိရှိထားပြီး၊ ၎င်းတို့ကို မဖယ်ရှားပါက လစဉ်မြန်မာငွေ သိန်းထောင်ချီသော ဘဏ္ဍာငွေသည် လူပိုဌာနပိုများ၏ ကျွေးမွေးစရိတ်အဖြစ်သာ ကုန်ဆုံးမည်ဖြစ်သည်။ ဤသို့ဖြစ်လျှင် ကာကွယ်ရေးတပ်ဖွဲ့တပ်စိတ်တစ်စိတ်အတွက် လိုအပ်သော လက်နက်ခဲယမ်းများအတွက် အသုံးပြုနိုင်မည့် ဘဏ္ဍာငွေကို ဖြုန်းတီးမိမည်ဖြစ်ပြီး၊ ထိရောက်သော ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ရန် ခက်ခဲမည်ဖြစ်သည်။”
ထိရောက်သော အသွင်ကူးပြောင်းရေးအစိုးရဖြစ်လာမည်လားဆိုသည်ကို ပြည်သူလူထုကို ဦးစားပေးထားသည့် ရာထူးစွန့်လွှတ်မှုများ မကြာမီ ဖြစ်ပေါ်လာမလား စောင့်ကြည့်ရမည်ဖြစ်သည်။ ရာထူးစွန့်လွှတ်မှုများရှိလာပါက ထိရောက်သော အပြောင်းအလဲဖြစ်နိုင်သည်ဟု ယူဆရမည်။ အကြောင်းမှာ NUG တွင် လူပိုနှင့် ဌာနပိုများလွန်းနေသည်ကို အားလုံးသိရှိထားပြီး၊ ၎င်းတို့ကို မဖယ်ရှားပါက လစဉ်မြန်မာငွေ သိန်းထောင်ချီသော ဘဏ္ဍာငွေသည် လူပိုဌာနပိုများ၏ ကျွေးမွေးစရိတ်အဖြစ်သာ ကုန်ဆုံးမည်ဖြစ်သည်။ ဤသို့ဖြစ်လျှင် ကာကွယ်ရေးတပ်ဖွဲ့တပ်စိတ်တစ်စိတ်အတွက် လိုအပ်သော လက်နက်ခဲယမ်းများအတွက် အသုံးပြုနိုင်မည့် ဘဏ္ဍာငွေကို ဖြုန်းတီးမိမည်ဖြစ်ပြီး၊ ထိရောက်သော ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ရန် ခက်ခဲမည်ဖြစ်သည်။
အကယ်၍ တိုင်းရင်းသားအင်အားစုများပါဝင်သည်ဟု ဟန်ပြရုံသာ နိုင်ငံရေးလက်ဦးမှုဖြင့် အဓိပ္ပာယ်မရှိသော အပြောင်းအလဲများသာ ဆက်လက်ပြုလုပ်မည်ဆိုပါက၊ လွန်ခဲ့သော လေးနှစ်တာကာလကဲ့သို့ တော်လှန်ရေးမအောင်မြင်ပါက တာဝန်ယူမှု၊ တာဝန်ခံမှုကို မည်သို့ထမ်းဆောင်မည်နည်းဟူသော မေးခွန်းကို NUG ကို ပုံဖော်ထားသူများက ဖြေဆိုရမည်ဖြစ်သည်။