မေးမြန်းသူ – ဆလိုင်းဒိုခါရ်
ဖြေဆိုသူ – Dee Yar Fish၊ အထွေထွေအတွင်းရေးမှူး၊ လီဆူလူငယ်အစည်းအရုံး
ဆလိုင်းဒိုခါရ် – အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ဒီ The Kaladan Post ကို အမြဲတမ်း ကြည့်ရှုအားပေးတဲ့ မိဘပြည်သူများခင်ဗျာ။ ဒီတစ်ပတ်ကတော့ ကျွန်တော်တို့ လီဆူ လူငယ်အစည်းအရုံးမှာ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေတဲ့ ဆရာDee Jar Fishနဲ့ အင်တာဗျူးလုပ်ပေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ အဓိက ဆွေးနွေးမှာကတော့ ဒါ လီဆူ လူမျိုးတွေရဲ့ အခုလက်ရှိ နွေဦးတော်လှန်ရေးအတွင်း ပါဝင် လှုပ်ရှားမှုတွေအကြောင်းကို ပြောပြီးတော့ ဒီ လီဆူလူမျိုးတစ်ဦးအနေနဲ့ မြန်မာ့လက်ရှိ တော်လှန်ရေးအပေါ် သုံးသပ်ချက်တွေကို ကျွန်တော်တို့ နားစင်သွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဆရာ့ကို အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပြပါရစေခင်ဗျာ။ ဆရာ့အနေနဲ့ ပထမဆုံးအနေနဲ့ ဒါ ဆရာက လီဆူလူငယ်တစ်ဦးဖြစ်တဲ့အခါကျတော့ အခု ကျွန်တော်တို့ ဒါ တိုင်းရင်းသားလူမျိုးပေါင်းစုံ တော်လှန်ရေးတွေ လုပ်နေကြတဲ့ အချိန်မှာ အခု နွေဦးတော်လှန် ရေး ကဏ္ဍမှာ လီဆူလူမျိုးတွေရဲ့ အခန်းကဏ္ဍနဲ့ လှုပ်ရှားမှုတွေကို အကျဉ်းချုပ် ဆွေးနွေး ပြောပြပေးပါဦးခင်ဗျာ။
Dee Yar Fish – ဟုတ်ကဲ့၊ မင်္ဂလာပါဗျ။ ကျွန်တော်တို့ လီဆူလူမျိုးတွေက ဒီ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက လမ်းပေါ်ထွက် ဆန္ဒပြတဲ့ အချိန်၊ လူထုလှုပ်ရှားမှု ကတည်းက ကျွန်တော်တို့ လီဆူလူမျိုးတွေလည်း အများကြီး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးကို ကျွန်တော်တို့ ကူးပြောင်း ကြတဲ့အခါမှာလည်း ကျွန်တော်တို့ လီဆူလူငယ်တော်တော်များများ ဒီ တော်လှန်ရေးထဲမှာ အများကြီး ယခုတိုင်အောင် ပါဝင်နေကြတာ ဖြစ်ပါတယ်။ လီဆူတွေက အဓိကနေထိုင်တာ ဒီ ဒေသသုံးခု ဖြစ်ပါတယ်။ တစ်က ကျွန်တော်တို့ ကချင်ဒေသ၊ နှစ်က ကျွန်တော်တို့ ဒီ ရှမ်းတောင်၊ ရှမ်းမြောက်ပေါ့လေ။ ပြီးတော့ ဒီ စစ်ကိုင်းမှာ အနည်းအကျဉ်း ကျွန်တော်တို့ နေထိုင်ကြပါတယ်။ ဆိုတော့ ကျွန်တော်တို့ လီဆူတွေ ရှိတဲ့ နေထိုင်ကြတဲ့ ဒေသတိုင်းမှာ လီဆူတွေဟာ လီဆူရဲ့ အမျိုးသားအလံကို လွှင့်ထူပြီးတော့မှ လီဆူတပ်ဖွဲ့တွေ၊ တပ်ရင်းတွေ မရှိပေမယ့် ကျွန်တော်တို့ လီဆူလူမျိုးတွေဟာ အဲ့ဒီဒေသ local မှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့မှ ဒီတော်လှန်ရေးထဲမှာ အများကြီး ကျွန်တော်တို့ ပါဝင်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ လီဆူတွေရဲ့ ပါဝင်နေမှုဟာဆိုရင် များသောအားဖြင့်ကျတော့ ကျွန်တော်တို့ ဆိုရှယ်မီဒီယာပေါ်မှာ အများကြီး ရောက်မှာ မဟုတ်ဘူးပေါ့လေ။ ဆိုတော့ လူသိတာလည်း နည်းပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ရဲ့ စောစောက ပြောတဲ့ တော်လှန်ရေးမှာ ပါဝင်နေမှုတွေ local တွေနဲ့ ပူးပေါင်းပြီးတော့မှ ဒီရှိပြီးသား တပ်တွေမှာ ပူးပေါင်းပါဝင်တဲ့ ပုံစံမျိုး ဖြစ်တယ်။ ဆိုတော့ လီဆူတွေရဲ့ သီးသန့် ဒီ voice က ထွက်မလာသော်ငြားလည်းပဲ လီဆူတွေရဲ့ ပါဝင်နေမှုဟာဆိုရင် ယခုအချိန်ထိ ပြောကြမယ်ဆိုရင် ယနေ့တိုင်ထိလည်း ဒီ လီဆူတွေ တော်လှန်ရေးမှာ၊ လက်နက်ကိုင် တော်လှန်ရေးမှာလည်း ပါဝင်နေဆဲ ဖြစ်တယ်။ ပြီးတော့မှ ကျွန်တော်တို့ လီဆူလူငယ် အစည်းအရုံးဟာ ဆိုရင်လည်းပဲ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေ စပြီးတော့မှ ကျွန်တော်တို့ လီဆူလူငယ်အစည်းအရုံးအနေနဲ့ ကျွန်တော်တို့ စုဖွဲ့ပြီးတော့မှ ကျွန်တော်တို့ လှုပ်ရှားကြတယ်။ အဓိကအားဖြင့်တော့ ကျွန်တော်တို့ နိုင်ငံရေးအရ အကြမ်းမဖက် လှုပ်ရှားမှု နည်းနာတွေနဲ့ ကျွန်တော်တို့ လှုပ်ရှားကြတာ ဖြစ်တယ်။ လီဆူလူငယ်အစည်းအရုံးက ဆိုတော့ ကျွန်တော်တို့က ပုံမှန် လူထုစည်းရုံးရေးလုပ်ငန်းစဉ်တွေ၊ ဒီ မြေပြင်မှာ ကျွန်တော်တို့ လူထုတွေနဲ့ ထိတွေ့တဲ့ လုပ်ငန်းစဉ်တွေ၊ ပြီးတော့မှ လှုပ်ရှားမှုတွေ၊ campaign တွေ၊ စသည်ဖြင့် ကျွန်တော်တို့ ဖော်ဆောင်နေတာ ရှိတယ်။ ပြီးတော့မှ ဒီ online တွေမှာလည်း ကျွန်တော်တို့ စကားဝိုင်းတွေပေါ့လေ၊ စသည်ဖြင့် ကျွန်တော်တို့ လုပ်ဆောင်ပြီးတော့မှ ကျွန်တော်တို့ လူထုနဲ့ မပြတ်ပေါ့လေ။ လူထုနဲ့ တိုက်ရိုက် ကျွန်တော်တို့ ထိတွေ့နိုင်တဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ လုပ်ဆောင်နေတာ ရှိပါတယ်။ ပြီးတော့မှ ကျွန်တော်တို့ ဒီ မဟာမိတ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုအပိုင်းတွေမှာလည်း ကျွန်တော်တို့ ကြိုးစားအား ထုတ်နေတာ ရှိပါတယ်။ ကဲ ကျေးဇူးပါ။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ ဒီ တော်တော်များများမှာ အခု ကျွန်တော်တို့ မြင်နေတဲ့ မြန်မာနိုင်ငံ လှုပ်ရှားမှုမှာ မြင်နေတဲ့ လူမျိုးကို အခြေခံပြီးမှ တော်လှန်ရေးလုပ်ပြီးမှ နောက်ဆုံးပိုင်း ကျတော့ တကယ့် အစွမ်းရောက်သလို ဖြစ်သွားတဲ့ အင်အားစုတွေလည်း အများကြီး ကျွန်တော်တို့ တွေ့တဲ့ကြားထဲမှာ လီဆူလူမျိုးတွေက ရောက်ရာ ရှိပြီးသား အင်အားစုတွေနဲ့ ပူးပေါင်းပြီးမှ ဒါ တကယ့်ကို ဒါ ကိုယ်နဲ့နီးစပ်ရာ လူမျိုးစုတွေအပေါ်မှာ ယုံကြည်မှု သူများထက် ပိုရှိတဲ့ နမူနာပုံစံမျိုး မြင်ရတာပေါ့။ ဆိုတော့ ဒီဟာက ဆရာတို့ လီဆူလူမျိုးတွေအတွက် အကျိုးယုတ်သလို ခံစားစေတဲ့ဟာမျိုးတွေ ရှိလား။ သို့မဟုတ် ဒါ ကောင်းကျိုးအနေနဲ့ဆို ဘယ်လိုကောင်းကျိုးဟာမျိုး ရရှိတယ်လို့ ကျွန်တော်တို့ ပြောလို့ရမလဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ မျိုးနွယ်စုလိုက်၊ လူမျိုးစုလိုက်ဆိုတဲ့ တော်လှန်ရေးတွေက ကျွန်တော်တို့ တော်လှန်ရေးမှာ အဟန့်အတား ပုံစံမျိုးတောင် ပြန်ဖြစ်နေသလို တချို့ကဏ္ဍတွေမှာ နစ်နာ နေရတဲ့ဟာတွေလည်း ရှိတယ်။ အထိန်းအကွက်မဲ့လာတဲ့အခါကျတော့ အဟန့်အတားလို ဖြစ်နေတဲ့အချိန်မှာ လီဆူလူမျိုးတွေရဲ့ အခုလက်ရှိလှုပ်ရှားမှုက အရမ်းကြီး ထင်ပေါ်မှု မရှိသော်ငြားလည်း တစ်ဖက်မှာ အရမ်းကို အကျိုးပြုနေတဲ့ ပုံစံမျိုး ပြန်ဖြစ်နေတဲ့အခါကျတော့ ဒီ အပေါ် ဆရာ့ရဲ့ အတွေ့အကြုံများ ဝေမျှပေးပါဦးခင်ဗျာ။
Dee Yar Fish – ကျွန်တော်တို့ရဲ့ ဒီ မြန်မာနိုင်ငံပေါ့လေ။ ကျွန်တော်တို့ရဲ့ ဒီ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ သူ့ရဲ့ သဏ္ဌာန်၊ လက္ခဏာရပ်ကိုက သူက အမျိုးသားအလံကို ကိုင်ဆွဲပြီးတော့မှ ကျွန်တော်တို့ တိုက်ပွဲဝင်ကြတဲ့ သဏ္ဌာန်ကို ကျွန်တော်တို့ သွားတာ များတယ်။ ဆိုတော့ လက်ရှိ လီဆူလူမျိုးတွေက အမျိုးသားရေးအနေနဲ့ ကျွန်တော်တို့ လှုပ်ရှားမှုတွေ အများကြီး မရှိပေမယ့် ကျွန်တော်တို့ရဲ့ အဓိက main target သည် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွတ်မြောက်ရေးကို ကျွန်တော်တို့က အဓိကထားပြီးတော့မှ ကျွန်တော်တို့က ဒီတော်လှန်ရေးမှာ ပါဝင်နေတာ ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ စောစောက ပြောတဲ့ ဒီ အကျိုးကျေးဇူးက ဘာလဲဆိုရင် ကျွန်တော်တို့ လီဆူလူမျိုးတွေရဲ့ ပါဝင်မှုဟာ စောစောက ပြောတဲ့ လူမျိုးစု၊ လူမျိုးစု လွတ်မြောက်ရေးဆိုတာထက် တစ်နိုင်ငံလုံး လွတ်မြောက်ရေး၊ ဒီစစ်အာဏာရှင်နဲ့ အပြီးပြတ် ကျွန်တော်တို့ ဖယ်ရှားရေးကို ကျွန်တော် တို့က ဦးထိပ်ထားတဲ့အတွက်ကြောင့်မို့ တော်လှန်ရေးမှာ ပိုပြီးတော့မှ ကျွန်တော်တို့ရဲ့ ပါဝင်မှုက ထိရောက်မှုရှိတယ်လို့ ကျွန်တော်က အဲ့ဒီလို ယူဆတယ်။ နောက်တစ်ခုက စောစောက ပြောတဲ့ အားနည်းချက်ပေါ့လေ။ အားနည်းချက်တွေ ဘာတွေရှိလဲဆိုရင် စောစောက ပြောတဲ့ ကျွန်တော်တို့ရဲ့ လီဆူလူမျိုးတွေဟာ အမျိုးသားရေးဆိုတာထက် ဒီ နိုင်ငံရေးပေါ့လေ ဆိုတာကို ကျွန်တော်တို့က အဓိကထား ပြောကြဆိုကြ ဒီဟာကိုပဲ ကျွန်တော်တို့က အဓိကထားပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အခါမှ တစ်ဖက်မှာ ကျွန်တော်တို့ စောစောက ပြောတဲ့ အမျိုးသားရေးအလံကို ကိုင်ဆွဲပြီးတော့မှ တော်လှန်ရေးမှာ လှုပ်ရှားနေတဲ့ အမျိုးသားရေးစိတ်ဓာတ် နည်းနည်း ရှေ့ရောက်တဲ့ အားကြီးတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ ကျွန်တော်တို့က ဒီ စောစောက ပြောတဲ့ ကျွန်တော်တို့ ကြားမှာ ပြန်ပြီးတော့မှ ဖိနှိပ်မှုတွေ ကျွန်တော်တို့ ကြုံရတာပေါ့လေ။ အချင်းချင်း ကျွန်တော်တို့ ပွတ်တိုက်မှုတွေ ကျွန်တော်တို့ ကြုံရတယ်။ ဥပမာ ကျွန်တော်တို့ ကချင်ဒေသ ဆိုရင် သူက အဓိကအားဖြင့် ဒီ KIA က အားကောင်းတဲ့ ဒေသဖြစ်တယ်။ တော်လှန်ရေး တပ်စုအနေနဲ့၊ တပ်ဖွဲ့အနေနဲ့ KIA တစ်ခုတည်း ရှိနေတဲ့ အခြေအနေ ဖြစ်တယ်။ ဆိုတော့ ကချင်ဒေသဟာဆိုရင် စောစောက ပြောတဲ့ အမျိုးသားရေးကိစ္စတွေ ပါလာတဲ့အခါမှာ ပိုပြီးတော့ ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်။ ဥပမာ KIA က အမျိုးသားရေးအရ သူ လုပ်ဆောင် လာတဲ့အခါမှာ တစ်ဖက်မှာ သူ့မှာ ရှိတဲ့ ကျွန်တော်တို့က ဒီလိုခေါ်တယ်ပေါ့လေ၊ ကျွန်တော်တို့က ဒီ local မှာရှိတဲ့ minority တွေက ပြန်ပြီးတော့မှ ထပ်ဆင့် ဖိနှိပ်ခံရတယ်လို့ သူ ခံစားရတယ်။ ဆိုတော့ အဲ့ဒီကနေ ဘာ side effect ထွက်လာလဲဆိုရင် ကျွန်တော်တို့ လူမျိုးစုတွေထဲမှာ စောစောက ပြောတဲ့ တပ်မတော်ဖက်ကို တွန်းပို့သလို ဖြစ်သွားတဲ့ side effect တွေပေါ့လေနော်။ ဆိုတော့ ဒါတွေ ကျွန်တော်တို့ ခံစားရတယ်။ ဆိုတော့ အဲ့ဒီမှာ ကျွန်တော်တို့ လူထုကို ကျွန်တော်တို့ စည်းရုံးတဲ့အခါမှာ ကျွန်တော်တို့က စောစောက ပြောတဲ့ အမျိုးသားရေးဆိုတာထက် တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်မြောက်ရေးကိုပဲ ကျွန်တော်တို့ ပြောတဲ့အခါမှာ သူတို့က အဲ့ဒါကို စိတ်တိုင်းမကျတဲ့လူတွေ အများကြီး ရှိလာတယ်ပေါ့လေ။ ရှိလာတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က ဒီမှာ ဒီလို ဖိနှိပ်ခံရတယ်၊ မင်းတို့ကကျတော့ ကိုယ့်လူမျိုးရေး မပြောဘူး၊ ကိုယ့်လူမျိုးရေးကျတော့ မင်းတို့ ပစ်ထားတယ်။ အစသဖြင့် ပေါ့လေ ဒါတွေ ကျွန်တော်တို့ ကြုံရတယ်။ ဆိုတော့ ဆိုလိုချင်တာ ဒီ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသဏ္ဌာန်သည် အမျိုးသားရေး လက္ခဏာဖက်ကို ပိုရောက်လာတဲ့အခါမှာ လူမျိုးစုကြားထဲမှာ ပိုပြီးတော့မှ ပဋိပက္ခတွေ၊ ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီ အဓိကအားဖြင့် နိုင်ငံ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွတ်မြောက်ရေး၊ ကျွန်တော်တို့ရဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖယ်ရှားရေးကို ကျွန်တော်တို့က ဦးထိပ်ထား ပြီးတော့မှ အဲ့ဒါကို အဓိက ကျွန်တော်တို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဆလိုင်းဒိုခါရ် – အရမ်းစိတ်ဝင်စားစရာ ကောင်းတာက ဒါ ကျွန်တော်တို့ မြေပြင်မှာလည်း မြင်နေရတဲ့ဟာပေါ့နော်။ အခုလောလောဆယ်မှာ ကျွန်တော်တို့ အမျိုးသားရေး plus ပေါ့နော်။ ဒီဟာ အခု များလာတာက local အင်အားစုနဲ့ NUG အင်အားစု စသဖြင့် အဖွဲ့အစည်းစိတ်ဓာတ်တွေက စပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးမှာ အနှောင့်အယှက် ပေးတဲ့ လက္ခဏာတွေ ကျွန်တော်တို့ မြင်တွေ့နေရတယ်။ ဆိုတော့ လီဆူလူမျိုးတွေက ဒါတွေက ကိုယ်တိုင် တစ်ဖက်မှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော မြင်နေတဲ့သူတွေ ဖြစ်တဲ့ အခါကျတော့ ဆရာ့အနေနဲ့ အတွေ့အကြုံအခြေခံပြီး အခုလက်ရှိ တော်လှန်ရေးရဲ့အပေါ် မှာရော ဘယ်လို သုံးသပ်သလဲ။ တစ်စုံလုံးကို ပုံကြီးချဲ့ပြီးတော့မှ ဆရာ့အနေနဲ့ ဒါ ဘယ်လို ပိုကောင်းအောင် အခုလက်ရှိ တော်လှန်ရေးရဲ့ အခြေအနေကို ဘယ်လိုမြင်သလဲ။ အဲ့ဒီအပေါ် ကို သုံးသပ်ပေးပါဦးခင်ဗျာ။
Dee Yar Fish – လက်ရှိ ကျွန်တော်တို့ တော်လှန်ရေးက ကြာလေကြာလေ ပဋိပက္ခတွေ၊ ပြီးတော့မှ ကျွန်တော်တို့ ပေးထားချက်တွေအပေါ်မှာပဲ ကျွန်တော်တို့က တိုင်ပတ်ပြီးတော့ မှပေါ့လေ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ကို ကျွန်တော်တို့ မသွားနိုင်တဲ့ အခြေအနေ ကျွန်တော်တို့ မြင်နေရတာပေါ့လေ။ ဆိုတော့ လက်ရှိက စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သူက ဒီ သူ့ရဲ့ လာမယ့် ဒီ ၂၀၂၅ ဒီဇင်ဘာမှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် သူ အောင်ရေးကောက်ပွဲကို ကျင်းပနိုင်ဖို့အတွက် သူက နိုင်ငံအနှံ့မှာ သူက ထိုးစစ်တွေ ဆင်တယ်။ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ ပြီးတော့မှ တချို့ ပြည်သူ့စစ် အားကောင်းတဲ့ ဒေသတွေမှာ သူက အခု ကျွန်တော်တို့ ခေါင်လံဖူးလို ပူတာအိုလိုဒေသမှာ ကျွန်တော်တို့ လူထုသပိတ်တွေ သူတို့ ဖော်ဆောင်ပေးတယ်။ စတဲ့ဟာတွေ သူ လုပ်နေရ တယ်။ ဆိုတော့ ဒါ တန်ပြန်သပိတ်တွေပေါ့လေနော်။ ဆိုတော့ သူတို့က ဒါက စစ်ကောင်စီရဲ့ လှည့်ကွက်တစ်ခုပဲ၊ စစ်ကောင်စီက ကစားနေတာ ဆိုတာ ကျွန်တော်တို့ မြင်နေပေမယ့် တကယ့် မြေပြင်မှာ အဲ့ဒါထက် ပိုမိုတဲ့ ကိစ္စတွေ ရှိတယ်။ ဆိုတော့ ဒါတွေကို ကျွန်တော်တို့က သေသေချာချာ ချဉ်းကပ်နိုင်ဖို့လည်း ကျွန်တော်တို့ လိုအပ်တယ်လို့ ကျွန်တော် မြင်တယ်။ ဆိုတော့ ကျွန်တော်တို့က ဘာဖြစ်နေလဲဆိုရင် စစ်ကောင်စီက သူ့ရဲ့ ခြေလှမ်းအတိုင်းကို ကျွန်တော်တို့က တော်လှန်ရေးအုပ်စုတွေက နောက်ကနေ အဲ့ဒီခြေလှမ်းတွေကိုပဲ လိုက်ပြီးတော့မှ လိုက်ပိတ်ဖို့လောက်ပဲ စဉ်းစားနိုင်တဲ့ အခြေအနေ ဖြစ်တယ်။ ပြောချင်တာက ကိုယ့်ဘက်က အရင် ထိုးစစ်ဆင်မှုက မရှိဘူးပေါ့လေ။ မရှိဘူး။ ဆိုတော့ ပေးထားချက် ပေါ်မှာပဲ လိုက်ပြီးတော့ မီပြီးတော့မှ သွားနေတဲ့ အခြေအနေ ဖြစ်တယ်။ ဆိုတော့ NUG ကလည်း အခုထိပေါ့လေ ကျွန်တော်တို့က တောက်လျှောက်ပြောလာတာ၊ တောက်လျှောက် ကျွန်တော်တို့ reform လုပ်ဖို့လိုတယ်၊ reform လုပ်ဖို့လိုတယ် ပြောတယ်။ တောက်လျှောက် အခုထိ ဒီ reform ကိစ္စက ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ ဆိုတော့ NUG က အခု ဘာလုပ်မှာလဲပေါ့လေ။ တောက်လျှောက် ဒီ တော်လှန်ရေးအင်အားစုတွေက တော်လှန်ရေး အစိုးရဖြစ်တဲ့ NUG အပေါ်မှာ အများကြီး ဒီ အားကိုးကြတယ်။ ဒီအပေါ်မှာ အရမ်းကြီး မျှော်လင့်ချက်တွေ ထားကြတယ်။ သို့ပေမယ့် NUG က ရှေ့မရောက်ဘူး။ ဆိုတော့ ပြည်သူက တောင်မှ ရှေ့ရောက်ပြီးတော့မှ NUG ဦးဆောင်တဲ့လူတွေက နောက်ကနေ လိုက်နေရတဲ့ အခြေအနေ ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသည် ဒီအတိုင်း ကျွန်တော်တို့ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ ပေးထားချက်အပေါ်မှာပဲ ကျွန်တော်တို့ ဝေးလေကျောင်း ပတ် ကျွန်တော်တို့ လမ်းတွေ ပျောက်ပြီးတော့မှပေါ့လေ အဲ့ဒီမှာပဲ ကျွန်တော်တို့ ဝေးလေလေ တစ်ဝေးလေလေ ဖြစ်နေမယ့် အခြေအနေ ဖြစ်တယ်။ ဆိုတော့ ဒါကြောင့်မို့ ကျွန်တော်တို့က NUG reform ဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့ တတ်နိုင်သမျှ ကျွန်တော်တို့ အမြန်ဆုံး ဖြစ်အောင် ကျွန်တော်တို့ လုပ်သင့်ပြီ။ ကျွန်တော်တို့ တပ်ပေါင်းစုတွေ၊ တစ်နိုင်ငံလုံး nation-wide အနေနဲ့ ကျွန်တော်တို့ တပ်ပေါင်းစုတွေ တည်ဆောက်ပြီးတော့မှ ဒီ စစ်အာဏာရှင် ဖယ်ရှားရေး တိုက်ပွဲတွေကို ကျွန်တော်တို့ ဖော်ဆောင်သင့်ပြီလို့ ကျွန်တော်က အဲ့ဒီလို ယူဆပါတယ်။
ဆလိုင်းဒိုခါရ် – ဆိုတော့ ဆရာ၊ ဒီတပ်ပေါင်းစု ဖြစ်လာရင် တကယ် အားရစရာရှိမလား။ ဘာလို့ ဒီဟာ မေးတယ်လဲဆိုရင်တော့ ပြည်သူတွေထဲတောင်မှ ဦးဆောင်တဲ့သူတွေက နည်းနည်း ပင်ပန်းနေသလားလို့ မြင်နေတဲ့အချက် တချို့ရှိတယ်။ ဥပမာ တချို့ပြောမယ်ဆိုရင်တော့ ကိုယ့် fundraising အုပ်စုတွေဆိုရင်လည်း အချင်းချင်း ပွတ်တိုက်၊ ပွတ်တိုက်ပြီးမှ fundraising ခေါင်းဆောင်တွေ တချို့ နားသွားတယ်ဆိုတဲ့ဟာမျိုးတွေ နောက်ပြီးမှ ဒီ အတွေ့အကြုံ တချို့မှာ ကျွန်တော်တို့ ဒါ မြင်နေရတဲ့ဟာ တချို့က committee တွေ၊ commission တွေ ကတော့ ရှိနေရှာတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဘာလဲဆိုရင် တက်ကြွ တဲ့လူကလည်း လုပ်ချင်တယ်။ လုပ်ရင် ထိုးဖောက်နိုင်တယ်။ ဒါပေမယ့် ကျန်တဲ့သူတွေက member ဖြစ်တဲ့သူတွေက အရမ်းကြီး လှုံ့ဆော်မှု mandate လည်း မပေးပြန်ဘူး။ စသဖြင့် ဖြစ်နေတဲ့ ဒါ NUCC ရဲ့ commission ဖြစ်ဖြစ် သပိတ်အင်အားစုမှာ committee တွေပဲ ဖြစ်ဖြစ် ကဏ္ဍပေါင်းစုံမှာ committee တွေက အဲ့လို အဲ့လို ပုံစံမျိုး နည်းနည်း ချို့ယွင်းချက် အားနည်းချက်တွေ ရှိလာတယ်။ မင်းအောင်လှိုင်တို့ အုပ်စုကျတော့ ဟို တစ်ယောက်ယောက် ကို တာဝန်ပေးပြီဆိုရင် အဲ့လူက mandate အပြည့်နဲ့ ထွက်လာတဲ့အခါကျတော့ သူ အရည်ချင်းရှိရင် ရှိသလောက် အောင်မြင်တယ်။ သူ အရည်ချင်း ညံ့ရင်ညံ့သလောက် ခံရတာ။ ဒါပေမယ့် ကျွန်တော်တို့မှာ စုပေါင်းခေါင်းဆောင်မှုကျတော့ ကောင်းကောင်း အကောင် အထည်မဖော်နိုင်ကြပြန်ဘူး။ တစ်ယောက်ယောက်ကိုလည်း ဦးဆောင်ပေးဖို့ mandate မပေးချင်ကြပြန်ဘူး။ ဒီအပေါ်မှာရော ဆရာ အဲ့ဒီဟာမျိုး တကယ် ကျွန်တော်ပြောတဲ့ဟာမျိုး ရှိနေသလား။ ရှိနေတယ်ဆိုရင် ဒီစိတ်ဓာတ်ကို ကျွန်တော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတဲ့ဟာမျိုးကို သုံးသပ်ပေးပါဦးခင်ဗျာ။
Dee Yar Fish – ဟုတ်ကဲ့။ ကျွန်တော့် နားလည်မှုအရကတော့ အခု ကျွန်တော်တို့ကလည်း ပြောကြတာပေါ့လေနော်။ “Bottom up, Bottom up” ဆိုတဲ့ဟာပေါ့လေ။ ဒီ အောက်ခြေ ကနေ ကျွန်တော်တို့ တည်ဆောက်ပြီးတော့မှ ကျွန်တော်တို့ ဒီ စုပေါင်းခေါင်းဆောင်မှုကို ကျွန်တော်တို့ တည်ဆောက်ကြမယ်ဆိုတဲ့ ပုံစံမျိုးပေါ့လေ။ သို့ပေမယ့်လည်း ပြဿနာက ဘာဖြစ်လဲဆိုရင် ကျွန်တော်တို့ရဲ့ တပ်ပေါင်းစု တည်ဆောက်ရေးက ဘာကြောင့် ရှေ့မသွား တာလဲဆိုရင် ကျွန်တော်တို့ မြေပြင်မှာ တကယ့် စုစည်းမှုပေါ့လေနော်။ စုစည်းမှုကို တကယ်တမ်း အကောင်အထည် ဖော်နိုင်တဲ့ စနစ်ကျတဲ့ တည်ဆောက်မှုမျိုး ကျွန်တော်တို့ ဒီမှာ ရှိမနေဘူးလို့ ကျွန်တော်က ယူဆတယ်။ ကျွန်တော်က အဲ့ဒီဟာက အဓိက အားနည်းချက်လို့ ကျွန်တော်ထင်ပါတယ်။ ဆိုတော့ တကယ်တမ်းကျတော့ လူတွေက စောစောက ပြောတဲ့ ဆရာပြောသလို ကျွန်တော်တို့ ဒီ စုပေါင်းခေါင်းဆောင်မှုအတွက် လူတစ်ယောက်ကို တင်လိုက်ပြီဆိုရင်လည်း သူ့နောက်ကို ကျွန်တော်တို့ လိုက်ဖို့၊ မလိုက်ချင် ကြဘူးဆိုတာကတော့ တချို့လူ ဒီမှာ ရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော်မြင်တာကတော့ ဒီ ကျွန်တော်တို့ရဲ့ စောစောကပြောတဲ့ အဲ့ဒီ စနစ်တကျ တည်ဆောက်မှုမျိုးကိုက ကျွန်တော်တို့ မြေပြင်မှာ မဖော်ဆောင်နိုင်သေးတာက ပြဿနာလို့ ကျွန်တော်က အဲ့ဒီလို ယူဆတယ်။ ဆိုတော့ ဥပမာဗျာ ကျွန်တော်တို့ LYC ဆိုရင် ကျွန်တော်တို့ တတ်နိုင်တဲ့ ဖက်က ကျွန်တော်တို့ ပါဝင်တယ်။ ပြီးတော့မှ ကျွန်တော်တို့ စောစောက ပြောတဲ့ လုပ်ရမယ့် အလုပ်တွေပေါ်မှာ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေအပေါ်မှာ ကျွန်တော်တို့က အပြည့်အဝ ကျွန်တော်တို့ support ပေးပြီးတော့ လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်။ သို့ပေမယ့်လည်း စောစောက ပြောတဲ့ဟာပေါ့လေ ကျွန်တော်တို့ မြေပြင်မှာ တကယ် စုဖွဲ့ကြမယ်ဆိုတဲ့အခါမှာ မြေပြင်မှာ တကယ့် စနစ်ကျတဲ့ စုဖွဲ့မှုတွေက ရှိမနေဘူးဗျ။ တကယ် ထိတွေ့ပြီးတော့ မြေပြင်က ရှိတဲ့ အစုအဖွဲ့တွေကို ထိတွေ့ပြီးတော့မှ ချိတ်ဆက်ပြီးတော့မှ လုပ်ဆောင်တဲ့ ယန္တရားတွေ၊ စနစ်တကျ တည်ဆောက်မှုမျိုးတွေ ရှိမနေဘူးဗျ။ ဆိုတော့ သူတို့က အပေါ်ကနေ လေပေါ်ကနေ ဒီ တပ်ပေါင်းစုကို တည်ဆောက်နေတဲ့အခါမှာ တကယ့် မြေပြင်မှာ ရှိတဲ့ လူတွေက သူတို့ကို တိုက်ရိုက်ချိတ်ဆက်မှုတွေ မရှိတဲ့အခါမှာ သူတို့က ဒီ စောစောကပြောတဲ့ လေပေါ်က တည်ဆောက်ထားတဲ့ တပ်ပေါင်းစုတွေအပေါ်မှာ ပါဝင်ဖို့ဆိုတာ သူတို့မှာ ဆန္ဒ မရှိကြဘူး။ ဆိုတော့ တကယ်တမ်း ကျွန်တော်တို့ စောစောက ပြောတဲ့ တပ်ပေါင်းစုတွေ တည်ဆောက်မယ်ဆို စနစ်တကျ မြေပြင်မှာရှိတဲ့ အစုအဖွဲ့တွေနဲ့ ကျွန်တော်တို့ ထိတွေ့ပြီး တော့မှ အင်အားစုတွေ၊ အင်အားစုကြီးတွေကို ထိတွေ့ပြီးမှ ကျွန်တော်တို့က စုပေါင်းတည် ဆောက်ကြမယ်လို့ ကျွန်တော်မြင်တယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ အဓိက လိုအပ်ချက်တွေ၊ ကျွန်တော်တို့ရဲ့ အဲ့ဒီ မြေပြင်မှာ တကယ့် ဒီ အစုအဖွဲ့တွေနဲ့ စနစ်တကျ ချိတ်ဆက်မှုတွေ၊ ထိစပ်မှုတွေ အချင်းချင်းကြားမှာ သဘောထား ညှိယူမှုတွေ၊ စကားပြောဆိုမှုတွေ စတဲ့ဟာတွေ ကျွန်တော်တို့ ဆီမှာ မရှိနေဘူးလို့ ကျွန်တော်က ယူဆတယ်။ ဆိုတော့ အဲ့ဒီဟာက ပထမ ကျွန်တော်တို့ ခြေလှမ်းဖြစ်မယ်လို့ ကျွန်တော်က ယူဆတယ်။
ဆလိုင်းဒိုခါရ် – ဟုတ်။ ဆရာ ဒါဆိုရင် ဒါ NUG နဲ့ ERO တွေက အခုအချိန်မှာ တကယ့် key player ဖြစ်နေဆဲဖြစ်တာပေါ့နော်။ သူတို့တွေကို အကြံပြုမယ်ဆိုရင် ဘယ်ကဏ္ဍကို ဦးစား ပေးပြီးမှ အခုအချိန်မှာ လုပ်ပေးဖို့ အကြံပြုချင်သလဲ။
Dee Yar Fish – ကျွန်တော့်အနေနဲ့ ဘာကို အကြံပြုချင်လဲဆိုရင် စောစောက ပြောတဲ့ reform ကိစ္စပေါ့လေ။ reform ကိစ္စကို ကျွန်တော် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတဲ့ ဟာ တစ်ချက်ပေါ့လေ။ နောက် ဒုတိယချက်က ကျွန်တော်တို့ မူဝါဒတွေပေါ့လေ။ မူဝါဒတွေကို ရှင်းရှင်းလင်းလင်း သေသေချာချာ ကျွန်တော်တို့ ချမှတ်နိုင်ဖို့ လိုပြီ၊ လိုတယ်လို့ ကျွန်တော်ထင်တယ်။ ဆိုတော့ ကျွန်တော်တို့ ရှေ့မှာလည်း ဒီ FDC တွေ ကျွန်တော်တို့ ရေးဆွဲခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် FDC ကလည်း ပထမပိုင်း၊ ဒုတိယပိုင်းနဲ့ ရပ်သွားတယ်။ ရပ်ပြီးတော့မှ အခု after ကို ပြန်ပြီးတော့မှ ပြန်စကြတယ်။ ဆိုတော့ ဆိုလိုရင်းသည် ကျွန်တော်တို့က တော်လှန်ရေးက ဒါ ငါးနှစ်ကြာလာပြီ။ ဒါပေမယ့် ကျွန်တော်တို့မှာ တကယ့် ဖော်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်က အရမ်းကို နောက်ကျကျန်ခဲ့တယ်လို့ ကျွန်တော်ယူဆတယ်။ ဆိုတော့ တကယ့် stakeholder တွေအနေနဲ့ မူဝါဒတွေ တိကျ သေချာတဲ့ ရှင်းလင်းတဲ့ မူဝါဒတွေကိုလည်း ကျွန်တော်တို့ ချမှတ်ဖို့ လိုတယ်လို့ ကျွန်တော် ယူဆတယ်။ ပြီးတော့မှ တကယ့် ဒီဒေသတိုင်းမှာ အားကောင်းတဲ့ အင်အားစုကြီးတွေ ပေါ့လေနော်။ ပြီးတော့မှ ဒီ stakeholder နေရာမှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေက သူ့ဒေသမှာ ရှိတဲ့ လူမျိုးစုတွေအပေါ်မှာ ရှင်းလင်းတဲ့ သဘောထားတွေ၊ ရှင်းလင်းတဲ့ မူဝါဒတွေ ချမှတ်ထားဖို့ လိုတယ်လို့ ကျွန်တော်ယူဆတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ တော်လှန်ရေး က ကျွန်တော်တို့ ခေတ်အဆက်ဆက်မှာ ကျွန်တော်တို့ ကြုံဖူးတာပေါ့နော်။ အရင်က ဒီ ၁၉၄၇၊ ၄၈ မှာလည်း ကျွန်တော်တို့ ဗြိတိသျှစစ်တပ်ကနေ ကျွန်တော်တို့ လွတ်လပ်ရေးရတယ်။ လွတ်လပ်ရေးရပေမယ့် ကျွန်တော်တို့ မျှော်မှန်းတဲ့ Federal ကို မသွားနိုင်တဲ့အခါမှာ တိုင်းရင်းသား ဒီ လူမျိုးစုတွေပေါ့လေ။ လူမျိုးစုတွေ တော်လှန်ကြတယ်။ အဲ့ဒီကနေ ဆက်လာ တယ်။ အခု နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ Federal ကို ထပ်ပြောကြတယ်။ ERO တွေ ကျွန်တော်တို့ အားကောင်းတယ်။ သို့ပေမယ့်လည်း ပြဿနာ ဘာဖြစ်လဲဆိုရင် ကျွန်တော်တို့ local မှာ “double minority” တွေ ကျန်သေးတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ မေ့နေ ကြတာပေါ့လေ။ မေ့နေကြတာ။ ဆိုတော့ အဲ့ဒီကိစ္စတွေကို ကျွန်တော်တို့ သဲသဲကွဲကွဲ ပြောနေကြတာ မရှိဘူး။ ဆိုတော့ ကျွန်တော်တို့ စောစောက ပြောတဲ့ “double minority” တွေရဲ့ identity ကို အပြည့်အဝ ကျွန်တော်တို့ အာမခံ မပေးနိုင်တဲ့အခါမှာ အဲ့ဒီ စောစောက ပြောတဲ့ လူမျိုးစုတွေက တန်ပြန်တော်လှန်ရေးတွေ ကျွန်တော်တို့ ဖြစ်လာတယ်။ တော်လှန်ရေးကို ထပ်ပြီးတော့ တန်ပြန်တဲ့ တော်လှန်ရေးတွေပေါ့လေ။ ဆိုတော့ ဒါတွေက တော်လှန်ရေးကို အများကြီး ဟန့်တားသွားနိုင်တယ်။ ဆိုတော့ အဲ့ဒါကြောင့်မို့ ဒီ stakeholder တွေကို ကျွန်တော် အကြံပြုချင်တာက အဲ့ဒီ စောစောက ပြောတဲ့ ထပ်ဆင့်လူနည်းစုတွေပေါ့ လေနော်။ ထပ်ဆင့်လူနည်းစုတွေရဲ့ အရေးကို အလေးထားဖို့ လိုတယ်။ ဒီလူတွေက တော်လှန်ရေးအတွက် အများကြီးအကျိုးသက်ရောက်မှုတွေရှိစေတဲ့ လူမျိုးစုတွေ ဖြစ်တယ် ပေါ့လေ။ လူအုပ်စုတွေ ဖြစ်တယ်။ ဆိုတော့ ဒီလူတွေရဲ့ identity၊ ဒီလူတွေရဲ့ အခွင့်အရေး တွေကို အပြည့်အဝ အာမခံနိုင်တဲ့၊ အာမခံပေးတဲ့၊ အသိအမှတ်ပြုပေးတဲ့ မူဝါဒတွေ ကျွန်တော်တို့ ရေးဆွဲထားဖို့၊ ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ ချမှတ်ထားဖို့ ကျွန်တော် လိုအပ်တယ်လို့ ကျွန်တော် ယူဆတယ်။ နောက်တစ်ခုက ဒီ နိုင်ငံတကာဆက်ဆံရေးပေါ့လေ။ ဆိုတော့ ကျွန်တော်တို့ အခုလက်ရှိ ကျွန်တော်တို့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံတကာဆက်ဆံရေးလို့ ပြောရင် ဒီလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံငါးနိုင်ငံကိုပဲ ကျွန်တော်တို့ ပြောကြည့်။ ဘယ်နိုင်ငံကို ကျွန်တော်တို့က နိုင်ငံရေးအရ ကျွန်တော်တို့ advocacy လုပ်ထားနိုင်ပြီလဲ။ ကျွန်တော်တို့ဘက် NUG အနေနဲ့ ဘယ်နိုင်ငံကို ကျွန်တော်တို့က စည်းရုံးထားနိုင်ပြီလဲပေါ့လေ။ ဆိုတော့ ကျွန်တော့်အနေနဲ့ ပြောမယ်ဆို ဒါ ကျွန်တော်တို့ဘက်မှာ NUG ကို အပြည့်အဝ အသိအမှတ်ပြုထားတဲ့၊ ထောက်ခံတဲ့ နိုင်ငံ တစ်နိုင်ငံမှ မရှိပါဘူး။ ကျွန်တော်တို့ neighboring နိုင်ငံတွေထဲမှာ။ ဆိုတော့ လာအိုပဲပြောပြော၊ ထိုင်းပဲပြောပြော၊ အိန္ဒိယပဲပြောပြော၊ ပါကစ္စတန်ပဲပြောပြော၊ တရုတ်ပဲပြောပြော အားလုံး ဒီ စစ်ကောင်စီနဲ့ တစ်နည်းမဟုတ်တစ်နည်း နီးစပ်နေတဲ့ နိုင်ငံတွေ ဖြစ်တယ်။ ဆိုတော့ သံတမန်ရေးရာက ဘယ်လောက်ထိ အားနည်းနေသလဲ ဆိုတဲ့ဟာကို ကျွန်တော်တို့ ပွင့်လင်းစေတာပေါ့လေ။ ကျွန်တော်တို့ နယ်နိမိတ်ထိစပ်နေတဲ့ ငါးနိုင်ငံ ရှိတယ်။ ငါးနိုင်ငံလုံးက ကျွန်တော်တို့ကို မထောက်ခံဘူးဆိုတာက ကျွန်တော်တို့မှာ ဘယ်လောက်ထိ အများကြီး အားနည်းချက် ရှိနေပြီလဲဆိုတာ ကိုယ့်ကိုကိုယ် သုံးသပ်လို့ရ တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီ နိုင်ငံတကာဆက်ဆံရေး ကိုလည်း ပိုပြီးတော့မှ ကျွန်တော်တို့ အားစိုက် ထုတ်ကြဖို့ လိုတယ်လို့ ကျွန်တော်ယူဆ ပါတယ်။ ကျေးဇူးပါ။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ဆရာ။ ဒီ ဆရာကိုယ်တိုင်ရော၊ ကျွန်တော် အင်တာဗျူးထိုင်ဖူးတဲ့ ဆရာတွေ တော်တော်များများက ထောက်ပြပေးတဲ့ဟာက တူညီတဲ့အချက် ပေါင်းစုံ ရှိတယ်။ အဲ့ဒီတူညီတဲ့အချက်ကိုပဲ နိုင်ငံတကာတွေကလည်း နင်းပြီးတော့မှ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ဟို မစည်းလုံးမှု၊ မညီညွတ်မှု။ အဲ့ဒါကြောင့် တကယ်လို့ သူတို့က နိုင်ရရင် တစ်နိုင်ငံလုံး ပြိုလဲသွားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပိုပေးကြပြီးမှ စစ်ကောင်စီကို မပြိုလဲအောင် ထောက်ပံ့သလို ပုံစံမျိုး ပြန်ဖြစ်နေတဲ့ တချို့ ကိစ္စရပ်တွေ ရှိတယ်။ ဆိုတော့ ဒါတွေကိုရော ဘယ်လို တုံ့ပြန်ချင်လဲ။ ဘယ်လို သုံးသပ်ချင်သလဲ ပေါ့နော်။ ဒီလို စစ်ကောင်စီကို ထောက်ပံ့ခြင်းထက် ကျွန်တော်တို့ကို တခြားနည်းလမ်းနဲ့ မကူညီသင့် ဘူးလား။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်ကို ဘယ်လို တုံ့ပြန်ချင်လဲ၊ ဘယ်လို အကြံပြုချင်သလဲ။ ကျွန်တော်တို့က ဟုတ်တယ်၊ ကျွန်တော်တို့ ကိုယ်တိုင် ဝန်ခံတယ်။ အားနည်းချက်တွေ ရှိနေတယ်။ ဒါပေမယ့် ကျွန်တော်တို့က စစ်ကောင်စီက ကျွန်တော်တို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်မလားဆိုတဲ့အပိုင်းပေါ့နော်။ တကယ် ပြန်မထိန်းချုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ကို ဘယ်လို ကူညီသင့်လဲ။
Dee Yar Fish – အဲ့ဒီကိစ္စကတော့ ကျွန်တော်တို့ တောက်လျှောက်ပေါ့လေ။ ကျွန်တော်တို့ နိုင်ငံတကာ advocacy လုပ်နေတဲ့ လူတိုင်းက ကြုံရတဲ့ မေးခွန်းလို့ ကျွန်တော်ယူဆတယ်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံက တကယ် သူတို့ ထောက်ပြသလိုပေါ့လေ၊ ထောက်ပြသလို သူတို့ ဒီ နိုင်ငံတွင်းရေးပေါ့လေ ဒီ စစ်ရေး၊ ပဋိပက္ခဖြစ်မှုက နှစ်ပေါင်း ၈၀ ကျော်ပေါ့လေ ကြာခဲ့ပြီ ဖြစ်တယ်။ ဆိုတော့ ဘယ်နိုင်ငံကမှ မရှိတဲ့ အခြေအနေမျိုးပေါ့လေ။ ဆိုတော့ ပြောချင်တာက ဒါ သူတို့ရဲ့ ချဉ်းကပ်မှု ဖြစ်တယ်။ နိုင်ငံတကာရဲ့ ချဉ်းကပ်မှု။ ဆိုတော့ လက်ရှိမှာ ကျွန်တော်တို့ အဲ့ဒါကြောင့်မို့ အင်အားစုတွေနဲ့ တွေ့တဲ့အခါမှာရော၊ stakeholder တွေနဲ့ ကျွန်တော်တို့ တွေ့တဲ့အခါမှာရော ကျွန်တော်တို့ရဲ့ အဆိုပြုချက်က အဲ့ဒါ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုကြားထဲမှာ ကျွန်တော်တို့ ဒီလို သဘောထား ညှိယူနိုင်ဖို့ ကျွန်တော်တို့ တပ်ပေါင်းစုတည်ဆောက်နိုင်မှုက vice ဖြစ်တယ်လို့ ကျွန်တော် ယူဆတယ်။ ဆိုတော့ ကျွန်တော် အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ပြည်နယ်တွင်းမှာ ရှိတဲ့ minority တွေက “double minority” တွေက အစ ကျွန်တော်တို့က လူမျိုးစု ချဉ်းကပ်မှု တွေကို သေသေချာချာ လုပ်ဖို့ လိုတယ်ဆိုတာ ကျွန်တော် အဲ့ဒါကို ဆိုလိုချင်တာဖြစ်တယ်။ ဆိုတော့ အခု ကျွန်တော်တို့မှာ ကြုံရတဲ့ ပြဿနာက ကရင်ပြည်နယ်၊ ကယားဒေသက သိပ်မပေါ်လွင်ဘူးပေါ့လေ။ သို့ပေမယ့်လည်း ကျွန်တော်တို့ ကချင်ဒေသနဲ့ ရှမ်းဒေသကို ကြည့်တဲ့အခါမှာ အဲ့ဒီ ပြည်သူ့စစ်ကိစ္စ ဖြစ်တယ်။ အဲ့ဒီ ပြည်သူ့စစ်တွေက ဘယ်မှာရှိလဲဆိုရင် “double minority” တွေမှာ ရှိတာ ဖြစ်တယ်။ “double minority” တွေဆိုတာက သူ့မှာ စောစောကပြောတဲ့ local သူတို့နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ local မှာ majority တွေ ရှိတယ်။ ဆိုတော့ အဲ့လိုဒေသတွေမှာ “double minority” တွေက ပြည်သူ့စစ်တွေ ဖွဲ့စည်းကြတာ ဖြစ်တယ်။ ဆိုတော့ အဲ့ဒါကြောင့်မို့ ကျွန်တော် တောက်လျှောက်လည်း ကျွန်တော် အဲ့ဒီ “double minority” case တွေကို ကျွန်တော် တောက်လျှောက် ကျွန်တော် ပြောတာတွေ ရှိပါတယ်။ ဘာပြောလဲဆိုရင် စောစောက ပြောတဲ့ဟာပေါ့လေ။ ကျွန်တော်တို့ “double minority” တွေရဲ့ စိတ်ခံစားချက်တွေ အရမ်းအရေးကြီးတယ်။ ဥပမာ ကျွန်တော်တို့က နိုင်ငံရေးအရ theory တွေ သူတို့ကို ဘယ်လို နိုင်ငံရေးအရ တွေးခေါ်တွေ ဘယ်လောက်ထိ သွားပြောသွားပြော “double minority” တွေ အစကတည်းက သူက ဒီ နိုင်ငံရေးအရရော စနစ်တကျ ဖိနှိပ်ခံထားရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့က ပညာတတ်တဲ့လူလည်း နည်းတယ်။ တကယ့် ဒီ နိုင်ငံရေးအရ ထိစပ်နိုင်တဲ့၊ တွေးခေါ်နိုင်တဲ့၊ သိနိုင်တဲ့ လူတွေကလည်း တော်တော်နည်းတယ်။ သူတို့ရဲ့ သင်ယူမှု၊ သူတို့ရဲ့ ဆုံးဖြတ်ချက်သည် ဘယ်အပေါ်မှာ မူတည်လဲဆိုတော့ သူတို့ရဲ့ ဘဝအတွေ့အကြုံက ဘယ်အတိုင်းအတာကနေ သူတို့က ချမှတ် တာ ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့က တော်လှန်ရေးအင်အားစုတွေက ဒီ minority, “double minority” ကို သေချာမချဉ်းကပ်တဲ့အခါမှာ “double minority” တွေက တန်ပြန် တော်လှန်ရေးကို ကျွန်တော်တို့ ဆင်နွှဲကြလာတာ ဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့က အဲ့ဒါက အရမ်း သတိထားဖို့ လိုတယ်။ နိုင်ငံတကာမှာလည်း စောစောက ပြောတဲ့ ကျွန်တော် တို့ ခင်ဗျားတို့ စစ်အာဏာရှင် ပြုတ်ကျသွားရင်ရော ခင်ဗျားတို့က အသွင်ကူးပြောင်းမှုထဲမှာ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်လားဆိုတဲ့ မေးခွန်းတွေက အဲ့ဒီအပေါ်မှာလည်း အများကြီး မူတည်လာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က မူဝါဒအရပေါ့ ကျွန်တော်တို့ စနစ်တကျ ဒီ တပ်ပေါင်းစုတွေကို တည်ဆောက်ပြီးတော့မှ စောစောက ပြောတဲ့ လူမျိုးစုအရေးတွေကိုလည်း သေသေချာချာ ကျွန်တော်တို့ ချဉ်းကပ်နိုင်တယ်ဆိုရင် သွားချင် တဲ့ နိုင်ငံ ဒါ ဒီလို ဖြစ်တယ်။ စစ်ကောင်စီစစ်တပ် ပြုတ်ကျသွားရင် ကျွန်တော်တို့ရဲ့ တည်ဆောက်နိုင်မှုက ဒီလောက် ဒီလိုရှိတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့က နိုင်ငံတကာကို လည်း advocacy လုပ်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။
ဆလိုင်းဒိုခါရ် – ဟုတ်။ နောက်ဆုံးအပိုင်းအနေနဲ့ ကျွန်တော် မေးချင်တာက အခု ကျွန်တော်တို့ ထိုင်းတို့ဆိုရင်လည်း ဒါ monarchy system လို့ ပြောလို့ရတာပေါ့နော်။ ဒီမိုကရေစီ ကိုယ်တိုင် တကယ်တကယ့် လမ်းဖွင့်ပေးပေမယ့် နိုင်ငံရေးစနစ်အရက တကယ့် ဘုရင်စနစ်ပေါ့နော်။ တရုတ်ဆိုလည်း ကွန်မြူနစ် ဖြစ်တယ်။ ဒါ နောက်ပြီးမှ ဒါ လာအိုတို့ဆိုလည်း တကယ့် တရုတ်လွှမ်းမိုးတဲ့ တိုင်းပြည်အပိုင်းအစ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင်လည်း ဒီမိုကရေစီက အပြည့်အဝ မရရှိတဲ့ နိုင်ငံဖြစ်တာပေါ့နော်။ ဒါပေမယ့် တစ်ခု ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံတစ်ခုမှာ ရှိတဲ့ဟာက အိန္ဒိယက တကယ့် ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း အတုယူဖို့ စဉ်းစားနေတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ သို့သော် အိန္ဒိယရဲ့ လက်ရှိရပ်တည်ချက်က စစ်ကောင်စီဘက်ကို ယိမ်းနေသလို ကျွန်တော်တို့ တွေ့နေရတာကိုး။ ဆိုတော့ အိန္ဒိယနဲ့ ပတ်သက်ပြီးတော့မှ ဆရာ့အနေနဲ့ အားရကျေနပ်မှု ရှိလား။ သူ အခု လက်ရှိ အိန္ဒိယက စစ်ကောင်စီဖက် ယိမ်းနေသလို ဖြစ်တဲ့ဟာက သူတို့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မလားပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံကို စစ်ကောင်စီက ပြန်လည်နိုင်သွားတယ်ဆိုရင် မြန်မာနိုင်ငံက ကျွန်တော်ပြောထားသလိုတော့ မြောက် ကိုရီးယားထက်တောင် အခြေအနေ ရှိနေတဲ့ နိုင်ငံတောင် ဖြစ်သွားနိုင်တဲ့ အခြေအနေရှိတယ်။ အဲ့ဒီလို တကယ် ဖြစ်လာတယ်ဆိုရင် အိန္ဒိယအတွက် မြန်မာနိုင်ငံက အိမ်နီးချင်းကောင်း ဖြစ်ပါရဦးမလားပေါ့နော်။ အဲ့တော့ အခုလက်ရှိ စစ်ကောင်စီဖက်ကို ယိမ်းနေတဲ့ အိန္ဒိယကို ဘယ်လို ပြောချင်သလဲပေါ့နော်။ ဘာတွေ တောင်းဆိုချင်သလဲ။
Dee Yar Fish – အိန္ဒိယနိုင်ငံသည် စောစောဆရာ ပြောသလို ကျွန်တော်တို့ရဲ့ တကယ့်ကို ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်တယ်။ ဆိုတော့ သူကိုယ်တိုင်သည် ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံဖြစ်နေသော်ငြားလည်းပဲ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့၊ အစိုးရလှဲချပြီး တိုက်ဖျက်နေတဲ့၊ တကယ့် အကြမ်းဖက်စစ်တပ်ကို ကျွန်တော်တို့ ထောက်ခံ နေခြင်းသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ လက္ခဏာနဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ပထမဆုံး ကျွန်တော် သိဖို့လိုတယ်ပေါ့လေ။ ဆိုတော့ ဒါကြောင့်မို့လို့ အိန္ဒိယနိုင်ငံအနေနဲ့ ကျွန်တော်တို့က သူ့ရဲ့ နိုင်ငံမှာရှိပြီးသား ဒီမိုကရေစီစံနှုန်း၊ စံညွှန်းတွေနဲ့ ညီ ကျွန်တော်တို့ရဲ့ စောစောက ပြောတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ချဉ်းကပ်တဲ့အခါမှာ ကျွန်တော်တို့က သူ့ရဲ့ လက္ခဏာနဲ့အညီ ကျွန်တော်တို့ ချဉ်းကပ်ဖို့ လိုတယ်ပေါ့လေ။ လုပ်ဖို့လိုတယ်။ ပြီးတော့မှ နောက်တစ်ခုက တကယ်လို့သာ စစ်ကောင်စီနိုင်သွားရင် မြန်မာနိုင်ငံက အိန္ဒိယအတွက် အိမ်နီးချင်းကောင်း ဖြစ်နိုင်လားဆိုတဲ့ဟာက နောက်တစ်ပိုင်းဖြစ်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော့်ယုံကြည်မှုသည် ကျွန်တော်တို့ တော်လှန်ရေးသည် အောင်ကို အောင်ရမယ်။ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပေါ့လေ။ ဆိုတော့ ဒါကို ကျွန်တော်တို့က စနစ်တကျ ကျွန်တော်တို့ တည်ဆောက်ဖို့ လိုတယ်။ စနစ်တကျ ကျွန်တော်တို့ လုပ်ဖို့ လိုတယ်။ ဆိုတော့ အိန္ဒိယအနေနဲ့လည်း တော်လှန်ရေး နိုင်သည်မနိုင်သည် အပထားပြီးမှ စစ်ကောင်စီနဲ့ ချိတ်ဆက်ဆောင်ရွက်နေခြင်းသည် သူ့အပေါ်မှာ အကျိုးသက်ရောက်မှု၊ ကောင်းကျိုးတွေ ရှိနိုင်လားဆိုရင် နိုးလို့ပဲ ကျွန်တော်က အဲ့ဒီလိုပဲ ဖြေရမှာပဲ။ ဘာလို့လဲဆိုရင် အကြမ်းဖက်စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတစ်ခုကနေ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေက ဘာကို မျှော်လင့်လို့ရနိုင်မလဲပေါ့လေ။ ကုန်စည်ရောင်းဝယ်မှုတွေ၊ ကူးသန်းရောင်းဝယ်မှုတွေ၊ သဘောတူစာချုပ်စာတမ်းတွေ သူတို့ ရနိုင်တယ်။ သို့ပေမယ့်လည်း တစ်ဖက်မှာ နိုင်ငံရေးအရ သူ့အပေါ်မှာ ဘာ ဘာတွေ ကောင်းကျိုးတွေ သက်ရောက်စေနိုင်လဲ ဆိုတဲ့ဟာ သုံးသပ်ဖို့ လိုတယ်ပေါ့လေနော်။ ဆိုတော့ အိန္ဒိယအနေနဲ့ ဒီ စောစောက ပြောတဲ့ အကြမ်းဖက်စစ်တပ်ကို ကူညီထောက်ပံ့၊ ပံ့ပိုးနေခြင်းသည် အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ကျူးလွန်မှု အားလုံးတွေကို ထောက်ပံ့ပေးနေခြင်း၊ ထောက်ခံပေးတာနဲ့ အတူတူဖြစ်တဲ့အတွက်ကြောင့်မို့ စောစောက ပြောတဲ့ အိန္ဒိယအစိုးရအတွက်လည်း ကောင်းကျိုး ရနိုင်မှာမဟုတ်ဘူး ဆိုတာကိုလည်း သူတို့အနေနဲ့ နားလည်၊ လက်ခံ၊ နားလည်ထားဖို့ လိုတယ်ပေါ့လေနော်။ ဆိုတော့ ကျွန်တော့်အနေနဲ့ နောက်ဆုံးပြောချင်တာ ဒီ အိန္ဒိယသည် မြန်မာနိုင်ငံကို ချဉ်းကပ်တဲ့ ချဉ်းကပ်ပုံသည် စစ်ကောင်စီရဲ့ ချဉ်းကပ်မှုပုံစံက ပိုပြီးတော့မှ strategic ကျလို့ သူတို့က ဒီအပေါ်မှာ မီပြီးတော့မှ လုပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့နိုင်ငံရဲ့ မူဝါဒသည်၊ ပေါ်လစီတွေအပေါ်မှာ ချင့်ချိန်ပြီးတော့မှ ဒီဟာနဲ့အညီ သူ့နိုင်ငံရဲ့ သွားနေတဲ့ လက္ခဏာနဲ့အညီ အိမ်နီးချင်းနိုင်ငံတွေကို ထိစပ်တဲ့အခါမှာ အဲ့ဒီအတိုင်း သူတို့က ဆက်ဆံသင့် တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။
ဆလိုင်းဒိုခါရ် – ကျွန်တော်တို့ ဒါ လိုအပ်ချက်တော့ တော်လှန်ရေးမှာ ရှိနေသေးတယ်။ ဒါပေမယ့် တစ်ဖက်မှာ နိုင်ကို နိုင်မယ့် တော်လှန်ရေးလို့ ဆိုပြီးတော့မှ ဆရာကိုယ်တိုင်လည်း ဆွေးနွေးသွားတဲ့အခါကျတော့ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာများ မှာကြား၊ ဆွေးနွေး၊ ခွန်အားပေးချင်တာလဲပေါ့နော်။ နိုင်ကို နိုင်မယ့် တော်လှန်ရေးမှာ ဘယ်လို ဆက်လက် ပြီးတော့မှ တောင်းခံပေးဖို့၊ ခွန်အားပေးချင်သလဲ။
Dee Yar Fish – နောက်ဆုံးအနေနဲ့ ကျွန်တော် ပြည်သူတွေကို ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ ဒီ လက်ရှိမှာ ဒီ တော်လှန်ရေးကို ထမ်းတင်ထားတာသည် ကျွန်တော်တို့ ပြည်သူလူထုတွေ ဖြစ်တယ်။ ပြည်သူလူထု အားနဲ့ ကျွန်တော်တို့က တော်လှန်ရေး အရှိန်ကို ကျွန်တော်တို့ သွားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူလူထုသည် ကျွန်တော်တို့ရဲ့ တော်လှန်ရေးရဲ့ အားဖြစ်တယ်၊ တော်လှန်ရေးရဲ့ မောင်းနှင်အားဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူလူထုသည် ဆက်ပြီးတော့မှ ကျွန်တော်တို့ တော်လှန်ရေးထဲမှာ ပါဝင်ဖို့ လိုတယ်။ ဒီ စစ်ကောင်စီရဲ့ ယုတ်မာမှု၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့မှ ကျွန်တော်တို့ မြင်တွေ့လာရတယ်။ ပိုပြီးတော့မှ ရက်စက်မှုတွေ၊ တရစပ် လုပ်ဆောင်လာတာ တွေ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူလူထုဟာ တော်လှန်ရေးအပေါ်မှာ ဇွဲမလျော့ဘဲနဲ့ အစအဆုံး အမြဲတမ်း ကျွန်တော်တို့ တော်လှန်ရေးအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ ကျွန်တော်တို့ ပါဝင်နေတဲ့ အတွက်ကြောင့် ပြည်သူလူထုကို ကျေးဇူးတင်တယ်။ ဆက်ပြီးတော့မှလည်း ကျွန်တော်တို့ တော်လှန်ရေးမှာ ကျွန်တော်တို့ ပါဝင်ကြရအောင်၊ ကျွန်တော်တို့ အတူတူ ပူးပေါင်း ကျွန်တော်တို့ ထမ်းတင်ကြရအောင်၊ ကျွန်တော်တို့ တပ်ပေါင်းစုတွေ ကျွန်တော်တို့ တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ တစ်ဖက်မှာ ကျွန်တော်တို့ တွန်းနေသလို ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်တော်တို့ ပါဝင်နိုင်တဲ့ ကဏ္ဍတွေကနေ ကျွန်တော်တို့ တော်လှန်ရေးကို သွားကြရအောင် ဆိုပြီးတော့မှ ကျွန်တော်တို့ အဲ့ဒီလို ပြောချင်ပါတယ်။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ ကို Dee Jar Fish ရေ ကျွန်တော်တို့ကို အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
Dee Yar Fish – ဟုတ်ကဲ့။ ကျေးဇူးပါ။