မတ် ၂

The Kaladan Post

 

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်ကို စတင်တိုက်ခိုက်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီး နှစ်ရက်အကြာတွင် အရှေ့အလယ်ပိုင်းဒေသအနှံ့ရှိ အမေရိကန် စစ်စခန်းများနှင့် အစ္စရေး စစ်ရေးပစ်မှတ်များကို အီရန်ဘက်မှ အရှိန်မြှင့် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ပွဲ ဒုတိယနေ့ဖြစ်သော မတ်လ ၁ ရက်နေ့တွင် အမေရိကန် စစ်သည် ၃ ဦး သေဆုံးခဲ့ကြောင်း Donald Trump က အတည်ပြု ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန် စစ်စခန်းများ လက်ခံထားသည့် အာရပ်နိုင်ငံများလည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ဟန့်တားနေရကြောင်း သိရသည်။

တိုက်ခိုက်မှုခံခဲ့ရသည့် နိုင်ငံများအနက် Qatar၊ Bahrain၊ Kuwait၊ United Arab Emirates၊ Iraq နှင့် Jordan တို့ ပါဝင်ခဲ့သည်။

ကာတာနိုင်ငံတွင် တည်ရှိသည့် အမေရိကန် စစ်ရေးဗဟိုကွပ်ကဲမှုဌာန United States Central Command (CENTCOM) ၏ အခြေစိုက်စခန်းဖြစ်သော Al Udeid Air Base သည် အီရန်မှ ပစ်လွှတ်သည့် ဒရုန်းနှင့် ဒုံးကျည်များကို ကြားဖြတ် ပစ်ချနေရကြောင်း အတည်ပြုခဲ့သည်။

ဘာရိန်းနိုင်ငံရှိ အမေရိကန် အမှတ် ၅ ရေတပ်မကြီး ဌာနချုပ်စခန်းမှာလည်း အီရန် ဒုံးကျည်ထိမှန်ခဲ့ပြီး အချို့ အပျက်အစီးများ ရှိခဲ့ကြောင်း သိရသည်။

ကူဝိတ်နိုင်ငံရှိ Ali Al Salem Air Base လေတပ်စခန်းတွင်လည်း ဒုံးကျည်နှင့် ဒရုန်းကျရောက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သည့် အမေရိကန် စစ်သည် ၃ ဦးမှာ ထိုစခန်းရှိ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။

ယူအေအီးနိုင်ငံ အဘူဒါဘီအနီးရှိ Al Dhafra Air Base တဝိုက်တွင်လည်း ပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

အီရတ်နိုင်ငံတွင် အမေရိကန်တပ်များ တည်ရှိရာ Al Asad Airbase နှင့် Erbil Air Base တို့ကိုလည်း အီရန်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ အာဘီလ်မြို့တွင် အစ္စရေး ထောက်လှမ်းရေးအဖွဲ့ Mossad ၏ အခြေစိုက်စခန်းတစ်ခုကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့ကြောင်း အီရန်ဘက်မှ ကြေညာထားသည်။

ဂျော်ဒန်နိုင်ငံတွင် အမေရိကန် လေတပ် အခြေစိုက်ထားသည့် Muwaffaq Al Salti Air Base ကိုလည်း အဓိက ပစ်မှတ်ထားခဲ့ပြီး အီရန် ဒုံးကျည်များကို အမေရိကန်နှင့် ဂျော်ဒန် လေကြောင်းကာကွယ်ရေးစနစ်များက ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံတွင်လည်း Jerusalem၊ Tel Aviv အပါအဝင် မြို့ကြီးများတွင် လေကြောင်းအန္တရာယ် အချက်ပေးသံများ ဆက်တိုက်မြည်ဟည်းနေခဲ့သည်။ မတ်လ ၁ ရက်နေ့တွင် ဘိတ်ရှီမတ်ဒ်ဒေသရှိ ဘုရားကျောင်းတစ်ခုအတွင်း ဖွင့်လှစ်ထားသည့် ဗုံးခိုဘန်ကာကို ဒုံးကျည်တစ်စင်း တိုက်ရိုက်ထိမှန်ခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အီရန်သည် ဆိုက်ပရပ်စ်တွင်ရှိသည့် ဗြိတိန် လေတပ်စခန်းတစ်ခုကိုပါ ဒရုန်းဖြင့် ပစ်ခတ်ခဲ့ပြီး ဗြိတိန်ဘက်မှ အမေရိကန်နှင့် ပူးပေါင်းကာ ကြားဖြတ်ဟန့်တားခဲ့ကြောင်း ကြေညာထားသည်။

ပြင်သစ်နိုင်ငံကလည်း ယူအေအီးရှိ ၎င်းတို့ လေတပ်စခန်းတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် လေယာဉ်ရုံတစ်ခု ထိခိုက်ခဲ့သော်လည်း ကြီးမားသည့် အပျက်အစီးမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက် ပြင်သစ်ရေတပ်သည် Charles de Gaulle လေယာဉ်တင် သင်္ဘောကြီးကို မြေထဲပင်လယ် အရှေ့ပိုင်းသို့ ပြန်လည် စေလွှတ်ထားကြောင်း သိရသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်လာမှုသည် အရှေ့အလယ်ပိုင်း၏ လုံခြုံရေးနှင့် စွမ်းအင်ဈေးကွက်အပေါ် ကြီးမားသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးထားသည်။

 

သတင်းရင်းမြစ် – BBC News၊ Stars and Stripes၊ Anadolu Agency

ဓာတ်ပုံ – AFP