မတ် ၄
The Kaladan Post
အရှေ့အလယ်ပိုင်း ဒေသတွင်း ရေလမ်းကြောင်းများ၏ လုံခြုံရေးကို အမေရိကန်နိုင်ငံအနေဖြင့် အာမခံပေးနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုများအပြီးတွင် အီရန်က နိုင်ငံတောင်ပိုင်းရှိ မဟာဗျူဟာ အရေးပါသည့် ဟောမုဇ် ရေလက်ကြား ကို ပိတ်ချခဲ့သည်။ အဆိုပါ ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာနေသည့် အရေးကြီး ရေလမ်းကြောင်းဖြစ်သည်။ ထို့ပြင် ယင်းရေလမ်းကို ဖြတ်သန်းသည့် ရေယာဉ်အားလုံးကို တိုက်ခိုက်သွားမည်ဟုလည်း အီရန်ဘက်က ကြုံးဝါးထားသည်။
သတင်းများအရ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းနေစဉ် ရေနံတင်သင်္ဘော လေးစီးထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး မတ်လ ၁ ရက်နေ့မှစတင်၍ ယင်းဒေသအတွင်း သင်္ဘောသွားလာမှုများ ရပ်တန့်သွားခဲ့သည်။ ထိုအခြေအနေကြောင့် ကမ္ဘာတလွှားတွင် ရေနံနှင့် လောင်စာဆီပြတ်လပ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သလို နိုင်ငံတကာ စွမ်းအင်ဈေးနှုန်းများလည်း တက်မြင့်ခဲ့သည်။
ထရမ့်က ၎င်း၏ အစိုးရအနေဖြင့် ဟောမုဇ် ရေလက်ကြားအပါအဝင် အရှေ့အလယ်ပိုင်းဒေသ ရေပြင်များတွင် သင်္ဘောများ ဘေးကင်းစွာ ကူးသန်းနိုင်ရေးအတွက် “သင့်တင့်သည့် စျေးနှုန်း” ဖြင့် လုံခြုံရေးအာမခံ ဝန်ဆောင်မှုတစ်ရပ်ကို ပံ့ပိုးပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အစီအစဉ်အရ ဒေသတွင်း သင်္ဘောကုမ္ပဏီများသည် လုံခြုံရေးအာမခံကြေး ပေးချေရမည်ဖြစ်ပြီး လိုအပ်ပါက အမေရိကန် စစ်သင်္ဘောများက ခြံရံလိုက်ပါကာကွယ်ပေးသွားမည်ဟု ဆိုသည်။
ထို့ပြင် အမေရိကန်၏ U.S. International Development Finance Corporation (DFC) ကိုလည်း ပင်လယ်ကွေ့ဒေသအတွင်း ရေကြောင်းကုန်သွယ်ရေး—အထူးသဖြင့် စွမ်းအင်ကဏ္ဍ—အတွက် ဘေးကင်းရေးအာမခံပေးနိုင်မည့် မူဝါဒများ ရေးဆွဲတင်ပြရန် ညွှန်ကြားထားကြောင်း မတ်လ ၃ ရက်နေ့တွင် ထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် နိုင်ငံတကာ ဆိုင်ရာ ပညာရှင်များကတော့ စစ်ရေးတင်းမာမှုများ ဆက်လက်ကြာရှည်နေပါက အာမခံကမ်းလှမ်းမှုသာဖြင့် မလုံလောက်နိုင်သေးကြောင်း၊ သင်္ဘောကုမ္ပဏီများအနေဖြင့် ဟောမုဇ် ရေလမ်းကြောင်းကို ပြန်လည်အသုံးပြုရန် ယုံကြည်မှု ပြန်လည်ရရှိရေးအတွက် အချိန်လိုအပ်နိုင်ကြောင်း သုံးသပ်ထားသည်။
ထရမ့်၏ ကြေညာချက်အပြီးတွင် ကမ္ဘာ့ရေနံဈေးနှုန်းများ တစ်စိတ်တစ်ပိုင်း ပြန်လည်ကျဆင်းလာခဲ့သည်။ ထို့အပြင် စွမ်းအင်ဆိုင်ရာ လက်ရှိစိန်ခေါ်မှုများကို ဆွေးနွေးရန် စွမ်းအင်ဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဟုလည်း ထရမ့်က ပြောကြားထားသည်။
မတ်လ ၂ ရက်နေ့တွင် အီရန်အရာရှိတစ်ဦးက ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် မည်သည့်ရေယာဉ်မဆို တိုက်ခိုက်ခံရမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။
ကိုးကား – BBC
ဓာတ်ပုံ – United States Navy (ပုံဟောင်း)