အာဇာနည်နေ့ကို ကျော်လွန်၍… ယနေ့ခေတ် တော်လှန်ရေးမျိုးဆက်သစ်တို့၏ သမိုင်းပေးတာဝန်
ဇူလိုင် (၁၉)
အယ်ဒီတာ့အာဘော်
ယနေ့ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် ကြီးစွာသော ဝမ်းနည်းခြင်း၊ နှမြောတသခြင်းတို့နှင့်အတူ အဖိုးမဖြတ်နိုင်သော သင်ခန်းစာ များကို ပြန်လည်ကမ္ပည်းတင်ရမည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဖြစ်ရပ်သည် သမိုင်းစာမျက်နှာပေါ်မှ ဖြစ်ရပ်တစ်ခုမျှသာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်၏ အမှောင်ဆုံးကာလကို ဖြတ်သန်းနေရသော ယနေ့မြန်မာနိုင်ငံအတွက် လမ်းပြကြယ်၊ မီးရှူး တန်ဆောင်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။
၁။ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်သည် တော်လှန်ရေး၏ အသက်သွေးကြောဖြစ်သည်
အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဖဆပလအစိုးရအဖွဲ့သည် တိုင်းရင်းသားပေါင်းစုံ၏ စုစည်းညီညွတ်မှုကို အကောင်းဆုံးပြသခဲ့သည့် သမိုင်းဝင်သာဓကဖြစ်သည်။ ဗမာလူမျိုး ဗိုလ်ချုပ်အောင်ဆန်း၊ ကရင်အမျိုးသား မန်းဘခိုင်၊ ရှမ်းစော်ဘွားကြီး စဝ်စံထွန်း၊ မြန်မာ မွတ်စလင် ပညာရေးဝန်ကြီး ဦးရာဇတ် စသည်ဖြင့် လူမျိုး၊ ဘာသာ၊ နောက်ခံသမိုင်းမခွဲခြားဘဲ “နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး” ဟူသော ဘုံရည်မှန်းချက်အတွက် အတူတကွ လက်တွဲခဲ့ကြသည်။ ဤပြည်ထောင်စုစိတ်ဓာတ်သည်ပင်လျှင် လွတ်လပ်ရေး၏ အဓိက သော့ချက်ဖြစ်ခဲ့သည်။
နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF/LPDF)၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ (ပအဖ) နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ စစ်မှန်သော ညီညွတ်မှုအပေါ်တွင် တည်မှီ နေသည်။ အာဇာနည်ခေါင်းဆောင်များ ချမှတ်ခဲ့သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ် ကို လက်တွေ့ကျင့်သုံးမှသာလျှင် စစ်အာဏာရှင်စနစ် ကို အမြစ်ဖြတ်ချေမှုန်းနိုင်ပြီး အားလုံးမျှော်မှန်းနေသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တည်ဆောက်နိုင်မည်ဖြစ်သည်။
၂။ ပြည်တွင်းသစ္စာဖောက်နှင့် အာဏာရူးဝါဒသည် အဓိကရန်သူဖြစ်သည်
နိုင်ငံတော်လုပ်ကြံမှုကြီးသည် ပြင်ပရန်သူကြောင့်မဟုတ်ဘဲ ပြည်တွင်းနိုင်ငံရေးပြိုင်ဘက် ဂဠုန်ဦးစော၏ အာဏာမက်မောမှု၊ မနာလိုဝန်တိုမှုမှ မြစ်ဖျားခံခဲ့သည်။ ဤဖြစ်ရပ်သည် တိုင်းပြည်တစ်ခု၏ အကြီးမားဆုံးရန်သူမှာ ပြည်ပကျူးကျော်သူများထက် ပြည်တွင်းမှ သစ္စာဖောက်များ၊ အာဏာကို ဘိုးဘွားအမွေပမာ ဆုပ်ကိုင်ထားလိုသူများ ဖြစ်ကြောင်း သမိုင်းက သက်သေထူခဲ့သည်။ ဂဠုန်ဦးစော၏ တစ်ကိုယ်ကောင်းဆန်မှုသည် တိုင်းပြည်၏ အနာဂတ်ကို နင်းခြေဖျက်ဆီးခဲ့သည်။
ဂဠုန်ဦးစော၏ အတ္တနှင့် အာဏာရူးစိတ်ဓာတ်သည် ယနေ့ခေတ် စစ်အာဏာရှင်များထံတွင် ပုံစံတူ ဆက်လက်ရှင်သန်နေသည်။ ပြည်သူလူထု၏ ဆန္ဒကို သေနတ်ဖြင့် နင်းခြေပြီး အာဏာသိမ်းခဲ့ခြင်းသည် ၁၉၄၇ လုပ်ကြံမှုထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသော နိုင်ငံတော်ကို သစ္စာဖောက်မှုဖြစ်သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့၏ အဓိကရန်သူမှာ အာဏာရှင်စနစ်နှင့် ၎င်းကိုထောက်ခံသော တစ်ကိုယ်ကောင်းဆန်သည့် ယန္တရားတစ်ခုလုံးဖြစ်ကြောင်း ရှင်းလင်းစွာမြင်ပြီး တိုက်ဖျက်ကြရမည်။
၃။ ခေတ်အဆက်ဆက်ရှင်သန်နေသော အာဇာနည်စိတ်ဓာတ်
“အာဇာနည်” ဆိုသည်မှာ မိမိအသက်ကိုပင် မငဲ့ကွက်ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံသူကို ဆိုလိုသည်။ အာဇာနည်ခေါင်းဆောင်ကြီးများနည်းတူ ၁၉၆၂ မှစ၍ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အသက်ပေးခဲ့ကြသော ဆလိုင်းတင်မောင်ဦး၊ ဖုန်းမော်၊ စိုးနိုင်မှသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ယနေ့ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော လူငယ်များ၊ ရဲဘော်များအထိ အာဇာနည်အသစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းခဲ့သည်။ သူတို့အားလုံးသည် ရာထူး၊ အာဏာထက် ပြည်သူ့လွတ်မြောက်ရေးနှင့် တရားမျှတမှုကို တန်ဖိုးထားကြောင်း မိမိတို့၏ အသက်နှင့်ဘဝကိုပေးဆပ်၍ သက်သေပြခဲ့ ကြသည်။
လူငယ်တိုင်းသည် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သော အာဇာနည်စိတ်ဓာတ်ကို ရင်ဝယ်ပိုက် လျက် မိမိတတ်ကျွမ်းသော ပညာရပ်၊ မိမိရောက်ရှိနေသော နေရာမှနေ၍ တော်လှန်ရေး အောင်မြင်မှုနှင့် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ရန် သမိုင်းပေးတာဝန်ရှိသည်။ အသက်ပေးလှူသွားသော အာဇာနည်အပေါင်း၏ သွေးမြေကျရာ မြေ၌ အာဏာရှင်စနစ်ကို အပြီးတိုင် မြှုပ်နှံပစ်ရမည်။
၄။ အကြမ်းဖက်နိုင်ငံရေးကို တော်လှန်ပြီး တရားမျှတမှုကို တည်ဆောက်ခြင်း
၁၉၄၇ လုပ်ကြံမှုအပြီးတွင် ပြည်သူလူထုက “လူသတ်ဝါဒရှုတ်ချပွဲ” ကြီးကို ချက်ချင်း ပြုလုပ်ကာ နိုင်ငံရေးပြဿနာကို အကြမ်းဖက်ဖြေရှင်းခြင်းအား ဆန့်ကျင်ခဲ့သည်။ တရားခံများ ကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထား ကြောင်း ပြသခဲ့သည်။ ယနေ့ စစ်ကောင်စီသည် နိုင်ငံကို အကြမ်းဖက်မှုနှင့် မတရားမှုများဖြင့် အုပ်ချုပ်နေသည်။ သူတို့၏ လက်နက်မှာ အကြမ်းဖက်မှုဖြစ်ပြီး ကျွန်ုပ်တို့တော်လှန်ရေး၏ အသက်သွေးကြောမှာ တရားမျှတမှု ဖြစ်သည်။
နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်တို့၏ အကြမ်းဖက်စနစ်ကို အမြစ်ဖြတ်ပြီး တရားဥပဒေစိုးမိုးသော၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုကို အာမခံသော လူ့ဘောင်သစ်ကို တည်ဆောက်ရန်ဖြစ်သည်။ တော်လှန်ရေးကာလအတွင်း၌ပင် စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ခြင်း၊ ဖမ်းဆီးရမိသော ရန်သူ့တပ်ဖွဲ့ဝင်များကို လူသားချင်းစာနာမှုဖြင့် ဆက်ဆံခြင်းတို့သည် ကျွန်ုပ်တို့ တည်ဆောက်လိုသော အနာဂတ်နိုင်ငံ၏ တန်ဖိုးများကို ဖော်ပြနေခြင်းဖြစ်သည်။
၅။ ကျဆုံးသူတို့၏ အိပ်မက်ကို မျိုးဆက်သစ်တို့က အကောင်အထည်ဖော်ရမည်
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားသော်လည်း လွတ်လပ်ရေးကြိုးပမ်းမှုမှာ ရပ်တန့်မသွားခဲ့ပါ။ ဦးနုနှင့်တကွ ကျန်ခေါင်းဆောင်များက တာဝန်ကိုချက်ချင်းလွှဲယူကာ လွတ်လပ်ရေးပန်းတိုင်သို့ ဆက်လက်ချီတက်ခဲ့သည်။ လူပုဂ္ဂိုလ်များ သေဆုံးနိုင်သော်လည်း သူတို့၏ ရည်မှန်းချက်နှင့် တိုင်းပြည်အတွက် ထမ်းဆောင်ရမည့်တာဝန်မှာ သေဆုံး ပျောက်ကွယ်မသွားပါ။ အာဇာနည်များ အမှန်တကယ်လိုလားခဲ့သော၊ ပင်လုံစာချုပ်တွင် ကတိကဝတ်ပြုခဲ့သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု” တည်ဆောက်ရေးတာဝန်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် မပြီးမြောက် သေးဘဲ ကျွန်ုပ်တို့ မျိုးဆက်သစ်များ၏ ပခုံးပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အာဇာနည်နေ့သည် မျက်ရည်ကျ၍ ဝမ်းနည်းပူဆွေးရုံသက်သက်မဟုတ်။ ကျဆုံးလေပြီးသော အာဇာနည်များ အသက်ပေးသွားသည့် ပြည်ထောင်စုစိတ်ဓာတ်၊ တရားမျှတမှု၊ ဒီမိုကရေစီစနစ်နှင့် ပြည်သူကိုဗဟိုပြုသော နိုင်ငံ့အကျိုး ဟူသည့် တန်ဖိုးများကို ကျွန်ုပ်တို့၏ တော်လှန်ရေးနှလုံးသားထဲတွင် ပြန်လည်ကမ္ပည်းထိုးရမည့်နေ့ ဖြစ်သည်။ ဤသမိုင်းဝင် သင်ခန်းစာများကို ရင်ဝယ်ပိုက်၍ စစ်ဖိနပ်အောက်မှ လွတ်မြောက်ပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ကို သံမဏိစည်းလုံးညီညွတ်မှုဖြင့် မလွဲမသွေ တည်ဆောက်သွားကြရမည် ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းရေးသားအပ်ပါသည်။