ဇူလိုင် ၅

The Kaladan Post

“လူတိုင်းနီးပါး ဒုက္ခတွေကို ခံနိုင်ရည်ရှိကြပေမဲ့ လူတစ်ယောက်ရဲ့ စရိုက်စစ်မှန်မှုကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးကြည့်ပါ” ဟူသော ဆိုရိုးစကားသည် မြန်မာ့လက်ရှိနှင့် အနာဂတ်ခေါင်းဆောင်များအပေါ် ကျရောက်နေသည့် ကြီးမားသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး လက်ရှိ မြင်တွေ့နေရသော ရလဒ်များမှာမူ ရင်လေးဖွယ်ရာ ဖြစ်နေပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော ပဋိပက္ခတွင် နယ်မြေပြဿနာကို လက်နက်ဖြင့် ဖြေရှင်းသည့်နည်းလမ်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ အစောပိုင်း ကာလများတွင် ရိုးသားစွာဖြင့် တော်လှန်ရေး၌ ပါဝင်ခဲ့ကြသူများပင် အချိန်ကြာလာသည် နှင့်အမျှ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာတို့ကို တစ်စုတစ်စည်းတည်း ကိုင်တွယ်လာကြသည်။ မင်းအောင်လှိုင်နှင့် သူ၏အပေါင်းအပါများမှာ အာဏာသိမ်းသည့် အချိန်ကတည်းက အာဏာ၏အရသာကို ငမ်းငမ်းတက် မက်မောခဲ့ကြသည်မှာ ထင်ရှားပြီး ဖြစ်၍ ပြည်သူလူထုက ၎င်းတို့အား “အာဏာရူးအုပ်စု” အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

သို့ရာတွင် တော်လှန်ရေးအင်အားစုများဘက်၌လည်း အာဏာနှင့် ထိတွေ့လာသည့်အခါ ပြဿနာများ ပေါ်ပေါက်လာသည်ကို မြင်တွေ့နေရသည်။ ဤအချက်က တော်လှန်ရေးကို ဦးဆောင်နေသူ တစ်ဦးချင်းစီ၏ စရိုက်စစ်မှန်မှုကို အာဏာဖြင့် စမ်းသပ်ရာတွင် အောင်မြင်မှု နည်းပါးနေသည်ကို ဖော်ပြနေပါသည်။ လက်နက်အင်အားကို အခြေခံသည့် “လက်နက် အားကြီးလျှင် အာဏာကျယ်ပြန့်မည်” ဟူသော အတွေးအခေါ်ကြောင့် တော်လှန်ရေး၏ မူလ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ဖြုတ်ချရေးသည် ဒုတိယဦးစားပေး ဖြစ်သွားမည် ကို စိုးရိမ်ဖွယ်ရာ ဖြစ်လာပါသည်။

နယ်မြေအငြင်းပွားမှုများ ရှုပ်ထွေးလာခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် စသည့်ဒေသများတွင် လက်နက်ကိုင်အုပ်စုအသီးသီးက မိမိတို့သိမ်းပိုက်ထားသော နယ်မြေကို “ကိုယ်ပိုင်နယ်မြေ” အဖြစ် သတ်မှတ်လာကြသည်။ ဖက်ဒရယ်မူဝါဒအရ နယ်မြေသတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်းထက် လက်နက်အင်အားသုံး၍ နယ်နိမိတ်ပိုင်းခြားခြင်းကို ဦးစားပေးလာကြသည်။ အထူးသဖြင့် ချင်းပြည်နယ်တွင် အခြားဒေသများထက် အခြေအနေ ပိုမိုရှုပ်ထွေးနေသည်။ ချင်းပြည်နယ်အတွင်း၌ “ချင်းတစ်ပြည်နယ်လုံးကို ကိုယ်စားပြုသည့်အဖွဲ့”၊ “မြို့နယ်အဆင့် ကိုယ်စားပြုသည့်အဖွဲ့”၊ “မျိုးနွယ်စုအလိုက် ဖွဲ့စည်းထားသည့်အဖွဲ့” စသည်ဖြင့် အဖွဲ့ပေါင်းစုံ ကွဲပြားလျက်ရှိပြီး တစ်ခါတစ်ရံတွင် အချင်းချင်း နယ်မြေလုရန် လက်နက်အင်အား သုံးကြသည်အထိ ဖြစ်လာသည်။ မျိုးနွယ်စုတစ်ခုတည်းတွင်ပင် လက်နက်ကိုင်နှစ်ဖွဲ့ရှိပါက အပြိုင်အဆိုင် ဖြစ်တတ်ကြသည်။ ဤသို့သော အခြေအနေများသည် အပြစ်မဲ့ပြည်သူများကိုသာ ဒုက္ခတွေ့စေလျက်ရှိပါသည်။

အနာဂတ်အတွက် သတိပေးချက်နှင့် အကြံပြုချက်

လက်ရှိဖြစ်စဉ်များသည် မြန်မာ့တော်လှန်ရေး၏ ခေါင်းဆောင်အများစုမှာ အာဏာဖြင့် စရိုက်စစ်မှန်မှုကို စမ်းသပ်ခံရာတွင် ကျရှုံးနေသည်ကို ထင်ဟပ်နေပါသည်။ ဗမာအများစု နေထိုင်ရာ ဒေသများတွင် ဖြစ်ပေါ်နေသော နယ်မြေအငြင်းပွားမှုများကို ဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ခံကိုယ်စားလှယ်များတွင် အဓိကတာဝန်ရှိသကဲ့သို့ အခြားတိုင်းရင်းသားနယ်မြေများတွင်လည်း အဖြေရှာဖြေရှင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အသီးသီး ရှိကြပါသည်။

ထို့ကြောင့် လက်နက်ဖြင့် အာဏာကို တည်ဆောက်နိုင်သော်လည်း ရေရှည်တည်တံ့ခိုင် မြဲသော တရားဝင်အာဏာကိုမူ ရွေးကောက်ပွဲစနစ်ဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်သည်။ လက်ရှိ လက်နက်ဖြင့် နယ်မြေထိန်းချုပ်ထားသူများအနေဖြင့် အနာဂတ်တွင် မိမိတို့နယ်မြေ၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့မဲဆန္ဒဖြင့် ယှဉ်ပြိုင်ရဲသည့်သတ္တိ ရှိမရှိ၊ ယှဉ်ပြိုင်ပါက အနိုင်ရနိုင်ခြေ ရှိမရှိကို ကြိုတင်သုံးသပ်ထားရန် အရေးကြီးလှပါသည်။

သို့ဖြစ်၍ ခေါင်းဆောင်များအနေဖြင့် လက်နက်ကိုင်စွဲ၍ အာဏာကို ငမ်းငမ်းတက် ဖြစ်နေခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် တရားဝင်အာဏာရယူနိုင်ရန် ပြင်ဆင်ထားသင့် ပါသည်။ လက်နက်ဖြင့် အရာရာကို ဖြေရှင်းမည့်အစား ပြည်သူ့အကျိုးကို ကျယ်ပြန့်စွာ ဖော်ဆောင်ခြင်းဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရယူရန် လိုအပ်ပါသည်။ ဤနည်းလမ်းမှတစ်ဆင့်သာ ၎င်းတို့၏ နယ်မြေများသည် ယာယီသိမ်းပိုက်ထားသည့် နယ်မြေအဖြစ်မှ ရေရှည်တည်တံ့သော အုပ်ချုပ်မှုအဖြစ်သို့ ကူးပြောင်းနိုင်မည်ဖြစ်သည်။

သို့မဟုတ်ဘဲ လက်နက်အားကိုးဝါဒဖြင့်သာ ရှေ့ဆက်နေပါက လက်ရှိသိမ်းပိုက်ထားသော နယ်မြေများသည် သမိုင်းတွင် “ကျူးကျော်နယ်မြေများ” အဖြစ်သာ မှတ်တမ်းဝင်သွားမည် ဖြစ်ပြီး “လူထုထောက်ခံမှုဖြင့် အောင်ပွဲဆင်နိုင်သူများ” အဖြစ် ဂုဏ်ယူနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် လက်နက်အားကိုးခြင်းကို ရပ်တန့်သင့်သည့်အချိန်တွင် ရပ်တန့်ကြရန် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ရန်သူစစ်ကောင်စီကို အပြီးတိုင် အနိုင်ယူပြီးသည့်အခါ အရာရာကို ပြည်သူလူထု၏ ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမည် ဖြစ်သောကြောင့် လက်နက်ကိုင်စွဲကာ အာဏာကို မက်မောသူတို့၏ အဆုံးသတ်သည် လှပနိုင်မည် မဟုတ်ကြောင်း သတိပြုသင့်ပါတော့သည်။