မေးမြန်းသူ- ဆလိုင်း ဒိုခါရ်/ အယ်ဒီတာချုပ်

ဖြေဆိုသူ- ကိုရွှေဝင်းအောင်/ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့၊ အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ဒီဒီနေ့ကတော့ The Kaladan Post ရဲ့ exclusive interview အဖြစ်နဲ့ သပိတ်ခေါင်းဆောင်တစ်ဦးကို ကျွန်တော်တို့ ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ အဓိကအားဖြင့် ကျွန်တော်တို့ လူထုသပိတ်လှုပ်ရှားမှု ဘယ်လောက်အထိ အရေးပါသလဲ၊ နောက်ပြီးတော့မှ ဒီသပိတ်လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ သူတွေအနေနဲ့ နိုင်ငံတကာက မြန်မာ့အရေးတုံ့ပြန်မှုတွေကို ဘယ်လိုမြင်သလဲဆိုတဲ့ အကြောင်းကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ ကိုရွှေဝင်းအောင်ရေ ကျွန်တော်တို့ အချိန်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

 

ကိုရွှေဝင်းအောင် – ဟုတ်ကဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့၊ ဒီပထမဆုံးအနေနဲ့ ကျွန်တော်မေးချင်တာက ကိုရွှေဝင်းအောင်က အရင်တုန်းက ဘာလုပ်ခဲ့သလဲ၊ ဘယ်လိုအခြေအနေကြောင့် ဒီတော်လှန်ရေးဘက်ကို အပြီးအပိုင် ခြေစုံပစ်ပြီးတော့ ဝင်လာပြီးတော့မှ ဒါ လူထုလှုပ်ရှားမှုမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေသလဲပေါ့နော်။ အဲဒါလေး ပြောပြပေးပါဦး။

 

ကိုရွှေဝင်းအောင် – ဟုတ်ကဲ့၊ ဆွေးနွေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ မိတ်ဆက်ရမယ် ဆိုရင်ကတော့ ကျွန်တော့်နာမည် ရွှေဝင်းအောင်လို့ခေါ်ပါတယ်။ တက္ကသိုလ်ကျောင်းသား ဘဝမှာပေါ့နော် ကျွန်တော်က ဒီကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒီ ၂၀၁၇-၁၈ ပညာသင်နှစ်ပေါ့ဗျာ။ အဲဒီတုန်းကဆိုရင် ဒီသမဂ္ဂ ဖွဲ့စည်းဖို့ဆိုတာက အရမ်းခက်ခဲခဲ့တယ်။ ဒီ၈၈ကာလနောက်ပိုင်း အဲဒီနောက်ပိုင်းတွေမှာ သမဂ္ဂတွေ ရပ်တည်ဖို့ ခက်ခဲလာတဲ့ အခြေအနေတွေရှိတယ်ပေါ့နော်။ အဲဒီအခါမှာ ကျွန်တော်တို့ ဒီရှေ့က နောင်တော်တွေက အဆင့်ဆင့်ကြိုးစားလာခဲ့တယ်။ အဲဒီအခါမှာ ဒီနိုင်ငံရေးအပြောင်းအလဲနဲ့ အတူပေါ့နော် ဒီသမဂ္ဂတွေ အပြိုင်အဆိုင်ပေါ်ဖို့အတွက် လမ်းပွင့်လာခဲ့တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ ၂၀၁၇-၁၈ မှာ ကျွန်တော်က ဒီမုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော် ဒီအာဏာမသိမ်းခင်မှာ တာဝန်ယူခဲ့တဲ့ ကဏ္ဍပေါ့နော်။ သမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်မှာ ကျွန်တော်တို့ ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ ဒီလေ့လာမှုတွေ ဆက်တိုက်လုပ်ပါတယ် ပေါ့နော်။ ဥပမာအားဖြင့်ဆို ကျွန်တော်တို့ ဒီစစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ကျွန်တော်တို့ ဒီတိုင်းလွှတ်တော်နဲ့ ပတ်သက်ပြီးတော့မှ လွှတ်တော်စောင့်ကြည့်လေ့လာရေးအလုပ်က အဲဒီကိစ္စမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒါပြီးရင် ကျွန်တော်တို့ ဒီစစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တစ်ချို့နဲ့ ကျေးရွာတွေမှာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့မှ ရပ်ရွာကိုပေါ့ နော် ဒီအသိပညာပေး ဟောပြောတဲ့ကိစ္စတွေ၊ ပြီးတဲ့အခါမှာ မြို့နယ်တွေကို သွားပြီးတဲ့အခါမှာ သင်တန်းပေးတဲ့ကိစ္စတွေပေါ့နော်၊ အဓိကကတော့ Local Governance ဆိုတဲ့ ဒီဒေသန္တရ အုပ်ချုပ်ရေးပေါ့နော်။ အဲဒီတုန်းကတော့ ဒီရပ်ကျေးဥပဒေနဲ့ပတ်သက်ပြီး ရှင်းပြတဲ့ကိစ္စတွေ ရှိတယ်ပေါ့နော်။ အရပ်ရွာမှာ ရွေးကောက်တင်မြှောက်တဲ့ စနစ်တွေက ဥပဒေနဲ့ ညီညွတ်မှု ရှိရဲ့လား၊ ရှိရဲ့လားဆိုတဲ့ဟာမျိုးတွေပေါ့နော်။ ပြီးတော့မှ ဒီစည်ပင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီလူထုကို သိအောင်လို့ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒီအသိပညာဖြန့်ဝေရေး လုပ်ပါတယ်။ အဲဒါပြီးတဲ့အခါမှာ ကျွန်တော်တို့ ဒီအာဏာသိမ်းသွားတယ်ပေါ့နော်။ အာဏာသိမ်းတဲ့အခါမှာ ကျွန်တော်က ရှေ့ကဒီနောင်တော်တွေနဲ့အတူပေါ့နော် ဒီတော်လှန် ရေးမှာ ကျွန်တော်တို့ရဲ့ ဒီသမိုင်းပေးတာဝန်ပဲဖြစ်တယ်ပေါ့။ စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်ဘူးဆိုတဲ့နေရာမှာ ကျွန်တော်တို့ ဒီ ကျွန်တော်တို့ ဒီအရင်ကအဖွဲ့အစည်း ဖြစ်တဲ့ ဒီမုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂကလည်း ဆန့်ကျင်တယ်ပေါ့နော်။ အဲဒီအခါမှာ ကျွန်တော်တို့လည်း အားလုံးပါဝင်ပြီးတော့မှ ဒီတော်လှန်ရေးလမ်းပေါ် ရောက်လာကြတာဖြစ်ပါတယ်။ တော်လှန်ရေးလမ်းပေါ် ရောက်ပြီးတဲ့အခါမှာ ကျွန်တော်တို့ က ဒီလက်ရှိကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေ စုပေါင်းပြီးတဲ့အခါမှာ မုံရွာမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီးတဲ့အခါမှာ မုံရွာမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒါက ၂၀၂၁ ခုနှစ်မှာ ကျွန်တော်တို့ အာဏာသိမ်းပြီးတဲ့အခါမှာ အားလုံးပေါင်းပြီးတော့ ဖွဲ့စည်းခဲ့ တာဖြစ်တယ်။ ဒီမုံရွာသပိတ်ကော်မတီ ဖွဲ့စည်းပြီးတဲ့နောက်မှာ ဒီအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ပေါ့နော် ကျွန်တော်တို့ ဒီလမ်းပေါ်တက်ပြီးတော့မှ ဆန္ဒတွေပြကြတယ်၊ လူထုပါဝင်မှုကို ဒီထက်ပိုပြီး မြှင့်တင်လာအောင် ကျွန်တော်တို့ လှုံ့ဆော်ကြတယ်။ ဒီလိုမျိုး ကျွန်တော်တို့ လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ အဲလိုလှုပ်ရှားရင်းနဲ့ပဲ ကျွန်တော်က ဒီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဒီအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အဖမ်းခံရတော့ ကျွန်တော်ဒီ ပုဒ်မ ၅၀၅(က) ကြီးဆိုတဲ့ ပုဒ်မနဲ့ ကျွန်တော် အဖမ်းခံရတာဖြစ်တယ်။ အဖမ်းခံပြီးတဲ့ နောက်မှာ ကျွန်တော့်ကို ဒါ စစ်ကြောရေးခေါ်သွားတာပေါ့နော်။ ဒီစစ်ကြောရေးကနေတစ်ဆင့် ကျွန်တော်တို့ ဒီမုံရွာထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။ မုံရွာထောင်မှာ တစ်နှစ်၊ ကျွန်တော်ဒီ မြင်းခြံထောင်မှာ တစ်နှစ်၊ တစ်နှစ်စီပေါ့နော် ဒီနေခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ဒီထောင်ကနေ ပြန်လွတ်ပြီးတဲ့အခါမှာလည်းပဲ တော်လှန်ရေးကို ကျွန်တော်တို့ ဆက်လုပ်မယ်၊ အထဲမှာရှိတဲ့ ရဲဘော်တွေ၊ ထောင်ထဲမှာရှိတဲ့ ရဲဘော်တွေအတွက်၊ လွတ်မြောက်ရေးအတွက်၊ ဒီလူထုတစ်ရပ်လုံး စစ်ကောင်စီအောက်က လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ ဒီဆက်ပြီးတော့မှ ရုန်းကြမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ဆက်ပြီးတော့မှ ခြေစုံပစ်ပြီးတော့မှ ပါနေရခြင်းဖြစ်ပါတယ်။ တချို့ကတော့ ပြောကြတာရှိတယ်ပေါ့နော် ဒီအသက်အရွယ်ကလည်း ဒီလောက်ဖြစ်လာပြီ၊ ကျောင်းလည်းပြီးပြီပေါ့။ စီးပွားရေးဘာလေး မလုပ်ဘူးလားဆိုပေမဲ့လည်း အဲဒါတွေမရွေးချယ်ခဲ့ဘဲနဲ့ပဲ ဒီတော်လှန်ရေးနိုင်မှပဲ တခြားကိစ္စ တွေက ဆက်လုပ်လို့ အဆင်ပြေနိုင်မယ်၊ ဒီကိစ္စက မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်ကိစ္စပဲလို့ ယူဆပြီးတော့မှ တခြားဘာမှမလုပ်ဘဲနဲ့ ဒီတော်လှန်ရေးထဲကို ခြေစုံပစ်ပြီး ဝင်လာခြင်း ဖြစ်ပါတယ်။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့၊ အဲဒီမှာ အင်မတန်စိတ်ဝင်စားစရာကောင်းတာ ဖမ်းဆီးခံပြီးတော့မှ ထောင်ထဲမှာ နှစ်နှစ်ကျော် ခန့်မှန်းခြေပေါ့နော် နေခဲ့ပြီးတော့မှ အခုလွတ်လာတဲ့အချိန်မှာ ပြန်လှုပ်ရှားမှုလုပ်တဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးအိုးဘို ထောင်မှာ ဒါလေးလခန့် ထိန်းသိမ်းခံဖူးတဲ့အခါကျတော့ တကယ့်ကို စိတ်ဖိစီးမှုများစွာ ကျွန်တော်တို့ ကြုံရတဲ့ဟာဖြစ်တယ်။ ဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ လွတ်လာပြီးတဲ့ နောက်ပိုင်းမှာ ပြန်ပြီးတော့မှ တော်လှန်ရေးမှာ ပြန်ပါလာတဲ့လူက တော်တော်ရှားပြီးတော့မှ ဒါ အထိုက်အသင့်လျောက် ပေးဆပ်မှုရှိပြီးပြီဆိုပြီးတော့မှ လမ်းတစ်ဝက်မှာ တခြားနည်းလမ်း နဲ့ ပါဝင်တဲ့ဟာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ကိုရွှေဝင်းအောင်က အဲလိုမဟုဘဲနဲ့ အခုချိန်မှာ တကယ့်အရေးပါတဲ့ လူထုလှုပ်ရှားမှုကို ပြန်လည်ဦးဆောင်တဲ့အခါကျတော့ လူထုလှုပ်ရှားမှု အပေါ် ကိုရွှေဝင်းအောင်ရဲ့ ယုံကြည်မှုက ဘယ်အတိုင်းအတာအထိ ကြီးသလဲပေါ့နော်၊ အဲဒီဟာ ရှင်းပြပေးပါဦးခင်ဗျာ။

 

ကိုရွှေဝင်းအောင် – ဟုတ်ကဲ့၊ လူထုလှုပ်ရှားမှုဆိုတာ ကျွန်တော်တို့နဲ့ အခုလက်ရှိ ကာလမှာဆိုရင် အားလုံးနဲ့တော့မစိမ်းတော့ပါဘူး။ အဓိကကတော့ လူထုလှုပ်ရှားမှုဆိုတာက ဒီတော်လှန်ရေး အစပေါ့နော်၊ ဒီ ၂၀၂၁ စစ်အာဏာသိမ်းကတည်းက ကျွန်တော်တို့ စစ်ကောင်စီကို လှုပ်ခတ်ဖို့ အတွက်၊ ဖြုတ်ချဖို့အတွက်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့အတွက် ကျွန်တော်တို့ တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးနည်းနာတွေထဲက နည်းနာတစ်ရပ်ဖြစ်တယ်ပေါ့နော်။ ဒါ အခြေခံကျတဲ့နည်းနာတစ်ရပ်။ လက်ရှိမှာ ကျွန်တော်တို့ ဒီတော်လှန်ရေးနည်းနာတွေ ခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် အဓိက ကျွန်တော်တို့ နှစ်ပိုင်းပေါ့နော် ခွဲပြီးပြောလို့ရမယ်။ ပထမတစ်ပိုင်းက ဒီလူထုတိုက်ပွဲဆင်နွှဲတဲ့ နည်းနာတစ်ပိုင်းရှိတယ်၊ နောက်တစ်ခုက လက်နက်ကိုင်တော်လှန်ရေးက တစ်ပိုင်းရှိတယ်ပေါ့နော်။ အဲဒီအခါမှာ သမိုင်းကိုပြန်ကြည့် မယ်ဆိုရင် ကျွန်တော်တို့ ဒီခေတ်အဆက်ဆက် အာဏာရှင်အုပ်စိုးခဲ့တဲ့ခေတ်တွေမှာ ကျွန်တော်တို့တွေ ကျော်ဖြတ်တဲ့အခြေအနေမှာဆိုလည်း ဒီတော်လှန်ရေးတွေကို အစပြုခဲ့ တာ၊ စပြီးတော့မှ တွန်းတင်ခဲ့တာ၊ လူထုကို ရိုးကျိုးအောင်လုပ်ခဲ့တယ်၊ တက်ကြွအောင် လုပ်ခဲ့တယ်၊ ဆွဲခေါ်နိုင်ခဲ့တာ ဒါလူထုလှုပ်ရှားမှုတွေပဲ ဖြစ်တယ်။ ၈၈ ကာလကိုပဲ ပြန်ကြည့် မလားပေါ့နော်။ ဒါမှာဆိုလည်း ကျွန်တော်တို့ ဒီကဏ္ဍအသီးသီး၊ နေရာအသီးသီးက ပုံစံ အမျိုးမျိုးနဲ့ ဒီလူထုလှုပ်ရှားမှုတွေ လုပ်ကြတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ ဒီအစိုးရတွေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းသွားတယ်၊ ချိန်းသွားတယ်ပေါ့နော်။ ဒါဒီမှာဆိုလည်း အဲလိုပဲ ဒီဒီကာလမှာဆိုလည်း တစ်ခါမှမကြုံဖူးတဲ့ လူထုအုံကြွမှုကြီးက ထပ်ပြီးတော့ ဖြစ်လာတယ်။ ဒီအုံကြွမှုကို ဘယ်ကနေစပြီး လှုံ့ဆော်လဲဆိုတဲ့အခါကျရင် လူထုလှုပ်ရှားမှုကစပြီး လှုံ့ဆော်တာ။ လူထုလှုပ်ရှားမှုကစပြီး ပြည်သူလူထုတစ်ရပ်လုံးပါလာတယ်၊ ပြည်သူတွေက တော်လှန်ရေးနဲ့ပတ်သက်ပြီး အသိဉာဏ်ပညာတွေ ပွင့်လင်းလာတယ်၊ ရေချိန်မြင့်တက် လာတယ်၊ နိုင်ငံရေးအခြေအနေမြင့်လာတယ်။ အဲဒီနောက်ပိုင်းမှာ ဒီလူထုကိုယ်တိုင်က တော်လှန်ရေးသမား၊ သပိတ်သမားဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာ ဒီစစ်ကောင်စီကို ဖြုတ်ချဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လိုပါဝင်မလဲဆိုတာသိလာတယ်။ အဲဒီ အခြေခံတွေနဲ့ ကျွန်တော်တို့က ဒီဒီအခြေအနေအထိ ရောက်လာတာပေါ့နော်။ ဒီနောက်ပိုင်း မှာမှသာ ဒီလက်နက်ကိုင်တိုက်ပွဲဆင်နွှဲခြင်းလမ်းစဥ်တွေက ပိုပြီးတော့ အားကောင်းလာ တာဖြစ်တယ်။ အဓိကတော့ ဒီနှစ်ခုဖြစ်တယ်။ ဒါပေမဲ့ အခြေခံကျတဲ့ နည်းနာက လူထုတိုက်ပွဲနည်းနာဖြစ်တယ်။ ဘာဖြစ်လို့ ဒီလူထုတိုက်ပွဲနည်းနာကို ထည့်ပြီးပြောရလဲဆိုရင် ဒီနည်းနာနှစ်ခုမှာ လက်နက်ကိုင်တော်လှန်ရေးနည်းနာက ထိရောက်တဲ့နည်းနာဖြစ်တယ်၊ ကျွန်တော်တို့ ဒီမျက်စိရှေ့ပေါ့နော် မြင်သာတဲ့ကိစ္စလည်းဖြစ်တယ်။ တိုက်ပွဲတစ်ပွဲနိုင် လိုက်တယ်၊ မြို့တစ်မြို့သိမ်းလိုက်တယ်ဆိုရင် ဒါတော်လှန်ရေးအတွက် ကြီးမားတဲ့ ပြယုဂ်တစ်ခုဖြစ်သွားတယ်။ မြင်လည်းမြင်သာတယ်။ အားရဖို့လည်းကောင်းတယ်။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ အကန့်အသတ်တွေက များတယ်။ ဥပမာအားဖြင့် လူတိုင်းက သေနတ်ကိုင်လို့မရဘူး၊ သေနတ်မကိုင်နိုင်ဘူး။ လက်နက်ကိုင်တော်လှန်ရေးထဲဝင်ဖို့ဆိုရင် လူတစ်ယောက်ဟာ သတ်မှတ်ထားတဲ့အရည်အချင်းတွေက ရှိတယ်။ ကျန်းမာသန်စွမ်းမှုက အစသဖြင့် အဲလိုမျိုး အကန့်အသတ်ချက်တွေကရှိတယ်။ ပြီးတဲ့အခါမှာ လက်နက်ကလည်း လိုသလောက်မရနိုင်ဘူး။ ဆိုတော့ လက်နက်အကန့်အသတ်၊ ကျည်ဆံအကန့်အသတ်ရှိတယ်၊ ငွေကြေးအကန့်အသတ်။ အဲဒီမှာ ပြည်သူလူထုတစ်ရပ်လုံးကလည်း အကုန်လုံးကပါလို့ ခက်တယ်ပေါ့နော်။ ဒီနေရာမှာ ပြည်သူလူထုပါဝင်နိုင်တဲ့ကိစ္စက လူထုတိုက်ပွဲတစ်ခုရှိတယ်။ ဒီမှာဆိုရင် ပြည်သူလူထုဟာ ဒီတော်လှန်ရေးကာလမှာ မကျေနပ်ချက်တွေ၊ ခံရတဲ့ဟာတွေ၊ ဖိနှိပ်မှုတွေကို ကျွန်တော်တို့ တွန်းလှန်ဖို့အတွက် လူတိုင်းမှာ ခံစားချက်တွေက ရှိတယ်။ အဲဒါတွေကို ထုတ်ဖော်နိုင်ဖို့အတွက် လူတိုင်းဟာ သပိတ်သမားတွေဖြစ်တယ်။ ဆိုတော့ လူထုတိုက်ပွဲဆိုတဲ့နည်းနာက ပြည်သူတစ်ရပ်လုံး ပါဝင်လို့ရတဲ့အခြေအနေမျိုးဖြစ်တယ်။ ဒါကြောင့်မို့ ဒီဟာက အခြေခံကျတယ်။ အရေးလည်းကြီးတယ်။ ပြီးတဲ့အခါမှာ လူထုတိုက်ပွဲ နည်းနာကို ဆောင်ရွက်ခြင်းအားဖြင့် စည်းလုံးလာနိုင်တယ်၊ စုစည်းလာနိုင်တယ်၊ ကျစ်လျစ် လာနိုင်တယ်။ ဒါ့အပြင်ပေါ့နော် ဒီပြည်သူလူထုမှာရှိထားတဲ့ တော်လှန်ရေးရေချိန်ပေါ့ဗျာ၊ နိုင်ငံရေးမှာစိတ်ပါဝင်စားမှုက ပိုပြီးတော့ မြင့်တက်လာမယ်။ ဒီလိုမျိုးအချက်တွေကို ကြည့်ခြင်းအားဖြင့် လူထုတိုက်ပွဲနည်းနာက အရေးကြီးပြီး လိုအပ်နေသေးတယ်။ နိုင်ငံတကာ ကိုကြည့်မယ်ဆိုရင်လည်း ဒီနိုင်ငံတကာမှာ စစ်ကောင်စီ၊ စစ်အာဏာရှင်၊ စစ်အာဏာရှင် စနစ်တွေကို ဖြုတ်ချတဲ့အခါမှာလည်း လူထုတိုက်ပွဲကဏ္ဍက ဦးဆောင်ခဲ့တာဖြစ်တယ်။ လူထုတိုက်ပွဲကဏ္ဍနဲ့ ဖြုတ်ချခဲ့တဲ့အစိုးရတွေလည်း အများကြီးပေါ့နော်၊ ဒါဒါမျိုးသာဓက တွေက ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီလူထုပါဝင်မှု ပိုပြီးများတဲ့၊ ပိုပြီးကောင်းတဲ့၊ ပြီးတော့မှ အသံအစုံပိုပြီးတော့ ထုတ်နိုင်တဲ့၊ ပြီးတဲ့အခါမှာ စည်းလုံးမှုကိုပိုပြီး ပြနိုင်တဲ့၊ ကျွန်တော်တို့ရဲ့အသံ လွတ်လွတ်လပ်လပ်ထုတ်နိုင်တဲ့ ဒီလူထုတိုက်ပွဲလှုပ်ရှားမှုကဏ္ဍက အခုလက်ရှိအထိပေါ့နော် ဒီဒါအရေးကြီးပြီး လိုအပ်နေပါသေးတယ်လို့ ထည့်ဖြည့်ပြီးတော့မှ ဆွေးနွေးပါတယ်ခင်ဗျာ။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့၊ ဒီအခု ကျွန်တော်တို့ ဒီလူထုလှုပ်ရှားမှုကိုကြည့်မယ်ဆိုရင် တော်တော် လည်းငြိမ်နေတယ်လို့ ပြောလို့ရတဲ့အခြေအနေကို ရောက်နေပြီပေါ့နော်။ သို့သော် ဒီစစ်ကိုင်း တိုင်းမှာဆိုရင် ထူးထူးခြားခြားနဲ့ လက်နက်ကိုင်တော်လှန်ရေးပဲဖြစ်ဖြစ်၊ လူထုတော်လှန်ရေးပဲ ဖြစ်ဖြစ်၊ တခြားကဏ္ဍပေါင်းစုံနဲ့ တော်လှန်ရေးက အတိုင်းအတာတစ်ခုအထိ ရှင်သန်နေတယ်။ ပြီးတော့ တစ်ဖက်မှာလည်း ဒါအကွဲအပြဲလို့ ဝေဖန်တဲ့ဟာမျိုးတွေလည်း များစွာရှိတယ်။ ဆိုတော့ တစ်ဖက်မှာ ဒီအကွဲအပြဲလို့ ဝေဖန်မှုဒီဟာမျိုးတွေ အပါအဝင် ဒါလူထုလှုပ်ရှားမှု အနေနဲ့ဆိုရင်တော့ စစ်ကိုင်းတိုင်း သပိတ်အင်အားစု ဆိုရင်တော့ စစ်ကိုင်းတိုင်းမှာ အကွဲအပြဲတစ်ခုဖြစ်တဲ့ စစ်ကိုင်းဖိုရမ်နဲ့ ဒါစစ်ကိုင်း လွှတ်တော်ဦးဆောင်တဲ့အဖွဲ့ ဟာမျိုး ကြားမှာလည်း နှစ်ဖက်စလုံးနဲ့ ဆက်ဆံရေးလုပ်နိုင်သလို တစ်ဖက် လိုအပ်တဲ့ NUG ကို တိုက်တွန်းနှိုးဆော်ဖို့ လိုအပ်တဲ့ဟာမျိုးဆိုရင်လည်း လူထုကအင်အားပြနေတဲ့ဟာတွေ တွေ့ရတယ်။ ဆိုတော့ ဒီတော်လှန်ရေးကို လမ်းကြောင်းမှန်ကန်ဖို့ဖြစ်စေ၊ ဒါနိုင်ငံတကာက လည်း ကျွန်တော်တို့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ လူထုတိုက်ပွဲတွေ အမြဲတမ်းရှိနေတယ် ဆိုတဲ့ဟာ သက်သေပြဖို့အတွက်ဖြစ်စေ၊ ဘယ်လောက်အထိ လူထုလှုပ်ရှားမှု ဆက်လက် လုပ်ဆောင်ဖို့အရေးပါသလဲ။ အဲဒီအပေါ်မှာ ပြည်သူတွေအနေနဲ့ ဘယ်လိုပူးပေါင်းပါဝင် သင့်လဲဆိုတဲ့ဟာမျိုးနည်းနည်း သုံးသပ်ဆွေးနွေးပေးပါဦးခင်ဗျာ။

 

ကိုရွှေဝင်းအောင် – ဟုတ်ကဲ့၊ လူထုတိုက်ပွဲဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် မရှိမဖြစ် တစ်လျှောက်လုံးတည်သွားမယ့်ကိစ္စကို ကျွန်တော်က မြင်တယ်။ ဆိုကြပါစို့ဗျာ။ အရင်တုန်းကဆိုရင် ကျွန်တော်တို့က တော်လှန်တဲ့နေရာမှာ စစ်ကောင်စီကို တော်လှန်တဲ့ အပိုင်း။ တစ်ဖက်မှာ လူထုလှုပ်ရှားမှုဆိုတာ စစ်ကောင်စီကိုတော်လှန်ဖို့တင်မဟုတ်ဘူး၊ ကျွန်တော်တို့က ဒီမတရားမှုကိုပါ ကျွန်တော်တို့က ဆန့်ကျင်ဖို့လည်းဖြစ်တယ်။ စစ်အာဏာ ရှင်အပါအဝင်ပေါ့နော်၊ ဒီအာဏာရှင်စနစ်မှန်သမျှ ကျွန်တော်တို့ တိုက်စစ်ဝင်လည်း ဟုတ်တယ်၊ တစ်ဖက်မှာလည်း ဒီမတရားတဲ့ကိစ္စတွေကို ကျွန်တော်တို့ အသံထုတ်ဖို့ ဟုတ်တယ်။ ဆိုတော့ တစ်ဖက်မှာ ကျွန်တော်တို့ အစက စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ၊ ရက်စက်မှုတွေ၊ အကြမ်းဖက်မှုတွေ ဒါကို ကျွန်တော်တို့က အသံထုတ်တယ်၊ နိုင်ငံတကာ သိအောင်ပြောတယ်။ ဒီတော်လှန်ရေးကာလ ကြာလာပြီးတဲ့နောက်မှာလည်း ဒီတော်လှန်ရေး အင်အားစုအချင်းချင်းမှာ ဒီမတရားမှုတွေ၊ ဖိနှိပ်မှုတွေက ရှိလာတာဖြစ်တယ်။ ဆိုတော့ ဒါတွေကိုလည်း ကျွန်တော်တို့က အသံထုတ်ဖို့လိုတယ်။ ဒါတွေက ဒီသပိတ်သမားတွေရဲ့ တာဝန်ပဲဖြစ်တယ်။ လူထုလှုပ်ရှားမှုကဏ္ဍကိုဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့က တစ်ဖက် မှာ ကိုယ့်ရဲ့ရန်သူဖြစ်တဲ့ စစ်ကောင်စီကိုလည်း အသံထုတ်ဖို့လုပ်ရတယ်၊ တစ်ဖက်မှာလည်း တော်လှန်ရေးကာလအတွင်းမှာ မတရားမှုတွေကို ကျွန်တော်တို့ လက်ပိုက်ကြည့်လို့မရဘူး။ ဆိုတော့ ဒီတော်လှန်ရေးကာလတစ်လျှောက်လုံးမှာ စစ်ကောင်စီက ဖိနှိပ်နေတာကို သိအောင်ပြဖို့လိုသလို တစ်ဖက်မှာလည်း တော်လှန်ရေးအတွင်းမှာ ကျွန်တော်တို့ ဒီမတရားမှု တွေကိုလည်း ကျွန်တော်တို့ အသံထုတ်ပေးဖို့လိုတယ်။ ဆိုတော့ ဒီလူထုလှုပ်ရှားမှုကဏ္ဍက ဒီတော်လှန်ရေးပြီးသည့်တိုင်အောင်ပေါ့နော် ဒါဆက်ပြီးတော့မှ ရှိနေဖို့အရေးကြီးပါတယ်။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့၊ ကျွန်တော်တို့ ဒီသတင်းကိုပုံမှန်လေ့လာတဲ့သူတွေကတော့ သတိထား မိတာ ဥပမာ သုတေသနပြုလုပ်ပြီးတော့မှ Justice For Myanmar ရဲ့ တောင်းဆိုချက် statement တွေကြောင့် ဥပမာ စင်ကာပူရဲ့ အစိုးရကတောင်မှ ရှင်းလင်းချက်တွေလုပ်တာတို့၊ ထိုင်းအစိုးရက ထပြီးတော့မှ စစ်ကောင်စီစီးပွားရေးနဲ့မပတ်သက်ပါဘူးဆိုတဲ့ဟာ ရှင်းလင်း ချက်ဟာမျိုးအထိ သက်ရောက်နေတဲ့ဟာ ကျွန်တော်တို့ တွေ့ရတယ်။ ပြီးတော့ တစ်ဖက်မှာ Blood Money Campaign ဆိုပြီးတော့မှ အဲဒီဦးဆောင်မှုနဲ့ campaign တွေလုပ်လာတဲ့ အချိန်မှာလည်း လေယာဉ်ဆီဖြတ်တောက်မှုတွေ စနစ်တကျနဲ့ကို နိုင်ငံတကာအစိုးရက ပိတ်ဆို့မှုတွေလုပ်လာတဲ့ဟာလည်း ကျွန်တော်တို့တွေ့ရတယ်။ နောက်ပြီးတော့မှ ဒီလူထု မြေပြင်မှာ တောင်းဆိုချက်တွေနဲ့ အခုဆိုရင်တော့ ဒါကျွန်တော်တို့ UN မှာ ဦးကျော်မိုးထွန်းကို ဆက်လက်ပြီးတော့မှ လူထုအသံကိုနားထောင်တဲ့အနေနဲ့ ဒါဆက်လက်ခန့်နေတဲ့ဟာတွေရှိ တယ်။ လူထုတောင်းဆိုချက်နဲ့ပဲ ILO Article 33 ကိုလည်း အောင်မြင်စွာ အခုဒါတိုက်တွန်း နိုင်ခဲ့တဲ့ဟာရှိတယ်။ သို့သော် ဒီအခု လူထုလှုပ်ရှားမှုဆိုရင် အဲလောက်အရေးပါတဲ့ လူထု လှုပ်ရှားမှုကို လွတ်မြောက်နယ်မြေများလာတယ်ဆိုပေမဲ့ အခုအချိန်မှာ ဒါလူထုလှုပ်ရှားမှုကို ကျွန်တော်တို့ လွတ်မြောက်နယ်မြေဟာမျိုးမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီးတော့မှ နိုင်ငံတကာ က ဒါမြန်မာ့အရေးအပေါ်မှာ ပိုမိုစိတ်စိတ်ဝင်စားလာအောင်လုပ်ဖို့အတွက် ကတော့ အခွင့် အလမ်းရှိတယ်လို့ ယူဆလို့ရပေမဲ့ တစ်ဖက်မှာ ဒီဟာမျိုးတွေကို လုပ်ဆောင်မှုအားနည်းတယ်၊ နောက်လုပ်ဆောင်ဖို့ကြိုးစားရင်လည်း တစ်ဖက်တော်လှန်ရေးအင်အားစုတွေကိုယ်တိုင်က လုံခြုံရေးအရ ဝင်တားတဲ့ဟာမျိုးတွေရှိတယ်ဆိုတဲ့ဟာမျိုးရှိတော့ အဲဒီအပေါ်မှာ လူထုလှုပ်ရှား မှုမှာ ပြည်သူတွေပါဝင်လာဖို့နဲ့ လုံခြုံရေးအနည်းဆုံးနဲ့ဖြစ်အောင် ဒါတော်လှန်ရေးအင်အားစု တွေက ဘယ်လိုပူးပေါင်းပါဝင်သင့်လဲ၊ ဒီလူထုလှုပ်ရှားမှုကို ဘယ်လိုစနစ်တကျနဲ့ကို ကောင်းကောင်းမွန်မွန်ပြန်လည်အရှိန်မြှင့်တင်ရမလဲဆိုတဲ့အပိုင်း အကြံပြု ဆွေးနွေးပေးပါဦး ခင်ဗျာ။

 

ဖြေကြားသူ – ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒေသအသီးသီးမှာ ဒီသပိတ်ကော်မတီတွေရှိတယ်၊ စစ်ကိုင်းတိုင်းမှာဆိုလည်း ဒီစစ်ကိုင်းတိုင်းနေရာအနှံ့မှာ ဒီသပိတ်ကော်မတီတွေရှိတယ်၊ ကျောင်းသားသမဂ္ဂတွေ၊ တခြားသမဂ္ဂတွေရှိတယ်၊ ပြီးတော့ အင်အားစုတွေရှိတယ်။ ဆိုတော့ တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ ဒီသပိတ်လှုပ်ရှားမှုတွေက အားပျော့လာ တယ်။ အဲဒီအခြေအနေကို ကျွန်တော်တို့ ရင်ဆိုင်ရတယ်။ သပိတ်လှုပ်ရှားမှုကိုလုပ်နေတဲ့ အဖွဲ့တွေကိုယ်တိုင်က အားပျော့လာတာဖြစ်တယ်။ တစ်ဖက်မှာလည်း ဒီသပိတ်လှုပ်ရှားမှုမှာ လူထုရဲ့ပါဝင်မှုကလည်း အားပျော့လာတာဖြစ်တယ်။ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အခြေအနေနှစ်ခုဖြစ်ပါတယ်။ ဦးဆောင်နေတဲ့အဖွဲ့ကိုယ်တိုင်ကလည်း အားနည်းလာတယ်၊ တစ်ဖက်မှာ လူထုပါဝင်မှုကလည်း အားနည်းလာတယ်။ အဲဒီနှစ်ခုပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ကတော့ ဒီပြဿနာကို ကျွန်တော်တို့ ဖြေရှင်းဖို့လိုအပ်တယ်ပေါ့နော်၊ ဖြေရှင်းဖို့ လိုအပ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ ဒီတိုင်းသပိတ်အနေနဲ့ ကျွန်တော်တို့ ညီလာခံခေါ်ဖို့ ကျွန်တော်တို့ လုပ်လိုက်တာဖြစ်တယ်။ ဒါပြီးခဲ့တဲ့ သတင်းမှာ ကျွန်တော်တို့ ဒါတင်ပြီးပြီ ပေါ့နော် ညီလာခံနဲ့ပတ်သက်ပြီး သတင်းတော့ ကျွန်တော်တို့ တင်ထားတာဖြစ်ပါတယ်။ ဆိုတော့ အရင်တုန်းက ကျွန်တော်တို့ ဒီစစ်ကိုင်းတိုင်းမှာရှိတဲ့ အစုအဖွဲ့တွေက ကျွန်တော်တို့ အဖွဲ့ပေါင်း ၅၀ ကျော်လောက်ရှိတယ်။ ဒီဒေသကိုအခြေခံပြီးတော့မှ ဒီသပိတ်ကော်မတီတွေ၊ သမဂ္ဂတွေ၊ အစုအဖွဲ့တွေက ရှိကြတယ်။ ဆိုတော့ အရင်တုန်းက သွားတဲ့ပုံစံက ဒီသပိတ်ကော်မတီတွေက တစ်ယောက်နဲ့တစ်ယောက် communication system မျိုးနဲ့သွား ကြတာ။ ဒီကသပိတ်ကော်မတီ ဘာလုပ်နေလဲ၊ ဟိုကသပိတ်ကော်မတီ ဘာလုပ်နေလဲ။ ပြီးတော့ ဘာတွေအတူပူးပေါင်းပြီးတော့ ဘာလုပ်ကြမလဲ စသဖြင့် အဲဒီပုံစံနဲ့ တိုးနေကြတာ ဖြစ်တယ်။ ဒါပေမဲ့ တော်လှန်ရေးကာလကြာလာတော့ ဒီပုံစံက အဆင်မပြေလာဘူး၊ အဆင်မပြေမလာတော့ဘူး။ ဆိုတော့ သပိတ်ကော်မတီတွေကြားမှာ၊ လူထုလှုပ်ရှားမှုတွေ လုပ်နေတဲ့လူတွေကြားမှာ ထိရောက်ခိုင်မာတဲ့ မဟာဗျူဟာပေါ့ဗျာ၊ ရေရှည်လုပ်ငန်းစဉ် ရှိထားဖို့လိုအပ်တယ်။ ပြီးတဲ့အခါမှာ ဖြစ်လာတဲ့ issue ကိုလိုက်ပြီးတော့မှ ငါးပွက်ရာ ငါးစာချပြီးတော့ တစ်ခုခုဖြစ်မှ သပိတ်ထထွက်တာမျိုး၊ တစ်ရက်ယောက် အသက်ခံလိုက်ရမှ သပိတ်ကောက်မှောက်လိုက်တာမျိုး၊ တစ်နေရာမှာ ဒီမတရားမှုတွေ သစ်ခိုးထုတ်နေလို့မှ သပိတ်ဆန္ဒပြလိုက်တာမျိုး၊ ရွေးကောက်ပွဲအကြောင်းပြောမှ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှ ဆန္ဒပြလိုက်တာမျိုး၊ အဲလိုမျိုး ငါးပွက်ရာ ငါးစာချသလို ကျွန်တော်တို့ လုပ်နေလို့မရဘူး။ ဒီလိုမျိုးဆိုရင် အကုန်လုံးပေါ့နော် ဒီအုပ်ရော‌ရော ကျောက်ရောရောနဲ့ အားပျော့သွား လိမ့်မယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့ အားလုံးတိုင်းပင်ပြီးတဲ့အခါမှာ ဒီမှာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ သပိတ်အင်အားစုတွေအားလုံးက စုစည်းဖို့လိုအပ်တယ်၊ တစ်သံတည်းထွက်ဖို့ လိုအပ်တယ်ပေါ့နော်၊ ဒါကတစ်ချက်ပေါ့။ ဘာလို့တစ်သံတည်းထွက်ဖို့လဲ၊ တစ်ဖက်မှာလည်း ဒီစစ်ကိုင်းတိုင်းအတွင်းမှာ နိုင်ငံရေးအရ အပြောင်းအလဲတွေက ဖြစ်နေတယ်။ ဆိုတော့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ကျွန်တော်တို့ ဒီသပိတ်ကော်မတီတွေ၊ လူထုလှုပ်ရှားမှုလုပ်တဲ့ အဖွဲ့အစည်းတွေက တစ်သံတည်းထွက်ဖို့လိုအပ်တယ်ဆိုတာမျိုးနဲ့ ကျွန်တော်တို့က ပထမ အကြိမ်ပေါ့နော် မြေပြင်ညီလာခံ ကျွန်တော်တို့ ခေါ်ဖြစ်ကြတာဖြစ်တယ်။ မြေပြင်ညီလာခံ ဆိုလို့ မြေပြင်ကိုထည့်ပြောတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီတော်လှန်ရေးကာလမှာ ညီလာခံလုပ်ရင် ကျွန်တော်တို့ ဒီ online ပေါ်ကများကြတာကိုး၊ online ပေါ်ကပဲ တွေ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီ online ကို ကျော်ပြီးတော့မှ ကျွန်တော်တို့ လုပ်ချင်တယ်ပေါ့နော်။ ဒီမြေပြင်မှာတွေ့ဖို့ဆိုတာက ဒီအနယ်နယ်အရပ်ရပ်က လာရမယ့် သပိတ်ကော်မတီ၊ သပိတ်ခေါင်းဆောင်တွေက လာတွေ့ရမယ်။ လုံခြုံရေးအရ အရမ်း risk ယူရမယ်ပေါ့နော်။ ပြီးတော့ သွားရေးလာရေးအတွက်လည်း risk ယူရမယ်ပေါ့။ အဲဒီအခြေ အနေ ရှိ ရှိပေ ရှိငြားသော်လည်းပဲပေါ့နော် ကျွန်တော်တို့လူကိုယ်တိုင် မျက်နှာချင်းဆိုင်တွေ့ဖို့ လိုအပ်တယ်၊ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုလိုအပ်တယ်၊ ကျွန်တော်တို့ ယုံကြည်မှု ရှိရှိနဲ့ အားလုံးတွေ့ပြီးတော့မှ ရင်းရင်းနှီးနှီး ကျွန်တော်တို့တွေ့ဖို့လိုအပ်တယ်။ ရင်ဘတ်ချင်း ကျွန်တော်တို့ ဂျက်ပင်ထိုးဖို့လိုအပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့က မြေပြင်မှာ မဖြစ်ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဆိုတဲ့အခါမှာ ကျွန်တော်တို့ အဲညီလာခံမှာ အနယ်နယ်အရပ်ရပ်က သပိတ်ခေါင်းဆောင်တွေ၊ သပိတ်ကော်မတီမှာပါကြတဲ့ ပုဂ္ဂိုလ်တွေအားလုံး လာကြတယ်ပေါ့နော်။ လာပြီးတဲ့အခါမှာ ကျွန်တော်တို့ စစ်ကိုင်းတိုင်း ဒေသ သပိတ်အင်အားစုပေါ့ ကျွန်တော်တို့က ဒီတိုင်းအဆင့် အစုအဖွဲ့မှု ကျွန်တော်တို့ ပုံစံပြောင်းပစ်လိုက်တယ်။ ပြောင်းလိုက်တာဖြစ်တယ်။ ပုံစံပြောင်းပြီးတဲ့နောက်မှာ ဒီတိုင်းသပိတ်ကနေပြီးတော့ ချိတ်ဆက်ပေါ့ ဘာဆက်လုပ်မလဲဆိုတဲ့ ဒီမဟာဗျူဟာပေါ့နော်၊ ဒီမဟာဗျူဟာတွေ၊ ပြီးတော့မှ ဒီလအလိုက် plan တွေပေါ့ ကျွန်တော်တို့က ဒါကျွန်တော်တို့ ဒီချမှတ်ထားတာဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့ ဒီအကောင်အထည်ဖော်နေဆဲ၊ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဆိုတော့ အဲဒီမှာဆိုရင်ပေါ့နော် အဓိကတစ်ခုက ကျွန်တော်တို့ ပြဿနာဘာတွေ့ရလဲဆိုရင် မြေပြင်မှာ ဆန္ဒပြမယ်၊ သပိတ်ထွက်မယ်၊ လုပ်တဲ့အခါမှာ ပထမဦးဆုံး ကျွန်တော်တို့နဲ့ ထိတွေ့ရတာက အဲဒီဒေသ၊ အဲဒီရပ်ရွာမှာရှိတဲ့ ဒေသခံအဖွဲ့အစည်းဖြစ်တဲ့ ယန္တရားပေါ့နော်။ ပသုံးလုံးလို့ပဲ ကျွန်တော်ပြောရမယ်ဖြစ်ပါတယ်။ ဆိုတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပေါ့နော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေး အဖွဲ့တွေ ပကဖတို့၊ ပအဖတို့၊ ပလဖတို့ ယန္တရားတွေနဲ့ ကြုံတွေ့ရတာဖြစ်ပါတယ်။ ပထမဦး ဆုံး ထိတွေ့ရတာဖြစ်တယ်။ ဆိုတော့ သူတို့နဲ့ထိတွေ့ပေးတဲ့အခါမှာ ပြဿနာတွေတော့ ရှိတယ်၊ အရင်ကလည်း ရှိခဲ့ဖူးတယ်။ ဘာကြောင့်မို့ဆိုရင် ရွာတစ်ရွာမှာ သပိတ်ထွက်တဲ့ အခါမှာပေါ့နော် ဒီသူတို့က သပိတ်မထွက်နဲ့၊ လေယာဉ်လာလိမ့်မယ်၊ လူစုလူဝေးမလုပ်နဲ့၊ သပိတ်မှောက်ဖို့ ငါတို့မပေးနိုင်ဘူး၊ ဒါမျိုးပုံစံတစ်မျိုး။ တချို့ကျတော့လည်း မင်းတို့က ဒီမှာလာပြီးတော့ ဆန္ဒပြမယ်၊ သပိတ်မှောက်မယ်၊ လူထုလှုပ်ရှားမှုလုပ်မယ်။ မင်းတို့က ငါတို့အဖွဲ့ကို ခွင့်ပြုချက်တောင်းပြီးပြီလား၊ တင်ပြီးပြီလား။ အဲလိုအခြေအနေမျိုးလည်း ကျွန်တော်တို့ ကြုံတွေ့ရတာဖြစ်ဖြစ်တယ်။ တချို့ကျတော့လည်း ဆန္ဒပြနေတာ၊ သပိတ်မှောက်နေတာကို တမင်သက်သက်ပေါ့နော် လာပြီးတော့မှ နောက်ယှက်တဲ့ကိစ္စ တွေလည်း၊ ကိစ္စတွေလည်း ဖြစ်ခဲ့တာရှိတယ်။ ဆိုတော့ ဒီအခြေအနေကိုကြည့်မယ်ဆိုရင် ဒါသပိတ်သမားတွေက စိန်ခေါ်မှုတစ်ခုပေါ့နော်။ မြေပြင်မှာ ဒါတော်လှန်ရေးလုပ်နေသူ အချင်းချင်းဖြစ်တယ်၊ တစ်ဖက်ကတော့ ယန္တရားတွေက သူတို့မှာ လက်နက်ရှိတယ်။ ဒါပေမဲ့ ဒီဘက်က သပိတ်လှုပ်ရှားမှုကဏ္ဍကိုဆောင်ရွက်နေတဲ့လူတွေက လက်နက်မရှိဘူး။ အဲဒီနှစ်ခုကြားမှာ ပူးပေါင်းဆောင်ရွက်မှုက အားနည်းတယ်။ တစ်ယောက်ကိုတစ်ယောက် လုပ်ငန်းစဉ်သဘောသဘာဝ မတူတာ မမြင်နိုင်ကြဘူးပေါ့နော်။ အဲလိုမျိုး ပွတ်တိုက်မှုတွေ ရှိတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီရှေ့ဆက် ပထမဆုံးဘာလုပ်ရမလဲဆိုတော့ ဒီပွတ်တိုက်မှုကို ကျွန်တော်တို့ အရင်ဆုံးဖြေရှင်းဖို့လိုအပ်တယ်။ ဒီ NUG အစိုးရပဲဖြစ်ဖြစ်၊ ဒီသူ့ရဲ့လက်အောက်က ဝန်ကြီးဌာနပဲဖြစ်ဖြစ်၊ ပြည်ထဲရေးပဲဖြစ်ဖြစ်ပေါ့၊ သူတို့နဲ့ ကျွန်တော်တို့ စကားပြောဖို့လိုအပ်တယ်။ စကားပြောပြီးတဲ့အခါမှာ ဒီယန္တရားတွေနဲ့ လူထုလှုပ်ရှားမှုကို ဆောင်ရွက်တဲ့ အစုအဖွဲ့တွေကြားမှာ အတူပူးပေါင်းဆောင်ရွက်နိုင်မယ့် channel ဒါမှမဟုတ် platform တစ်ခု ကျွန်တော်တို့ အကောင်အထည်ဖော်ပေးထားနိုင်ဖို့ ဒါလိုအပ်တယ်။ ဒါကို ကျွန်တော်တို့ လက်ရှိလည်းဆောင်ရွက်နေပါတယ်။ အဲလိုမျိုးပေါ့နော် ဒီဝန်ကြီးဌာနဘက်က ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒေသခံအဖွဲ့နဲ့ပဲဖြစ်ဖြစ် အတူပူးပေါင်းဆောင်ရွက်နိုင်မယ့် channel၊ အတူစုဆုံနိုင်မယ့်နေရာတစ်ခု ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့က ပိုပြီးတော့မှ ရင်းနှီးပြီး တော့ လုပ်ငန်းစဉ်ပိုပြီးတော့ မြန်ဆန်လာမယ်လို့ ယူဆတယ်။ မတူညီတဲ့အစုအဖွဲ့နှစ်ခု ကြားမှာလည်း ယုံကြည်မှုပိုပြီး ရှိလာလိမ့်မယ်၊ ပြီးတဲ့အခါမှာလည်း တစ်စုတစ်ဖွဲ့ရဲ့ လုပ်ငန်းသဘောသဘာဝကိုလည်း နားလည်ပြီးတော့မှ အတူလက်တွဲလုပ်သွားနိုင်မယ်လို့ ကျွန်တော်တို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ အရင်ဆုံးဒါ ပထမဆုံးဖြတ်ရမယ့်ကိစ္စပေါ့။ ပြဿနာကတော့ ဒီတစ်ဖက်မှာလည်း ပြည်သူလူထုနဲ့အတူ ပေါ့နော်၊ ဒီပြည်သူလူထုပါဝင်မှုနဲ့ သပိတ်လှုပ်ရှားမှုလုပ်တယ်။ တစ်ဖက်မှာလည်း ဒီအဲဒီဒေသ မှာရှိတဲ့ ယန္တရားတွေက ဒီမှာလာပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးနိုင်ဖို့၊ ထိန်းကျောင်းပေးနိုင်ဖို့ ဒါအရေးကြီးပါတယ်။ ဆိုတော့ ဒါဒါမျိုးပေါ့နော်။ အဲဒီအခါမှာ ကျွန်တော်တို့ ပြည်သူတွေကလည်း ဒီကိစ္စမှာ ရဲရဲဝံ့ဝံ့ ရှိလာမယ့်အပိုင်းဖြစ်ပါတယ်။ ဆိုတော့ ဒါကတစ်ပိုင်းပေါ့နော်။ နောက်တစ်ခုက ပြည်သူတွေပါဝင်လာအောင် စည်းရုံးတဲ့အခါမှာလည်း ပဲ ဒီသပိတ်ထွက်လိုက်လို့ ဘာရလဒ် ရသွားတယ်ဆိုတာ ကျွန်တော်တို့က ပြောပြဖို့လိုတယ်၊ ပြည်သူတွေကိုသိအောင် ကျွန်တော်တို့က ရှင်းလင်းတဲ့ message ကျွန်တော်တို့ ပေးနိုင်ဖို့လို အပ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ဒါကြိုးစားရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီပညာပေးရေးအစီအစဉ်ပေါ့နော်။ ဒီနောက်ပိုင်းမှာပေါ့နော် ဒေသခံပြည်သူတွေ ကြားမှာပေါ့နော်၊ ဒီရပ်ရွာတွေကြားမှာ လူငယ် trend ပေါ့နော်။ အဲဒီဒေသမှာရှိတဲ့ လူငယ်တွေကို ဘယ်လိုအကောင်းဆုံး ပြုစုပျိုးထောင်ပေးမလဲ၊ တော်လှန်ရေးမှာပါအောင် ဘယ်လိုစည်းရုံးနိုင်မလဲဆိုတဲ့ trend က ဖြစ်လာတယ်။ အဲဒါက တစ်ဖက်၊ နောက်တစ်ခုက ဒီရပ်ရွာမှာရှိတဲ့လူငယ်တွေကို၊ ဒီဒေသမှာရှိတဲ့လူငယ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဘဝဖွံ့ဖြိုး တိုးတက်အောင် ဘယ်လိုလုပ်ပေးမလဲ၊ အဲဒီကနေတစ်ဆင့်ပေါ့နော် ဒီတော်လှန်ရေးကို ဘယ်လိုအထောက်အကူပြုမလဲဆိုတဲ့ စဉ်းစားချက်မျိုးတွေ ကျွန်တော်တို့က ထွက်လာတာ ဖြစ်ပါတယ်။ ဆိုတော့ လူငယ် base ပေါ့နော်၊ လူငယ်တွေကိုစည်းရုံးခြင်းအားဖြင့်၊ လူငယ်တွေ မှာလိုအပ်တဲ့ အသိပညာပေးသင်တန်းတွေပေါ့နော်။ အဲဒီအခါမှာ ကျွန်တော်တို့ ဒီသူတို့ရဲ့ အသက်မွေးပညာလည်းအပါပေါ့နော်၊ ဒီကွန်ပျူတာနဲ့ပတ်သက်ပြီး သင်ပေးတဲ့ကိစ္စမျိုးတွေ၊ ပြီးတဲ့အခါမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှ သင်တန်းပေးတဲ့ကိစ္စမျိုးတွေ၊ ဥပမာအားဖြင့် လူထုလှုပ်ရှားမှုကဏ္ဍနဲ့ပတ်သက်ပြီးတော့မှ သတင်းစကားပေးတဲ့ကိစ္စမျိုးတွေ အဲဒါမျိုး ကျွန်တော်တို့ ဒီပြည်သူရော လူငယ်ရော ကျွန်တော်တို့ ဦးစားပေးပြီးတော့မှ ပညာပေးရေး အစီအစဉ်တွေ လုပ်ဖို့လိုအပ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ လူထုလှုပ်ရှားမှု ကဏ္ဍ ပဲပြောပြော၊ ဒီတော်လှန်ရေးနဲ့ပတ်သက်တဲ့ကိစ္စပဲပြောပြောပေါ့နော်၊ ပြည်သူတွေအပေါ် စိတ်ဝင်တစားမှုက အားနည်းတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဆိုတော့ ကျွန်တော်တို့ ဘက်က လွှင့်လိုက်တဲ့ သတင်းစကားတွေကလည်း ကျွန်တော်တို့က ရှယ်လိုက်တယ်၊ ကျွန်တော်တို့ဆီပဲ ပြန်ရောက်တယ်၊ ကျွန်တော်တို့ ရှယ်တဲ့သတင်းစကားကလည်း ကျွန်တော်တို့ဆီပဲ ပြန်ရောက်တယ်၊ ဒီလိုပဲ လောကတစ်ခုတည်းပဲ လည်နေတာ။ ဟိုဘက်လောကကို ရောက်မသွားဘူးဖြစ်နေတယ်။ ဆိုတော့ အဲဒီထက်ပိုဆိုးတာက တော်လှန်ရေးနယ်မြေထဲတော့ဟုတ်တယ် ဒါပေမဲ့ တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ သတင်း စကားတွေနားမထောင်ဘူး၊ မစွမ်းနိုင်ဘူးပေါ့နော်၊ မရယူနိုင်ဘူး အဲဒီအခြေအနေတွေ ဖြစ်တယ်။ ဆိုတော့ အဲဒါကို ကျွန်တော်တို့က ပြန်ပြီးတော့မှ cover လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့က ပြင်ဆင်ရမှာဖြစ်ပါတယ်။ TV channel ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ဒီမီဒီယာကနေပေါ့နော်၊ ကျွန်တော်တို့ ဒီပုံမှန်အားဖြင့် လူထုလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့က သတင်းတင်နိုင်ရုံမဟုတ်ဘဲနဲ့ အသိပညာပေးအစီအစဉ် ကျွန်တော်တို့ လုပ်ပေးတာမျိုး၊ ဘာလုပ်လိုက်လို့ ဘာဖြစ်သွားတယ်ဆိုတာကို ကျွန်တော်တို့ အကျိုးအကြောင်းနဲ့ ပြပေးတာမျိုးပေါ့နော် စသဖြင့်။ အဲဒါပြီးတဲ့အခါမှာ ဒီတော်လှန်ရေးက ဘာကြောင့်မို့ အရေးကြီးတယ်ဆိုတာမျိုး၊ ဆိုတာမျိုး ကျွန်တော်တို့ ဒီအသိပညာပေးဖို့အတွက် ဒါခိုင်မာတဲ့အချက်အလက်တွေကိုအခြေခံပြီးတော့မှ ကျွန်တော်တို့ လုပ်ဖို့အတွက် ကျွန်တော်တို့ လိုအပ်တယ်။ တစ်ဖက်မှာလည်း ဒီ TV channel တွေ ဘာတွေမရနိုင်ဘူးဆိုရင် ကျွန်တော်တို့ pamphlet တွေ flyer တွေနဲ့ ကျွန်တော်တို့ ဝေမလား၊ ဒါမှမဟုတ်ရင် တခြားဘယ်လိုပုံစံနဲ့ ချဥ်းကပ်မလဲပေါ့ စသဖြင့်၊ ဒါကို ကျွန်တော်တို့ အခုမှစပြီးတော့မှ ပြန်တွန်းနေရတဲ့ပုံစံပဲဖြစ်ပါတယ်။

 

ဆလိုင်း ဒိုခါရ် – ဆိုတော့ ဒီမြန်မာနိုင်ငံရဲ့တော်လှန်ရေးလှုပ်ရှားမှုအပေါ် နိုင်ငံတကာ၊ အထူး သဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်နဲ့ တုံ့ပြန်မှုအပေါ် ဘယ်လိုမြင်လဲ၊ ဘယ်လိုအားရ ကျေနပ်မှုရှိလား ဒီသုံးသပ်ပေးပါဦး။

 

ကိုရွှေဝင်းအောင် – နိုင်ငံတကာရဲ့တုံ့ပြန်မှုလို့ပြောတဲ့အခါမှာ ကျွန်တော်တို့က ဒီနှစ်နိုင်ငံ အကျိုး စီးပွားဆိုတာကိုကြည့်ပြီးတော့မှ သူတို့က ရေရှည်တဲ့ လတ်တလောရှင်းတဲ့ဟာကို ကြည့်ပြီး တော့မှ သူတို့က ချဥ်းကပ်တဲ့ပုံစံပဲဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီး သူတို့ကတော့ ဒီသတိကြီးကြီးထားတယ်၊ သတိကြီးကြီးထားပြီးတဲ့အခါမှာ သူတို့အတွက် ဘယ်အစုအဖွဲ့ကပေါ့နော်၊ ဘယ်ဘယ်အစုအဖွဲ့က သူတို့အတွက် နှစ်နိုင်ငံအကျိုးစီးပွားဆို တာထက် သူတို့ရဲ့အကျိုးစီးပွားကို ဦးစားပေးနိုင်မလဲဆိုတာမျိုးကို သူတို့က ကြည့်ပြီးတဲ့ အခါမှာ ဆက်ဆံတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ဒီတရုတ်ကိုကြည့်ရင် လည်း ရတယ်ပေါ့နော်။ ဒီတရုတ်ကဆိုရင် ဒါတရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေလည်း မြန်မာ နိုင်ငံမှာ အများကြီးရှိတယ်။ ပြီးတဲ့အခါမှာလည်း ဒီစစ်ကောင်စီကလည်း တရုတ်ရဲ့အကျိုး စီးပွားတွေကို ကာကွယ်ပေးထားတယ်။ တစ်ဖက်မှာလည်းပဲ ဒါစစ်ကောင်စီက လက်နက်တွေ ပံ့ပိုးတဲ့နိုင်ငံလည်းဖြစ်တယ်။ ပြီးတော့မှလည်း ဒါသူတို့ တရားဝင်တွေ့ဆုံမှုတွေလည်း ရှိတယ်။ တစ်ဖက်မှာလည်း ဒီလားရှိုးကနေ MNDAA ဆုတ်ခွာတဲ့ကိစ္စ၊ အဲဒီဟာတွေလည်း ဖြစ်ခဲ့တဲ့အခါမှာ ဒီတော်လှန်ရေးရဲ့ပေါ့နော်၊ ဒီတပ်ဖွဲ့တွေကို ဖိအားပေးတဲ့နေရာမှာ ဒါတရုတ်က လုပ်လက်စဆောင်တဲ့သဘောရှိတယ်ပေါ့နော်။ အိန္ဒိယမှာဆိုလည်း ဒီသူတို့ ဒီစစ်ကောင်စီနဲ့လည်း တွေ့ဆုံမှုတွေလည်းရှိတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့က အိန္ဒိယက လက်ရှိမှာ ဒီမြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို ဒါတော်လှန်ရေးအရ မြှုပ်နှံထားတယ် ဒီဟိုထောက်ခံတယ်လို့ ကျွန်တော်တို့တော့ မယူဆဘူး။ ဒီငလျင်ကိစ္စနဲ့ပတ်သက်ပြီး ပေးပို့တဲ့ဟာမှာ ဒါအားလုံးမြင်သာတယ်ပေါ့နော်။ အိန္ဒိယအနေနဲ့ ဒီသူကလည်း ဒီမိုကရေစီ နိုင်ငံဖြစ်တယ်။ မြန်မာ့တော်လှန်ရေးအင်အားစုတွေက ကျွန်တော်တို့တော်လှန်ရေး အင်အားစု တွေက ဒါဒီမိုကရေစီအတွက် ကျွန်တော်တို့က ဒါတိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒါလမ်းကြောင်း ကတော့ တစ်ခုတည်းပေါ့နော်။ ဒါပေမဲ့ သူတို့ရဲ့မူဝါဒအရ၊ ထုတ်ပြန်တဲ့မူအရ၊ လုပ်ထုံးလုပ် နည်းအရ တော်လှန်ရေးအင်အားစုတွေဘက်တွေကို ငွေကြေးတစ်စုံတစ်ရာ ပံ့ပိုးပေးတာမျိုး၊ လုပ်ရခက်တယ်။ ဒါမဟုတ် ဒီအထောက်အပံ့ပေါ့နော်၊ ဒီလက်နက်ပဲဖြစ်ဖြစ်၊ အထောက်အပံ့ ပံ့ပိုးပေးတာခက်တယ်။ ဒီမူဝါဒပိုင်းဆိုင်ရာအရ ပံ့ပိုးပေးရခက်တယ်ဆိုရင်တောင်မှ ဒီလူသား ချင်းစာနာမှုအကူအညီနဲ့ ကျွန်တော်တို့ ဒါလမ်းဖွင့်ပေးလို့အတွက် ပူးပေါင်းဆောင်ရွက် လို့ရတယ်လို့ ဒါယူဆတယ်။ ဘာလို့ဆိုတော့ သူတို့ကလည်း ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ဒါမျိုးကဆိုတော့ ဒါအလေးထားမယ့်ကိစ္စလည်းဖြစ်တယ်ပေါ့နော်။ ဒါမြန်မာမှာလည်းဆိုတော့ ဒါပြည်တွင်းရေးပဋိပက္ခကြောင့်မို့ ဒီစစ်ဘေးရှောင်တွေရှိတယ်၊ မီးဘေးသင့်တွေရှိတယ်ပေါ့ နော်။ ဒုက္ခရောက်နေတဲ့လူတွေရှိတယ်။ ဆိုတော့ အဲဒီနေရာမှာ တခြားအကူအညီမပေးရင် တောင်မှ ဒီတခြားကူညီပေးဖို့ခက်ရင်တောင်မှ ဒီလူသားချင်းစာနာမှုအထောက်အကူပြုမှု ဆိုင်ရာအကူအညီနဲ့ ပေးပေးတဲ့အခါမှာ လုပ်လို့ရတယ်ပေါ့နော်။ ဆိုတော့ အိန္ဒိယရဲ့အလား အလာ အနေနဲ့ပေါ့၊ အိန္ဒိယနိုင်ငံဟာ ဒီတော်လှန်ရေးမှာ ဒီနှစ်မြုပ်နိုင်ဖို့ကကျတော့ ဒါပြောဖို့တော့ စောတယ်ပေါ့နော်၊ ခက်တော့ခက်တယ်။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့၊ နောက်ဆုံးအနေနဲ့ ကိုရွှေဝင်းအောင် အခုလောလောဆယ် ဒါလူထု လှုပ်ရှားမှုပိုင်းမှာ တက်တက်ကြွကြွနဲ့ ဦးဆောင်နေသူတစ်ဦးအနေနဲ့ ဒါနိုင်ငံတကာကို မြန်မာ့ အရေးအပေါ်မှာ ကူညီပေးတဲ့အချိန်မှာ ဘယ်လိုကူညီစေချင်သလဲဆိုတဲ့ဟာ။

ကိုရွှေဝင်းအောင် – ဒီတိုက်ပွဲပေါ့နော်၊ ဒီတော်လှန်ရေး ရှုံးနိမ့်သွားလို့ စစ်ကောင်စီက ဆက်ပြီး အုပ်ချုပ်နေမယ်ဆိုရင်တောင်မှပဲ ကျွန်တော်တို့ ဒီပြည်တွင်းစစ်ကတော့ ဆက်ပြီးဖြစ်နေဦးမှာ ဖြစ်တယ်။ ဆိုတော့ ပြည်တွင်းစစ်ဆက်မဖြစ်အောင် အဓိကကတော့ တိုင်းရင်းသားတွေ လိုချင်တဲ့၊ အားလုံးလိုချင်တဲ့ Federal ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ဖြစ်ပါတယ်။ ဆိုတော့ ဒါကို ကျွန်တော်တို့က ဆိုရင် အားလုံးကလက်ခံတဲ့ Federal Democracy ကို ကျွန်တော်တို့ ဒီသွားနိုင်ပြီဆိုရင် ဒီပြည်တွင်းစစ်မီးက ငြိမ်းသတ်ဖို့အတွက် ခြေလှမ်းပဲဖြစ်တယ်ပေါ့နော်။ ဆိုတော့ တစ်ဖက်မှာလည်း စစ်ကောင်စီကို ဖြုတ်ချနိုင်ရမယ်။ အဲလိုဖြစ်မှပဲ ကျွန်တော် တို့နိုင်ငံက တည်ငြိမ်တဲ့နိုင်ငံတစ်နိုင်ငံကို ကျွန်တော်တို့ သွားနိုင်မှာဖြစ်တယ်။ နိုင်ငံတည် ငြိမ်ပြီဆိုမှ ကျွန်တော်တို့ ဒီစီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးတွေ၊ ပညာရေး စသဖြင့် အဲဒီလုပ်ငန်းတွေလည်း ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်။ အဓိကကတော့ ဒီကျွန်တော်တို့လိုချင်တဲ့ Federal တို့၊ Democracy တို့၊ တန်းတူအခွင့်အရေးတို့ ပြီးတော့ ဖက်ဒရယ်ပြောတဲ့အဆင့်အတန်းတွေကို နေနိုင်ဖို့အတွက်ဆိုရင် အဓိကအချက်က ဒီစစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ဖြစ်တယ်။ ဆိုတော့ နိုင်ငံတကာက ခေါင်းဆောင်တွေပေါ့နော်၊ နိုင်ငံတကာက ရဲဘော်တွေနဲ့ မြန်မာမှာရှိတဲ့ပြည်သူတွေ၊ လူသားတွေ ဘယ်သူတွေရဲ့ ကျွန်တော်တို့ ရေရှည်တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုကြည့်မယ်ဆိုရင် ဒီစစ်ကောင်စီက၊ စစ်တပ်က ဒါအဓိကအဟန့်အတားပဲ။ သူတို့ကို နိုင်ငံတကာတိုက်ပွဲမှာ ကျွန်တော်က အသိအမှတ်မပြုဖို့ကို ကျွန်တော်တို့ ဒါအဓိကဦးစားပေးဖို့ပေါ့နော်။ စစ်ကောင်စီကို ကျွန်တော်တို့ legitimacy ပေးလို့မရဘူး။ မဖြစ်ဖို့ရေးတွေ။ သူတို့က NUG ကို ကျွန်တော်တို့ ဒီနိုင်ငံတကာတိုက်ပွဲမှာ ကျွန်တော်တို့ ဒါအရေးသာနိုင်ဖို့အတွက် ပံ့ပိုးကူညီဖို့ ဒါပထမဦး စားပေးဖြစ်ပါလိမ့်မယ်။ နောက်ပြီးတစ်ခုက ပြည်သူတွေတောင်းဆိုနေတဲ့၊ ကျွန်တော်တို့ ဒီလူထုလှုပ်ရှားမှုလုပ်နေတဲ့ဟာတွေကို နိုင်ငံတကာမှာ သတင်းထုတ်ပေးနိုင်ဖို့။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က အချိန်ကိုက်ဖြစ်နေတယ်။ ကမ္ဘာ့သတင်းတွေက အာဏာသိမ်း တယ်ပေါ့နော်၊ အာဏာသိမ်းပြီးတော့မှ လူထုအုံကြွမှုဖြစ်တယ်။ တစ်ဖက်မှာလည်း ရုရှားနဲ့ ယူကရိန်းနဲ့က စစ်ဖြစ်တယ်။ အခါကျ ကျွန်တော်တို့သတင်းတွေက ပျောက်ကွယ်သွားတာ၊ နိုင်ငံတကာကို ထွက်မလာနိုင်ဘူးပေါ့နော်။ ဒီကျွန်တော်တို့ဘက်က လူထုလှုပ်ရှားမှုတွေက ထွက်မလာနိုင်၊ ပျောက်သွားတာဖြစ်တယ်။ တစ်ဖက်မှာဆိုလည်း ကျွန်တော်တို့ ဒီပါလက် စတိုင်းနဲ့ ဟိုဟာကိစ္စတွေက ဖြစ်သွားတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေက ပျောက်ကွယ်သွားပြန်တယ်။ ဆိုတော့ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှတော့ ကျွန်တော်တို့ information တစ်ယောက်တစ်နဲ့ ကျွန်တော်တို့ လုပ်နေတာဖြစ်တယ်။ ဒါပေမဲ့တော့ ထိရောက်မှုတော့ ရှိမနေတာတော့ ကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်ရမယ့်အပိုင်းလည်းဖြစ်တယ်။ ဆိုတော့ ပထမတစ်ချက်ကတော့ ဒီ NUG ရဲ့တရားဝင်မှုကို အာမခံပေးနိုင်ဖို့နဲ့ စစ်ကောင်စီကို ဆက်သွယ်နေတာတွေ ဖြတ်တောက်နိုင်ဖို့ဆိုတော့ စစ်ကောင်စီကို ဆက်သွယ်နေတာ ဖြတ်တောက်နိုင်ဖို့မဟုတ်ဘူးဆိုတော့ စစ်ကောင်စီကို တရားဝင်မှုပေးနေရုံဖြစ်နေတယ်။ ပေးသလိုဖြစ်နေတယ်။ ပေးနေရုံဖြစ်နေတဲ့ တွေ့ဆုံမှုတွေ၊ လက်တွဲလုပ်ဆောင်မှုတွေ၊ အဲဒါတွေ ဖြတ်တောက်ဖို့လိုအပ်တယ်။ နောက်တစ်ခုက သူ့ဆီကို စီးဝင်နေတဲ့ စီးပွားရေးတွေ၊ ကူညီမှုတွေ၊ ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့လိုအပ်တယ်။ ဒါဆို နိုင်ငံတကာက ဒီဟာကို လုပ်ပေးနိုင်မယ်ဆိုရင် ဒါအများကြီးပေါ့နော်၊ ကျွန်တော်တို့ တော်လှန်ရေးအတွက် အများကြီးအကျိုးကျေးဇူးရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပြည်တွင်းမှာဖြစ်နေတဲ့ သတင်းအချက်အလက်တွေ နိုင်ငံတကာကို သိအောင်၊ ပိုပြီးတော့မှ ဒါဒီကိစ္စကို အာရုံစိုက်ပြီးတော့မှ ဖြေရှင်းပေးနိုင်ဖို့အတွက် ဒါလည်းအရေးကြီးပါတယ်။ ဆိုတော့ ဒီနှစ်ခုကို လုပ်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ တော်လှန်ရေးအတွက် နိုင်ငံတကာကနေပြီးတော့ တုံ့ပြန်မှုက အင်မတန်အားကောင်းတဲ့၊ အင်မတန်ပုံမှန်အကျိုးရှိမယ်လို့ ကျွန်တော်ယူဆတယ်။ တစ်ဖက်မှာက ဒါနိုင်ငံတကာကဘက်ကပေါ့။ တစ်ဖက်မှာ ကျွန်တော်တို့အင်အားစုတွေ ဘက်ကလည်း ကျွန်တော်တို့ စုစည်းကျစ်လစ်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ဖို့ လိုအပ်တယ်။ ပြီးတဲ့အခါမှာ တိကျခိုင်မာတဲ့ရပ်တည်မှုတွေနဲ့ ဆွေးနွေးမှုတွေနဲ့ ကျွန်တော်တို့ ပေါ့နော် ဒီရှေ့ဆက်ပြီးတော့မှ ပုံဖော်သွားဖို့လိုအပ်တယ်။ ဆိုတော့ ဒီလိုမျိုး ဒီလိုမျိုးနှစ်ခု ပေါ့နော်၊ ဒီအတွင်းနဲ့အပြင် နှစ်ခုအပြန်အလှန်သွားနိုင်မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေး အတွက် အားက အဆင်ဟုန်တော်တော်ကြီးပါလိမ့်မယ်၊ ရလဒ်ကောင်းတွေလည်း ဒါထွက်လာ မှာ ဖြစ်ပါတယ်လို့ ဒီလောက်ပဲဆွေးနွေးပါတယ်။

 

ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့၊ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက် ကိုရွှေဝင်းအောင်ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။