အာဏာရှင်နှင့် အာဏာပိုင်များကြားက မြန်မာနိုင်ငံ၏ မရေရာသော အနာဂတ်
ဩဂုတ် ၂
The Kaladan Post
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများဟူ၍ နှစ်ခြမ်းကွဲနေပြီး နှစ်ဖက်စလုံး၏ အာဏာကိုင်စွဲမှုများမှာ အကန့်အသတ် မဲ့လာနေသည်ကို စိုးရိမ်ဖွယ်မြင်တွေ့နေရသည်။ ဤအခြေအနေသည် နွေဦးတော်လှန်ရေး၏ မူလရည်မှန်းချက်များနှင့် တဖြည်းဖြည်းကင်းကွာလာပြီး တိုင်းပြည်၏ အနာဂတ်ကို မရေရာမှုများဆီသို့ တွန်းပို့နေသကဲ့သို့ ဖြစ်နေသည်။
တစ်ဖက်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏အာဏာသက်တမ်းကို တရားမဝင်နည်းလမ်းများဖြင့် ဆက်တိုက်သက်တမ်းတိုးနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရသက်တမ်းတစ်ခုစာမျှ အာဏာယူထားပြီးနောက်ပိုင်းတွင်လည်း အရေးပေါ်ကာလအကြောင်းပြချက်ဖြင့် သက်တမ်းကို ဆက်လက်ဆွဲဆန့်ခဲ့သည်။ ယခုအခါ “အိမ်စောင့်အစိုးရ” အမည်ခံကာ မိမိကိုယ်တိုင်ထံသို့ပင် အာဏာပြန်လွှဲသည့် ဟာသဇာတ်လမ်းဆန်ဆန် ပြကွက်များဖြင့် နောက်ထပ်အာဏာသက်တမ်းတစ်ခုအတွက် ပြင်ဆင်နေသည်။ သူ၏ အနာဂတ်အစိုးရအဖွဲ့တွင်လည်း သူ့အား အာဏာလုနိုင်ခြေရှိသူများကို ဖယ်ရှားပြီး သစ္စာခံလူသစ်များဖြင့် အစားထိုးကာ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် စစ်ဝတ်စုံအစား တိုက်ပုံဝတ် ပုံစံပြောင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် ကြိုးပမ်းနေသည်မှာ ထင်ရှားသည်။
ထိုနည်းတူစွာပင် တော်လှန်ရေးအင်အားစုများဘက်တွင်လည်း စိုးရိမ်ဖွယ်ရာ အလားအလာများကို မြင်တွေ့နေရသည်။ နွေဦးတော်လှန်ရေးအစတွင် ပြည်သူလူထုတစ်ရပ်လုံးက အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး စနစ်သစ်၊ တိုင်းပြည်သစ် တည်ဆောက်ရန် မျှော်လင့်ချက်ကြီးစွာဖြင့် တော်လှန်ရေးကို ထောက်ခံခဲ့ကြသည်။ ထိုစဉ်က ပြည်သူများက မိမိတို့၏ အချုပ်အခြာအာဏာကို CRPH, NUCC, NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ တော်လှန်ရေးကို ဦးဆောင်ရန် ယုံကြည်စွာ ယာယီအပ်နှံခဲ့ကြသည်။
သို့သော် ယခုအခါ အဆိုပါအဖွဲ့အစည်းများ၏ အာဏာကိုင်စွဲမှုပုံစံများမှာ စတင်မေးခွန်းထုတ်စရာ ဖြစ်လာသည်။
- CRPH သည် ၂၀၂၀ ရွေးကောက်ပွဲမှရရှိသော ပြည်သူ့ mandate ကို အခြေခံသော်လည်း ၎င်း၏ သက်တမ်းကို ၅ နှစ်အထိ မိမိဘာသာ သက်တမ်းတိုးမြှင့်ထားသည်မှာ အချိန်ကာလတစ်ခု ကြာမြင့်နေပြီဖြစ်သည်။
- NUG ၏ အစိုးရအဖွဲ့သည် “ကြားကာလ” ဟု သတ်မှတ်ထားသော်လည်း ဖွဲ့စည်းပုံအရ ရာထူးသက်တမ်းနှင့် အပြောင်းအလဲလုပ်ငန်းစဉ်များ ရှင်းလင်းစွာ မရှိခဲ့ပေ။ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာသည့်အခါမှသာ “ကြားကာလ NUG” မှ “အသွင်ကူးပြောင်းရေး NUG” အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းရန် ပြင်ဆင်လာသည်။ သို့သော် ဤအပြောင်းအလဲသည် မူဝါဒနှင့် လူပုဂ္ဂိုလ်အရည်အသွေးကို အဓိကထား ပြောင်းလဲခြင်းထက် အမည်ခံပြောင်းလဲမှုသာ ဖြစ်နေမည်ကို စိုးရိမ်နေကြသည်။
- NUCC တွင်လည်း အလှည့်ကျသဘာပတိစနစ်မှလွဲ၍ အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းမှာ အာဏာသိမ်းမှုတည်ရှိနေသမျှ ဆက်ရှိနေမည့်ပုံစံဖြစ်နေပြီး အတွင်းပိုင်းတွင်လည်း အာဏာအားပြိုင်မှုများ ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
အဆိုးဆုံးမှာ တော်လှန်ရေးအင်အားစုများဘက်မှ ပြုလုပ်မည့် အစိုးရအဖွဲ့ အပြောင်းအလဲကဲ့သို့သော အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ပြည်သူလူထုထံ ရှင်းလင်းစွာချပြခြင်းမရှိဘဲ ဖုံးကွယ်ထားခြင်းပင်ဖြစ်သည်။ အာဏာရှင်မင်းအောင်လှိုင်၏ အာဏာလွှဲပြောင်းမှုသည် အတုအယောင်ဖြစ်လင့်ကစား ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ပြနေချိန်တွင် တော်လှန်ရေးအင်အားစုများ၏ လုပ်ဆောင်ချက်များက ပွင့်လင်းမြင်သာမှုမရှိခြင်းသည် ပြည်သူတို့၏ မူလယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေသည်။
ပြည်သူများ ယာယီလွှဲအပ်ထားသော အာဏာကို ကိုယ်ပိုင်အာဏာကဲ့သို့ သဘောထားကာ သက်တမ်းအကန့်အသတ်မရှိ ဆုပ်ကိုင်ထားရန် ကြိုးပမ်းလာသည့်အခါ “တော်လှန်ရေးအာဏာပိုင်များ” သည် “အာဏာရှင်” ပုံစံသို့ ကူးပြောင်းသွားမည်ကို အလွန်စိုးရိမ်စရာကောင်းပါသည်။
လာမည့်ကာလတွင် မြန်မာနိုင်ငံသည် မင်းအောင်လှိုင်ဦးဆောင်သော အတုအယောင်အစိုးရနှင့် အမည်ပြောင်းလဲထားသော NUG အစိုးရဟူသည့် အစိုးရနှစ်ရပ်၏ အပြိုင်အုပ်ချုပ်မှုအောက်တွင် ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။ လူမပြောင်းဘဲ မူဝါဒမပြောင်းလဲသော မင်းအောင်လှိုင်အစိုးရသည် တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်သကဲ့သို့ လူနှင့်မူဝါဒ အပြောင်းအလဲကြီးကြီးမားမားမရှိသော အသွင်ကူးပြောင်းရေး NUG အစိုးရကလည်း ထူးခြားသောတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။
ဤအခြေအနေတွင် ပြည်သူလူထု၏ဘဝမှာ အလွန်ခက်ခဲရှုပ်ထွေးလှသည်။ တစ်ဖက်တွင် တော်လှန်ရေးအောင်မြင်ရန်အတွက် ဆက်လက်ထောက်ပံ့နေရပြီး တစ်ဖက်တွင်လည်း မိမိနှင့် မိသားစု မငတ်မွတ်စေရန် ရုန်းကန်နေရသည်။ ထို့ထက်ပို၍ နှစ်ဖက်စလုံး၏ “ဒလန်” ဟု စွပ်စွဲခံရခြင်းမှ ရှောင်ရှားနိုင်ရန် အထူးသတိထားနေထိုင်ကြရမည်ဖြစ်သည်။
နိဂုံးချုပ်ရလျှင် မြန်မာပြည်သူများအနေဖြင့် အာဏာရှင်အစိုးရနှင့် အာဏာပိုင်အစိုးရနှစ်ရပ်လုံး၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရင်း မိမိတို့၏ ရှင်သန်ရပ်တည်ရေးနှင့် တော်လှန်ရေး၏ မူလရည်မှန်းချက်များ မပျောက်ပျက်ရေးအတွက် သတိတရားကြီးစွာဖြင့် ဤခက်ခဲသောကာလကို ဖြတ်သန်းရပ်တည်သွားကြရမည် ဖြစ်ပါသည်။