The Kaladan Post

၂၀၂၅ ခုနှစ်၊ မတ်လ (၁) ရက်နေ့

တော်လှန်ရေးမနိုင်မှာကို စိုးရိမ်တာထက် တော်လှန်ရေးတွင် နိုင်ဝန်မထမ်းကြမှာကသာ ပိုစိုးရိမ်စရာ

နိဒါန်း

ကီလိုမီတာ ၁၆၄၃ ခန့်ရှိသော အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုး ခတ်ရန် အိန္ဒိယနိုင်ငံဗဟိုအစိုးရမှ ပြင်ဆင်ထားပြီး ခန့်မှန်းကုန်ကျစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံခန့် အသုံးပြုမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ သို့သော် ဤခြံစည်းရိုးခတ်မည့်စီမံကိန်းတွင် မြန်မာစစ်ကောင်စီဘက်မှ ကုန်ကျစရိတ်ပါဝင်မှုရှိမရှိကို အသေးစိတ်မသိရပေ။ ထို့ကြောင့် အိန္ဒိယဘက်မှ သီးသန့်ကုန်ကျစရိတ်အားလုံးကို ထမ်းဆောင်မည့် လုပ်ဆောင်ချက်သည် စီမံကိန်းညံ့ဖျင်းမှုတစ်ခုအဖြစ် လေ့လာသူများက ဝေဖန်ကြသည်။ ထို့အပြင် ခြံစည်းရိုးခတ်မှုသည် နှစ်နိုင်ငံတာဝန်ရှိသူများ၏ အကျင့်ပျက် ခြစားမှုနှင့် ဥပဒေမဲ့လုပ်ဆောင်ချက်များကို မထိန်းချုပ်နိုင်ပါက လက်ရှိ အခြေအနေကို ထိန်းချုပ်နိုင်မည် မဟုတ်ဟု သုံးသပ်မှုများရှိသည်။ အမှန်တကယ် ရေရှည်စိတ်ချရသော နယ်စပ်လုံခြုံရေးကို ဖြစ်ပေါ်စေမည့် အရာသည် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုသာဖြစ်သည်ဟု သုံးသပ်သူများက ဆိုကြသည်။ ထို့ကြောင့် အိန္ဒိယဗဟိုအစိုးရအနေဖြင့် ခြံစည်းရိုး ခတ်မည့် ကုန်ကျစရိတ်ကို မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် အသုံးပြုသင့်သည်ဟု အကြံပြုကြသည်။ ထို့အပြင် ဤခြံစည်းရိုးစီမံကိန်းသည် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ခိုလှုံလာသူများထက် အိန္ဒိယ-မြန်မာနှစ်နိုင်ငံတွင် နေထိုင်သော လူမျိုးစုများကို ပိုမိုစိုးရိမ်မှုဖြစ်စေပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလုံးတွင် ခွနေထိုင်သော အိန္ဒိယနိုင်ငံသားများထံမှလည်း ပြင်းထန်စွာ ဆန့်ကျင်မှုကို ရင်ဆိုင်နေရသည်။

အိန္ဒိယနိုင်ငံသားများ၏ နယ်စပ်ခြံစည်းရိုးခတ်မှုဆန့်ကျင်မှု

ခြံစည်းရိုးခတ်ရန် ဗဟိုအစိုးရ၏ ကြိုးပမ်းမှုသည် အိန္ဒိယ-မြန်မာနယ်စပ်တွင် နေထိုင်သော အိန္ဒိယနိုင်ငံသားများထံမှ စီမံကိန်းသတင်းထွက်ပေါ်သည်နှင့်တပြိုင်နက် ဆန့်ကျင်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ပိုမိုအရှိန်မြင့်လာနေသည်။ ဤစီမံကိန်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော Zo Reunification Organization (ZORO) နှင့် အင်အားကြီးလူမှုအဖွဲ့အစည်းများဖြစ်သည့် Central Young Mizo Association (CYMA), Mizo Zirlai Pawl (MZP), Mizo Students Union (MSU) နှင့် Mizo Hmeichhe Insuihkhawm Pawl (MHIP) တို့မှ ခေါင်းဆောင်များသည် ၂၀၂၅ ခုနှစ် ၊ ဧပြီလ (၂၇) ရက်တွင် မီဇိုရမ်ဝန်ကြီးချုပ်ထံသို့ ဗဟိုအစိုးရ၏ ခြံစည်းရိုးခတ်ရန် ပြင်ဆင်မှုကို ဆန့်ကျင်ရန် တောင်းဆိုခဲ့ကြသည်။

ထို့သို့ ဆန့်ကျင်ကြသည့် အကြောင်းရင်းအား ZORO ၏ ဒုတိယဥက္ကဋ္ဌ Rohmingthanga Kawlni က “ဗဟိုအစိုးရ၏ နယ်စပ်တစ်ဖက်ရှိ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများနှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်ကို ဖျက်သိမ်းလိုက်သည့် ဆုံးဖြတ်ချက်ကြောင့် ZORO သည် ဝမ်းနည်းပြီး စိတ်ပျက်မိပါသည်။ ထို့ပြင် လွတ်လပ်သောသွားလာခွင့်စနစ် (FMR) ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ကာ ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် ပြည်နယ်အစိုးရကိုလည်း ကျွန်ုပ်တို့ ဝေဖန်ပါသည်” ဟု India Today NE သတင်းဌာနသို့ ပြောကြားခဲ့သည်။ (ဆီလျော်အောင်ဘာသာပြန်သည့် စာပိုဒ်ဖြစ်သည်)

ထို့အပြင် CYMA သည် FMR ဖျက်သိမ်းမှုနှင့် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုး တည်ဆောက်ရန် အဆိုပြုချက်သည် နယ်စပ်နှစ်ဖက်ရှိ မီဇိုလူမျိုးများ၏ နက်ရှိုင်းသော တိုင်းရင်းသားနှင့် ယဉ်ကျေးမှုဆက်နွယ်မှုများကို ဖြတ်တောက်စေခြင်း၊ အပြန်အလှန် မှီခိုအသက်မွေးဝမ်းကျောင်းမှုများကို ထိခိုက်စေခြင်း၊ သဟဇာတဖြစ်မှုကို အနှောင့်အယှက် ဖြစ်စေခြင်းနှင့် နယ်စပ်ဖြတ်ကျော် အပြန်အလှန်ဆက်ဆံမှု၏ ရှည်လျားတည်ရှိခဲ့သော ဓလေ့ထုံးတမ်းများကို ကန့်သတ်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု ဆိုကာ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၆) ရက်တွင် ဗဟိုအစိုးရထံ ပြန်လည်သုံးသပ်ရန်နှင့် စီမံကိန်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ (ဆီလျော်အောင်ဘာသာပြန်သည့် စာပိုဒ်ဖြစ်သည်)

ထို့အပြင် အိန္ဒိယဘက်ရှိ နာဂလူမျိုးများလည်း ခြံစည်းရိုးခတ်မှုကို ဆန့်ကျင်လှုပ်ရှားကြသည်။ မဏီပူရပြည်နယ်ရှိ နာဂလူမျိုးများနှင့် ကူကီး-ချင်းလူမျိုးများကလည်း ဆန္ဒပြပွဲများဖြင့် ဆန့်ကျင်ခဲ့သည်။ နာဂပြည်နယ်အတွင်းရှိ ပြည်သူများကလည်း ဤစီမံကိန်းကို ဆန့်ကျင်ခဲ့ပြီး၊ “အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးတည်ဆောက်ရန် ဆုံးဖြတ်ချက်ကို ဗဟိုအစိုးရအား ပြန်လည်သုံးသပ်ရန် တိုက်တွန်းကာ ဘိုးဘွားပိုင်နယ်မြေများကို ထိန်းသိမ်းကာကွယ်ရန်နှင့် နာဂလူမျိုးများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ရန် အရေးကြီးသည်” ဟု The Tenyimi Union Nagaland ခေါင်းဆောင် Lea က The Indian Tribal သတင်းဌာနသို့  ပြောကြားခဲ့သည်။ (ဆီလျော်အောင်ဘာသာပြန်သည့် စာပိုဒ်ဖြစ်သည်)

 

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မှုအပေါ် မြန်မာနိုင်ငံတော်လှန်ရေးဦးဆောင်သူများ၏ အမြင်
ဤစီမံကိန်းကို ချင်းညီနောင်အဖွဲ့ပြောခွင့်ရသူ ဆလိုင်း ယောမာန်က “ခြံစည်းရိုးသာခတ်ပြီး ဘာကိုမှလည်း တားနိုင်မှာမဟုတ်ဘူး။ သဲထဲရေသွန်တဲ့ ဘတ်ဂျက်သုံးဖြုန်းမှု သီးသန့်ပဲလို့မြင်တယ်။ ဒီခြံစည်းက အိန္ဒိယပြည်သူတွေအတွက် တိတိကျကျ အကျိုးအမြတ် ယူလာနိုင်ပေးမည်မဟုတ်ဘူး။ မြန်မာနိုင်ငံ နိုင်ငံသာကောင်းရင် ချင်းတွေက ဘယ်သူကမှ တကူးတက အိန္ဒိယဘက်ကို သွားမှာမဟုတ်ဘူး။ တဘက် လူမျိုး၊ ဘာသာရေး၊ ယဉ်ကျေးမှုဆက်နွယ်မှုအရ ကူးလူးဆက်ဆံမှုတော့ အဝင်အထွက်တော့ ရှိကောင်းရှိနိုင်တယ်။ ဒီတော့ အိန္ဒိယက မူးယစ်ဆေးဝါးကိစ္စစိုးရိမ်နေရင် ချင်းဘက်မှာ ဒေသန္တရတာဝန်ရှိသူများနှင့် ချိတ်ဆက်ဖြေရှင်းခြင်းကသာ လက်တွေ့ပိုကျမည်။ ဒီကုန်ကျစရိတ်ကိုအိန္ဒိယပြည်သူတွေ အသုံးပြုစရာ များစွာရှိတယ်ထင်တယ် ဒါမှမဟုတ် အိန္ဒိယကိုရောက်နေတဲ့ စစ်ဘေးရှောင် သို့မဟုတ် မီဇိုရမ်ပြည်သူတွေအတွက်အသုံးပြုရင် ပိုအကျိုးရှိမည်လို့ထင်တယ်။ ဒါက ငွေအကုန်ကျများပြီး ရှိရင်းစွဲပြဿနာပိုကြီးလာစေနိုင်တယ်လို့မြင်တယ် အခု မီဇိုရမ်ပြည်နယ် သူ/သားတွေကတောင် ဆန့်ကျင်နေကြတာဆိုတော့ ဆိုးကျိုးပိုများမည်ထင်တယ်။ ဒီတော့ ဒီစီမံကိန်းဟာ တွက်ချက်မှုလွဲမှားတဲ့ ငွေကြေးသုံးစွဲမှုလို့မြင်တယ်။” ဟု The Kaladan Post သို့ ပြောကြားခဲ့သည်။

FILE PHOTO: A man rides his motorised two-wheeler across the Indo-Myanmar border bridge at the border town of Moreh, in the northeastern Indian state of Manipur, January 25, 2012. REUTERS/Rupak De Chowdhuri/File photo

ဆန့်ကျင်မှုများရှိနေသည့် ကြားမှ အကောင်အထည်ဖော်နေသော နယ်စပ်ခြံစည်းရိုးခတ်မည့် စီမံကိန်းကြီးသည် မဏီပူရ်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဘက် နယ်စပ်တလျှောက်တွင် စတင်အကောင်အထည်ဖော်နေကြသည်။ အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံနယ်မြေ ကျူးကျော် ခြံစည်းရိုးခတ်မှုများရှိသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ တားမြစ်ကာ ရပ်တန့်ခိုင်းမှုများလည်းရှိသည်ဟု တော်လှန်ရေး တပ်ဖွဲ့များကပြောကြား ထားပါသည်။ ထိုသို့ နယ်မြေကျူးကျော် ခြံစည်းရိုးခတ်မှုနှင့် ပတ်သက်ပြီး “နယ်စပ် တည်ငြိမ်ရေးဆိုတာ အိန္ဒိယတစ်နိုင်ငံဘက်ဘဲ တာဝန်ရှိတာမဟုတ်ဘဲ မြန်မာနိုင်ငံရော၊ အိန္ဒိယနိုင်ငံရော နှစ်နိုင်ငံလုံးမှာတာဝန်ရှိတာဖြစ်တယ်။ တစ်ဘက်ကဘဲ လုပ်လို့ရတာမျိုး မဟုတ်ဘူး နယ်စပ်ဆိုတဲ့ဟာက။ ပြီးတော့ နယ်စပ်လို့သာပြောတယ် နိုင်ငံအနေနဲ့ အိန္ဒိယ မြန်မာလို့သာကွဲတယ် နှစ်ဘက်စလုံးမှာနေထိုင်တဲ့ ပြည်သူတွေက နယ်စပ်တည်ငြိမ်ရေး အဖြေရှာတဲ့နေရာမှာ ပါဝင်ပြီး ဝိုင်းဝန်းလုပ်ဆောင်ခြင်းကသာ ရှေရှည်နယ်စပ်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမည်ဟု” ယုံကြည်ကြောင်း The Kaladan Post ထံပြောကြားခဲ့ပါသည်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ သဉ္ဇာရွှန်းလဲ့ရည်ကလည်း The Kaladan Post နှင့်အင်တာဗျူးတွင် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် အင်အားကြီးနိုင်ငံများဖြစ်ပြီး မြန်မာ့ အရေးဖြေရှင်းရာတွင် အိန္ဒိယကို ပိုမိုဦးဆောင်စေလိုကြောင်း ပြောကြားခဲ့သည်။ သို့သော် အိန္ဒိယသည် လက်ရှိအချိန်ထိ နယ်စပ်လုံခြုံရေးနှင့် ခြံစည်းရိုးခတ်မှုကိုသာ ဦးစားပေးကာ အခြားနည်းလမ်းများဖြင့် ကြိုးပမ်းမှုမတွေ့ရသေးပေ။

နိဂုံး
နယ်စပ်တည်ငြိမ်ရေးသည် အိန္ဒိယတစ်နိုင်ငံတည်း၏ တာဝန်မဟုတ်ဘဲ နှစ်နိုင်ငံလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နယ်စပ်ရေး ကဏ္ဍမှန်သမျှတွင် မြန်မာနိုင်ငံဘက်မှာ တာဝန်ရှိသူများနှင့် လက်တွဲဆောင်ရွက်ရန် လိုအပ်နေသည်။ သို့သော် အိန္ဒိယ-မြန်မာနယ်စပ် အများစုအား တော်လှန်ရေး အင်အားစုများမှ ထိန်းချုပ်ထားမှုကြောင့် အိန္ဒိယအနေဖြင့် ပူးတွဲဆောင်ရွက်မှုမလုပ်ခြင်းဖြစ်မည်ဟု သုံးသပ် ချက်များလည်းရှိနေသည်။ အကြောင်းရင်းမှာ အိန္ဒိယဗဟိုအစိုးရသည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများနှင့် တရားဝင်တွေ့ဆုံဆွေးနွေးခြင်းမရှိသေးသလို ထင်သာမြင်သာရှိသော မူဝါဒများကိုလည်း ချမှတ်မထားသေးပေ။ သို့သော် နယ်စပ် ပြည်နယ် သူ/သားများ၊ နိုင်ငံရေးအင်အားစုများနှင့် အစိုးရတာဝန်ရှိသူများသည် မြန်မာ့အရေးကို စိတ်ဝင်စားမှုမြင့်တက်နေပြီး မြန်မာနိုင်ငံ၏ နယ်မြေအချို့ကို အိန္ဒိယထဲသို့ ပူးပေါင်းရန် ဖိတ်ခေါ်မှုများအထိ လှုပ်ရှားမှုများရှိနေသည်။ ဤအခြေအနေများတွင် အိန္ဒိယဗဟို အစိုးရသည် ၎င်း၏နိုင်ငံသားများ၏ ဆန္ဒကို ဆန့်ကျင်ပြီး မြန်မာ့တော်လှန်ရေးအင်အားစု များ၏ အမြင်များကို မျက်ကွယ်ပြုကာ ငွေကုန်ကျများစွာဖြင့် ခြံစည်းရိုးခတ်မှုကိုသာ အကောင်အထည်ဖော်ပြီး အနာဂတ်မသေချာသော စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်း မည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းနေပါသည်။