ဖေဖေါ် ၂၀
The Kaladan Post
အီရန်အစိုးရက မကြာမီ ပြုလုပ်မည့် ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ရုရှားက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ အမေရိကန်က အီရန်အပေါ် စစ်ရေးအရေးယူနိုင်ခြေများအတွက် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ အတည်ပြုကြေညာလာခြင်း ဖြစ်သည်။
အီရန်ရေတပ်နှင့် Islamic Revolutionary Guard Corps (IRGC) တို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၉ ရက်တွင် Gulf of Oman ၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးမှ စစ်သင်္ဘောများနှင့် စစ်ရေးယာဉ်များ ပါဝင်မည်ဟု ဆိုသည်။
စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အစီအမံများ တိုးမြှင့်ရန်ဖြစ်ကြောင်း အီရန်ရေတပ်၏ နောက်တန်း သေနာပတိ ဟာဆန် မက်ဆော့ဒ်လူက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင်လည်း အီရန်က Strait of Hormuz ဝန်းကျင်၌ လက်နက်ခဲယမ်း အစစ်များ အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းဒေသသည် ကမ္ဘာ့ရေနံ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။
ထို့အပြင် အီရန်နှင့် ရုရှားရေတပ်တို့၏ ပူးပေါင်းလေ့ကျင့်မှုသည် လေယာဉ်တင် သင်္ဘောတစ်စီး ဦးဆောင်သည့် အမေရိကန် ရေတပ်ဖွဲ့နှင့် မဝေးသည့် ရေပြင်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် အီရန်နှင့် တင်းမာမှုများ မြင့်တက်နေသည့်အခြေအနေတွင် လေယာဉ်တင် သင်္ဘောတစ်စီးကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ထားပြီး နောက်တစ်စီး ထပ်မံ ပူးပေါင်းစေမည်ဟု ထုတ်ပြန်ထားသည်။
အမေရိကန် သမ္မတ Donald Trump က အီရန်အနေဖြင့် နျူကလီးယား ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများတွင် သဘောတူညီမှုတစ်ရပ်ကို အမြန်ဆုံး ရရှိစေရန် ဆုံးဖြတ်ရန် တိုက်တွန်းထားပြီး ဆွေးနွေးမှုများ မအောင်မြင်ပါက စစ်ရေးအရ အရေးယူနိုင်ကြောင်းလည်း အရိပ်အမြွက် ပြောကြားထားဖူးသည်။
လက်ရှိတွင် အီရန်နှင့် အမေရိကန်အကြား နျူကလီးယားကိစ္စဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်ရှိနေသော်လည်း ယူရေနီယမ် သန့်စင်မှုကို အပြည့်အဝ ရပ်ဆိုင်းရမည်ဆိုသည့် တောင်းဆိုချက်အပေါ် အီရန်ဘက်မှ လက်မခံနိုင်ကြောင်း ပြောကြားထားသဖြင့် ညှိနှိုင်းမှုများ တိုးတက်ရန် ခက်ခဲနေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
Source – The Telegraph