မတ် ၂

The Kaladan Post

 

အီရန်နှင့် အမေရိကန်–အစ္စရေး တင်းမာမှုများ မြင့်တက်နေသည့် အခြေအနေကြောင့် ထိုင်းအစိုးရက ပြည်တွင်း စွမ်းအင်ဖူလုံမှု မထိခိုက်စေရန် အရေးပေါ်အစီအမံများ စတင်ကျင့်သုံးလိုက်ပါသည်။

ထိုင်း စွမ်းအင်ဝန်ကြီး Pirapan Salirathavibhaga က လာမည့် ရက်ပေါင်း ၆၀ အတွက် စွမ်းအင်လုံလောက်မှု ရှိစေရန် ရည်ရွယ်သည့် မူဝါဒများကို မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ချက်ချင်းအသက်ဝင်သည့် ဆုံးဖြတ်ချက်အရ —
▪ ဓာတ်ဆီ၊ ရေနံနှင့် ဆက်စပ်ထုတ်ကုန်များကို ပြည်ပတင်ပို့မှု ရပ်ဆိုင်းခြင်း
▪ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို စွမ်းအားအပြည့် လည်ပတ်စေခြင်း
▪ လောင်စာစျေးနှုန်း မြင့်တက်ပါက အမျိုးသား လောင်စာရန်ပုံငွေ အသုံးပြု၍ ထိန်းညှိရန် ပြင်ဆင်ထားခြင်း

ထိုင်းနိုင်ငံမှ လောင်စာဆီကို မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ဝယ်ယူနေကြသဖြင့် ယခု ဆုံးဖြတ်ချက်သည် ဒေသတွင်း စျေးကွက်အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။

ထိုင်းအစိုးရသည် Strait of Hormuz ပိတ်သွားနိုင်ခြေကိုလည်း စိုးရိမ်ထားပါသည်။ ဟောမုဇ်ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသည့် အရေးကြီးသော ရေလမ်းကြောင်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် လက်ရှိတွင် ရေနံနှင့် လောင်စာ လီတာ သန်းပေါင်း ၇၆၆၀ ခန့် စုဆောင်းထားပြီး အကျပ်အတည်း ကာလ ရက်ပေါင်း ၆၀ အတွက် လုံလောက်မည်ဟု ဆိုပါသည်။

ထို့အပြင် ဗြိတိန်သတင်းဌာန Daily Mail ၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ Donald Trump က အီရန်စစ်ဆင်ရေးကို လေးပတ်ဝန်းကျင်အတွင်း အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။

ကိုးကား – The Nation