မတ် ၄
The Kaladan Post
အီရန်နှင့် ဆက်နွှယ်သည့် စစ်ရေးတင်းမာမှုများကြားတွင် ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိန် လေတပ်စခန်းတစ်ခုကို ဒရုန်းတိုက်ခိုက်မှု ခံခဲ့ရသည့်နောက် ဗြိတိန်အစိုးရက တော်ဝင်ရေတပ် စစ်သင်္ဘောတစ်စီးကို အားဖြည့် စေလွှတ်သွားမည်ဟု ကြေညာခဲ့သည်။
ဆိုက်ပရပ်စ်တောင်ပိုင်းရှိ အက်ခရိုထရီ (Akrotiri) လေတပ်စခန်းကို အီရန်ဒရုန်းတစ်စီး ထိမှန်ခဲ့ပြီး လေယာဉ်ပြေးလမ်း တစ်စိတ်တစ်ပိုင်း အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်အပြီးတွင် ဝန်ကြီးချုပ် Keir Starmer ၏ ဆုံးဖြတ်ချက်ဖြင့် တော်ဝင်ရေတပ်၏ HMS Dragon ကို ဆိုက်ပရပ်စ်သို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
HMS Dragon သည် Type 45 အမျိုးအစား လေကြောင်းကာကွယ်ရေး ဖျက်သင်္ဘောတစ်စီးဖြစ်ပြီး လေကြောင်းကာကွယ်ရေးစွမ်းရည်အမြင့်မားဆုံး ရေယာဉ်များအနက် တစ်စီးအဖြစ် သတ်မှတ်ခံထားရသည်။ ယင်းသင်္ဘောတွင် ရေတပ်သား ၂၀၀ ကျော် စီးနင်းလိုက်ပါမည်ဟု သိရသည်။
ထို့အပြင် တော်ဝင်ရေတပ်၏ AgustaWestland AW159 Wildcat ရဟတ်ယာဉ် ၂ စီးကိုလည်း ဆိုက်ပရပ်စ်သို့ ပို့ဆောင်ထားပြီး၊ ဒရုန်းများကို ကြားဖြတ်ပစ်ချနိုင်သည့် Martlet missile ဒုံးကျည်များ တပ်ဆင်ထားကြောင်း ဗြိတိန်ဘက်က ထုတ်ပြန်ထားသည်။
ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက လွန်ခဲ့သည့် ၂၄ နာရီအတွင်း Iraq၊ Jordan နှင့် Qatar တို့၏ လေပိုင်နက်များအတွင်း ဝင်ရောက်လာသည့် အီရန်ဒရုန်းများကို ဗြိတိန်တပ်ဖွဲ့များက ကူညီ ကြားဖြတ်ပစ်ချခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
မတ်လ ၃ ရက်နေ့တွင် ဗြိတိန်လေတပ်၏ F-35B Lightning II တိုက်လေယာဉ်များက ဂျော်ဒန် လေပိုင်နက်ထဲ ဝင်ရောက်လာသည့် ဒရုန်းများကို ပစ်ချခဲ့ပြီး၊ အဆိုပါ စစ်ဆင်ရေးကို Eurofighter Typhoon ဂျက်တိုက်လေယာဉ်များနှင့် Airbus Voyager ဝေဟင်ဆီဖြည့် လေယာဉ်များက ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ဗြိတိန် တော်ဝင်ရေတပ်တွင် Type 45 ဖျက်သင်္ဘော စုစုပေါင်း ၆ စီးရှိပြီး ပုံမှန်အားဖြင့် ၃ စီးကို အသင့်အနေအထားထားရှိကာ ကျန် ၃ စီးကို ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်လေ့ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။ လက်ရှိအချိန်တွင် မြေထဲပင်လယ်ဒေသသို့ ဗြိတိန် စစ်သင်္ဘောများ ထပ်မံစေလွှတ်ထားခြင်း မရှိသေးကြောင်းလည်း ဆိုသည်။
ဝန်ကြီးချုပ် Keir Starmer က ဆိုက်ပရပ်စ်နှင့် ယင်းဒေသရှိ ဗြိတိန် တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်သွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။
ကိုးကား – BBC
ဓာတ်ပုံ – UK Ministry of Defence (MoD)