ဖေဖေါ် ၁၆
The Kaladan Post
Donald Trump က အီရန် နျူကလီးယားထိန်းချုပ်ရေး ဆွေးနွေးမှုများတွင် သွယ်ဝိုက်သည့် နည်းလမ်းဖြင့် ပါဝင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် သမ္မတ စီးတော်လေယာဉ် Air Force One ပေါ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထရမ့်က အဆိုပါ ဆွေးနွေးမှုများမှာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပြီး မိမိလည်း သွယ်ဝိုက်သည့် ပုံစံဖြင့် ပါဝင်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ သို့ရာတွင် ပါဝင်မည့် နည်းလမ်းအသေးစိတ်ကိုတော့ မဖော်ပြခဲ့ပါ။
United States နှင့် Iran ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် Geneva ၊ Switzerland တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
ထရမ့်က အီရန်ဘက်မှလည်း သဘောတူညီမှုတစ်ခု ရရှိရန် ဆန္ဒရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး၊ သဘောတူညီမှု မရရှိပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို အီရန်ဘက် မလိုလားနိုင်ကြောင်း သတိပေးခဲ့သည်။ ဆွေးနွေးမှုများမှာ ခက်ခဲပြင်းထန်နိုင်သော်လည်း အီရန်ဘက်မှ အခြေအနေကို အရှိအတိုင်း သုံးသပ်နိုင်ပါက သဘောတူညီမှုဆီသို့ ဦးတည်နိုင်မည်ဟုလည်း ပြောကြားခဲ့သည်။
လက်ရှိတွင် အမေရိကန်သည် အီရန်နယ်မြေဝန်းကျင်တွင် ရေတပ်နှင့် လေတပ် အင်အားများ ဖြန့်ကျက်ထားပြီး နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်။ ထရမ့်က ဆွေးနွေးမှုများ အဆင်မပြေပါက အီရန်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်နိုင်ကြောင်းလည်း ခြိမ်းခြောက်ပြောဆိုထားသည်။
အမေရိကန်ဘက်က အီရန်အနေဖြင့် ယူရေနီယမ် သန့်စင်ရေး လုပ်ငန်းစဉ်အား လုံးဝ ရပ်တန့်ရန် တောင်းဆိုထားသော်လည်း အီရန်ဘက်က ယင်းသည် မိမိနိုင်ငံ၏ အခွင့်အရေးဖြစ်ကြောင်းနှင့် စွမ်းအင်ထုတ်လုပ်ရေးအတွက်သာ အသုံးပြုမည်ဟု ပြောကြားထားသည်။ အမေရိကန်နှင့် Israel တို့က အီရန်သည် နျူကလီးယားလက်နက် ဖန်တီးရန် ကြံစည်နေကြောင်း စွပ်စွဲထားသော်လည်း အီရန်က ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
Source: Reuters
Photo: AP