မြင်းခြံတွင် ပျူစောထီးစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

အောက်တို ၁၆
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာကြီးရွာ-ညောင်ပင်ရွာလမ်းပိုင်းတွင် သီတာယုမွန်ပျူစောထီးအဖွဲ့ က ကျေးရွာများကို မီးရှို့စီးနင်းနေစဉ် အောက်တိုဘာ ၁၀ ရက်က တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ ဦးဆောင်ပြီး MGN Danger Dynamite နှင့် မြင်းခြံပကဖတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၁၅ ဦး ထက်မနည်း သေဆုံးခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။ ဤတိုက်ခိုက်မှုသည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းကို ထိရောက်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက NCA စာချုပ်ဆက်လက်တည်ရှိမည်ဟု ပြောဆို

အောက်တို ၁၆
The Kaladan Post
အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းက NCA စာချုပ်သည် နိုင်ငံတကာအသိအမှတ် ပြုထားသည့် စာချုပ်ဖြစ်ပြီး၊ လက်မှတ်ထိုးထားသော အဖွဲ့များရှိနေသမျှ ဆက်လက်တည်ရှိမည်ဟု ပြောကြားသည်။ ၎င်းက NCA သည် စက္ကူစုတ်မဟုတ်ဘဲ ငြိမ်းချမ်းရေးသာမက နိုင်ငံတည်ဆောက် ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ဆိုသည်။ စာချုပ်လက်မှတ်ထိုးထားသည့် EAO အဖွဲ့များ၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်သည် ဆက်လက်လုပ်ဆောင် သွားမည်ဟု ယမန်နေ့အောက်တိုဘာ ၁၅ရက်နေ့က NCA ၁၀ နှစ်ပြည့်အခမ်းအနားအပြီး စစ်တပ် လက်အောက်ခံ ဝါဒဖြန့် မီဒီယာများသို့ ၎င်းက ဖြည့်စွမ်ပြောဆိုသည်။ သို့သော် KNU, CNF, PNLO, ABSDF, NMSP, LDU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ခုက ၂၀၂၁ စစ်အာဏာသိမ်းမှုက NCA ၏ အခြေခံမူများကို ဖျက်ဆီးခဲ့ပြီး စာချုပ်သည် စက္ကူစုတ်ဖြစ်သွား ပြီဟု အောက်တိုဘာ ၁၃ တွင် ကြေညာခဲ့သည်။ ၎င်းတို့က စစ်တပ်၏ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့် NCA ချိုးဖောက်မှုများကို ထောက်ပြပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ထူထောင်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက် ပွဲဝင်မည်ဟု သံန္နိဌာန်ချထားသည်။ စစ်တပ်၏ NCA အမည်ခံ ဟန်ပြလုပ်ငန်းစဉ် များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းမှုများသည် အာဏာ ထိန်းသိမ်းရေး အတွက်သာဖြစ်ပြီး ပြည်သူ၏ ဆင်းရဲဒုက္ခများကို မဖြေရှင်းနိုင်ဘဲ ပဋိပက္ခကို ပိုရှည်လျားစေမည်ဟု တိုင်းရင်းသားအဖွဲ့များက ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်က ပွိုင့် (၆၆၆) စခန်းသိမ်းကိုပိုက်၊ စစ်ကော်စီ၏ ထိုးစစ်များကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်

အောက်တို ၁၆
The Kaladan Post
ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်က ဆုံးရှုံးခဲ့ရသော စခန်းများနှင့် မြို့များကို ပြန်လည်သိမ်းယူရန် ကြိုးစားနေသော်လည်း အာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်ဖွဲ့များက နေရာအနှံ့တွင် ထိုးစစ် ခံစစ်များကို ဆင်နွှဲလျက်ရှိပြီး တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေသည်။ အထူးသဖြင့် အာရက္ခ-ပဲခူးတိုင်းအစပ်တွင် ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ကျေးရွာ တောင်ဘက်၊ အောက်တိုဘာ ၁၄ ရက်နံနက် ၉ နာရီ ၀၅ မိနစ်က အာရက္ခတပ်တော်က ရန်သူ ပွိုင့် (၆၆၆) ကုန်းကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သုံးနာရီကြာ တိုက်ပွဲပြီးနောက် စခန်းတစ်ခုလုံး သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစခန်းတွင် ရန်သူ အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး အာရက္ခစစ်သည်တော်များ၏ စွန့်လွှတ်မှုကို ဂုဏ်ပြုအပ်ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်သည်။ စစ်တွေမြို့အနီးတွင်လည်း လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ ပြင်းထန်နေပြီး နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းယူရန် ထိုးစစ်ဆင်နေကာ လက်နက်ချသူများကို စစ်သုံးပန်းဥပဒေနှင့်ညီစွာ ပြုစုထားသည်။ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင်လည်း အောက်တိုဘာ ၁၅ ရက် နေ့လယ် ၃ နာရီ ၅၅ မိနစ်မှ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတွင် စကစစစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံး

အောက်တို ၁၆
The Kaladan Post
စစ်ကိုင်းမြို့နယ်တွင် အောက်တိုဘာ ၁၃ ရက်က ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ (UGF) က ခလရ(၁၁၆) တပ်ရင်း၏ စစ်ကြောင်းကို ကင်းပုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း UGF တာဝန်ရှိသူက ပြောကြားသည်။ တိုက်ခိုက်မှုအတွင်း MA1 နှစ်လက်၊ MA3 သုံးလက်၊ MA5 တစ်လက်၊ ခြောက်လုံးပြူး တစ်လက်နှင့် အီနာဂါ တစ်လုံး၊ အိုင်ကွန် တစ်ခု သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်စစ်သားများက ပြည်သူပိုင် ကားနှင့် ဆိုင်ကယ်များကို အတင်း လုယူထွက်ပြေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမင်းကွန်းလမ်း ပေါက်တောကျေးရွာတွင် ပြည်သူများကို စစ်ဆေးဖမ်းဆီးနေစဉ် လက်ပံရွာမှ စစ်ကြောင်း ထွက်လာခဲ့ရာ ကင်းပုန်းဝပ်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း UGF က ရှင်းပြသည်။ ဤတိုက်ပွဲတွင် တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ပြည်သူများကို စစ်ကောင်စီတပ်သားများနှင့် ဝေးဝေး ရှောင်ကြဖူးရန် တိုက်တွန်းထားကြောင်း UGF က ပြောဆိုသည်။ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်အဖွဲ့ကို ရှင်းလင်းရန်အပြင် သြဂုတ်လတွင် အင်အား ၁၀၀ ကျော်ဖြင့် ဝင်လာသော စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့ပြီး ယမန်လက စစ်ကိုင်းမြို့အဝင် စစ်ဆေးဂိတ်ကို တိုက်ခိုက်ရာ စစ်သားများ ထွက်ပြေးခဲ့ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသား ၁၅ ဦးကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကယ်ထုတ်

အောက်တို ၁၆
The Kaladan Post
ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသား ၁၅ ဦးကို ချင်းအမျိုးသားတပ်ဦး (CNA) နှင့် CDF Hakha ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၆ ရက် နံနက် ၃ နာရီမှ ၄ နာရီအကြား လျှပ်တပြက်စစ်ဆင်ရေးဖြင့် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောဆိုသည်။ CDF Hakha ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သော ဤစစ်ဆင်ရေးတွင် CNA ရဲဘော် ၂ ဦး၊ CDF ရဲဘော် ၃ ဦး အပါ အဝင် အကျဉ်းသား ၁၅ ဦးကို လုံခြုံသောနေရာသို့ ကယ်ထုတ်နိုင်ခဲ့သည်။ သို့သော် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရသည်။ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ မြို့ပြင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သရက်ချောင်းရွာတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ရပြီး ၂၀ ဦးသေဆုံး၊ ၁၂ ဦးအရှင်ဖမ်းမိ

အောက်တို ၁၆
The Kaladan Post
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာသို့ အောက်တိုဘာလ ၁၅ ရက် နံနက် ၁၀ နာရီတွင် မီးရှို့ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက အောင်မြင်စွာ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ၁၂ ဦးအရှင်ဖမ်းမိသည့်အပြင် လက်နက်အစုံ ၁၉ လက်နှင့် ခဲယမ်းများအပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ သရက်ချောင်းကို မီးရှို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုဖြင့် အမှတ် ၃၈၀၂၊ ၃၈၀၃ တပ်ရင်းများ၊ ရွှေတန်းမြေ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိကြောင်းသိရသည်။

စစ်တပ်ဖိအားပေးမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ယုံကြည်မှုပျက်ပြားဟု RCSS ဆို

အောက်တို ၁၆
The Kaladan Post
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် စစ်တပ်အာဏာထိန်းချုပ်မှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်ခဲ့ရပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ရည်မှန်းချက်အတိုင်း မဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ နှစ်ဖက်ယုံကြည်မှုမတည်ဆောက်နိုင်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ကို ဖိအားပေးခြင်းနှင့် ပြုပြင်ပြောင်းလဲရေးအတွက် စိတ်အားထက်သန်မှု နည်းပါးခြင်းတို့က အဓိကအကြောင်းအမျိုးမျိုးဖြစ်သည်ဟု RCSS က ဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရန် RCSS က ယုံကြည်မှုတည်ဆောက်ရေး၊ စစ်တပ်နှင့် EAOs အကြား ဦးစွာသဘောတူညီချက်ရယူရေး၊ ဖက်ဒရယ်မူကို အဓိကထား ဆွေးနွေးရေး၊ နိုင်ငံတကာအသိသက်သေများ ပါဝင်ရေးနှင့် သဘောတူညီချက်များကို ဥပဒေအဖြစ် လွှတ်တော်တွင် ပြဋ္ဌာန်းရန် အကြံပြုထားသည်။ RCSS/SSA သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အဖြစ် အာဏာသိမ်းစစ်တပ်နှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်။ NCA ၏ ၁၀ နှစ်ပြည့်အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့သော်လည်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်မတက်ရောက်ဘဲ ကိုယ်စားလှယ်အဖွဲ့သာ တက်ရောက်ခဲ့သည်။

သီပေါမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်ကာ အကျဉ်းထောင်အပါအဝင် နေရာ ၅ ခုမီးလောင်နေ

အောက်တို ၁၆
The Kaladan Postssss
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (TNLA) အကြား တိုက်ပွဲပြင်းထန်နေချိန်တွင် မြို့ပေါ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ စိုက်ပျိုးရေးရုံး၊ ဟော်တယ်သီပေါ်၊ မြေစာ ရင်းမြစ်ရုံး နှင့် အကျဉ်းထောင်နေရာအပါအဝင် နေရာ ၅ ခုတွင် မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက အောက်တိုဘာလ ၁၆ ရက် ညနေ ၄ နာရီခန့်တွင် ပြောကြားသည်။ မီးညွှန့်များ တက်နေပြီး မနက်ကစစ်ကြောင်းများ ဝင်ရောက်လာကာ မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး သေနတ်သံများ ဆက်လက်ကြားနေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ သီပေါအကျဉ်းထောင်မှ အကျဉ်းသားများကို စက်တင်ဘာလကတည်း နေရာ ရွှေ့ပြောင်းထားကြောင်း သတင်းရင်းမြစ်အချို့က ဆိုသည်။
စစ်ကောင်စီက အောက်တိုဘာလ ၁၅ ရက် ညပိုင်းမှ စတင်ကာ သီပေါမြို့ပေါ်ကို လေကြောင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောကြားသည်။ မီးလောင်ဗုံးများ ကြဲချမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုရာ TNLA မီးရှို့မှုဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေးသမားများက လူမှုကွန်ရက်တွင် တပြိုင်နက် ဖော်ပြထားကြသည်။ လက်ရှိ နောက်ဆုံး အခြေအနေနှင့်ပတ်သက်၍ TNLA မှ တရားဝင် ထုတ်ပြန်ချက် မရှိပါ။

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ၅၀ကျော် ဖမ်းဆီး

အောက်တို ၁၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိန်းမကားရွာအနီးရှိ စစ်အုပ်စုအထိုင်စခန်း မှ အောက်တိုဘာလ ၁၆ ရက် မနက်ပိုင်းတွင် ထွက်လာသော အင်အား ၁၀၀ဝန်းကျင်စစ်ကြောင်းက ဒေသခံ ၅၀ ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ လူသားဒိုင်းကာ အဖြစ်သုံးပြီး အင်းဒေါင်းရွာကို စစ်ကြောင်းထိုး စီးနင်းလုယက်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။ မတ္တရာဘက်မှ စစ်ကြောင်း ရောက်ရှိလာကာ ရှိန်းမကားရွာအနီးဝန်းကျင်ကျေးရွာများတွင် ဖမ်းဆီးမှုများဖြစ်ပွားခဲ့ ပြီး မပြေးရှောင်နိုင်သော ဒေသခံများ အများစု ဖမ်းဆီးခံရခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထို့အပြင် ဒီစစ်ကြောင်းက ငါတို့ကို ဘာမှ မလုပ်လောက်ပါဘူး ဆိုပြီး မတိမ်းရှောင်ကြတဲ့ ပြည်သူ တွေ အများကြီး ရှိနေသေးကြောင်းသိရသည်။ ဝက်လက်မြို့နယ်တွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များနှင့် စစ်အုပ်စုအကြား တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ရွှေဘိုနယ်ဘက်မှ စစ်ကြောင်း နှစ်ကြောင်း၊ ဝက်လက်နယ်အရှေ့ခြမ်းမှ တစ်ကြောင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်ဘက်မှ တစ်ကြောင်း ထွက်လာနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။ စစ်အုပ်စုက ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းလုယက်ရန်နှင့် လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှု များ ဆောင်ရွက်နေသဖြင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သိရသည်။
လက်ရှိ စစ်အုပ်စုအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေမှုကြောင့် ဝက်လက်နယ်အရှေ့ခြမ်း အင်ဒေါင်း၊ မင်းရွာတောင်၊ ရွာသစ်၊ ရွာသာ၊ ကမ်းဖြူ၊ ငါးရယ်၊ မင်းကုန်းလေး စတဲ့ ကျေးရွာများနှင့် အနောက်ခြမ်း ရွာသာကြီး နှင့် အနီးဝန်းကျင်များမှ ထောင်ချီ ဒေသခံများ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စသည်တို့ အကူညီမှု လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများက ဆိုသည်။

လူ့ဘောင်သစ်ပါတီ ၃၇ နှစ်ပြည့်အထိမ်းအမှတ်နှင့် လူငယ်နိုင်ငံရေးစကားဝိုင်း နယ်စပ်ဒေသတွင် ကျင်းပ

အောက်တို ၁၆
The Kaladan Post
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၏ ၃၇ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် “ကလိမ်ခြုံရွေးကောက်ပွဲနှင့် လူငယ်ထုတာဝန်” ခေါင်းစဉ်ဖြင့် လူငယ်နိုင်ငံရေးစကားဝိုင်းတစ်ခုကို အောက်တိုဘာလ ၁၄ ရက်က နယ်စပ်ဒေသတစ်ခုတွင် လူ့ဘောင်သစ်လူငယ် (YNS) က ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ လူငယ်နိုင်ငံရေးအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ပြီး ပါတီတည်ထောင်မှု ဂုဏ်ပြုခြင်း၊ စစ်အုပ်စု၏ ကလိမ်ခြုံရွေးကောက်ပွဲအပေါ် အမြင်သဘောထားများနှင့် လူငယ်များရင်ဆိုင်နေရသည့် အခက်အခဲများကို အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြသည်ဟု YNS သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။