နတ်ရေကန်ဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တချို့အလင်းဝင်ရောက်ပြီး AA ထိုးစစ်ဆက်လက်ပြင်းထန်
အောက်တို ၁၈
The Kaladan Post
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းစခန်းမှ တပ်ဖွဲ့ဝင်များ ထွက်ပြေး လာပြီး အချို့မှာ အာရက္ခတပ်တော် (AA) ထံ အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်ရောက် လျက်ရှိကြောင်း AA က အောက်တိုဘာလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။ AA ၏ ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် စခန်းရှိ လက်ကျန်နေရာအနည်းငယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး၊ စစ်ကောင်စီ၏ လေကြောင်းနှင့် စစ်ကူပံ့ပိုးမှုများကြားမှ AAက ပြင်းထန်စွာ တုံ့ပြန်တိုက် ခိုက်လျက်ရှိသည်။ ဖမ်းဆီးရမိသူများနှင့် အလင်းဝင်သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း AA က ဆိုသည်။ စစ်ကောင်စီ၏ မတရားစုဆောင်း မှုဖြင့် စစ်မှုထမ်းနေရသူများအား အနီးဆုံး AA နယ်မြေသို့ ဆက်သွယ်ကာ အချိန်မရွေး အလင်းဝင် ရောက်နိုင်ရန် AA က တိုက်တွန်းထားသည်။

လှည်းကူးမြို့နယ်ရှိ ဒရယ်ဘိုးကျေးရွာရှိ အုပ်ချုပ်ရေးရုံးကို တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးသေဆုံး
အောက်တို ၁၈
The Kaladan Post
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုးကျေးရွာရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို အောက်တိုဘာလ ၁၇ ရက် ညနေ ၆:၅၀ ခန့်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ ပြင်းအားမြင့်မိုင်းတစ်လုံးနှင့် လက်ပစ်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း အရက်သောက်ရန်ပြင်ဆင်နေသည့် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပျူစောထီးတစ်ဦး ဗုံးထိမှန်ကာ ပွဲချင်းပြီးသေဆုံးပြီး၊ အခြားသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ Yangon Army က အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်နွယ် သည့် ပစ်မှတ်များနှင့် တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်သူများကို ဆက်လက်ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

လက်ပံကျေးရွာမှ စစ်တပ်ဆုတ်ခွာပြီး တော်လှန်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရာတွင် စစ်ပစ္စည်းများ သိမ်းဆည်း
အောက်တို ၁၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လက်ပံကျေးရွာတွင် ပြည်သူပိုင်နေအိမ်များအတွင်း တပ်စွဲထား သော အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာလ ၁၇ ရက်တွင် ထွက်ပြေးဆုတ်ခွာသွားခဲ့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ (UGF) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ထိုသို့ ယူနီကွန်းပျောက် ကြားတပ်ဖွဲ့ (UGF) က နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်တပ်၏ ယူနီဖောင်းများ၊ စစ်အသုံးဆောင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ စစ်တပ်သည် နယ်မြေစိုးမိုးမှုရရှိရန် ကြိုးပမ်းနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြင်းထန်ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် အထိနာနေရသည်ဟု ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုးနေမှုကြောင့် ထောင်ချီပြည်သူများ ထွက်ပြေးတိမ်းရှောင်နေ
အောက်တို ၁၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၁၀ နာရီခန့်တွင် တုံရွာအနီးသို့ ရောက်ရှိလာခဲ့ ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သတင်းထုတ်ပြန်သည်။ ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၁၇ ရက်တွင် မုံရွာမြို့မှ ဆားလင်းကြီးမြို့နယ်သို့ ကူးလာပြီး ဝမ်ပေါင်ကုမ္ပဏီမှ တစ်ဆင့် ဆားလင်းကြီးမြို့သို့ ဦးတည်နိုင်ကြောင်း သိရသည်။ ဤစစ်ကြောင်းကြောင့် တုံရွာအပါ အဝင် အနီးအနားကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်။ စစ်တပ်သည် ဖြတ်သန်းရာလမ်းတစ်လျှောက် ကျေးရွာများကို ဝင်ရောက်စီးနင်း၊ မီးရှို့၊ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကြောင်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်
အောက်တို ၁၇
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့ဘက်သို့ အောက်တိုဘာလ ၁၇ ရက်၊ မွန်းလွဲ ၁:၂၅ နာရီ ခန့်တွင် FAW ကား ၂ စီးနှင့် ခြေလျင်စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းတွင် စလင်းမြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က အဝေး ထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်းက သတင်းထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြု နိုင်ခြင်းမရှိသေးဘဲ၊ စစ်တပ်သည် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး စလင်းမြို့ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
အလားတူ၊ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦး (ရဲကင်းကုန်း) စခန်းကို အောက်တိုဘာလ ၁၇ ရက်၊ ည ၁၀:၃၀ နာရီခန့်တွင် Snipe Rangers Force (Local – PDF) က ၆၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗုံး ၂ လုံး စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ၁လုံးမှာ စခန်းနှင့် မီတာ ၃၀အနီးတွင် ပေါက်ကွဲခဲ့သည်။ ဤတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ဤစခန်းသည် လေကြောင်းထောက်ခံမှုဖြင့် ခုခံနေသဖြင့် သိမ်းပိုက်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်သေးသည့် စခန်းတစ်ခုဖြစ်သည်။ တိုက်ခိုက်မှုများကို Snipe Rangers Force၊ ဒေသခံရပ်ကျေးပကဖ၊ ပအဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရွှေဘို-ဆိပ်ခွန်-မုံရွာလမ်းမကြီးတွင် မိုးရွာသွန်းမှုကြောင့် ကားပိတ်ဆို့မှုဖြစ်ပြီး ခရီးသွားထောင်ချီ အခက်အခဲကြုံ
အောက်တို ၁၈
The Kaladan Post
စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို-ဆိပ်ခွန်-မုံရွာလမ်းမကြီးတွင် အောက်တိုဘာလ ၁၇ရက် မနက်ပိုင်းမှ စတင်ကာ မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းအချို့ပျက်စီးပြီး ကားအစီးရေ ၁,၀၀၀ ခန့် ပိတ်မိနေသည်။ လမ်းပိတ်ဆို့မှုသည် ရွှေဘိုမြို့မှ ဒီပဲယင်းမြို့နယ်၊ ဥသျှစ်ကြီးရွာအထိ မိုင် ၂၀ ကျော်ရှည်လျားနေပြီး၊ ဆီဘောက်ဆာ၊ တွဲကား၊ အဝေးပြေးခရီးသည်တင်ယာဉ်များနှင့် အိမ်စီးကားများ ပါဝင်သည်။ ပိတ်မိနေသော ခရီးသွားထောင်ချီသည် စားရေးသောက်ရေးအခက်အခဲများ ရင်ဆိုင်နေရပြီး၊ ဒေသခံများက ရေသန့်နှင့် ထမင်းများ ဝေပေးကူညီနေသည်။ စစ်အုပ်စုက စစ်ကိုင်း-ရွှေဘိုလမ်းမ ကြီးကို ပိတ်ထားသဖြင့် ကားများသည် ဆိပ်ခွန်လမ်းကို ပိုမိုအသုံးပြုလာကြောင်း Infinity Group က ဖော်ပြသည်။ လမ်းပြန်လည်သာယာလျှင် အခြေအနေ ပုံမှန်ပြန်လည်ဖြစ်လာနိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

NCA ၁၀ နှစ်ပြည့် ဆွေးနွေးပွဲမှ နိုင်ငံရေး၊ စီးပွားရေး အကြံပြုချက် ၁၀၁ချက်ရရှိဟု
ဦး ဝဏ္ဏအောင်ပြော
အောက်တို ၁၈
The Kaladan Post
အာဏာသိမ်းစစ်ကောင်စီ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅-၁၇ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။ “ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍခွဲကာ ဆွေးနွေးခဲ့ပြီး၊ တက်ရောက်သူ ၃၅၀ ကျော်ထံမှ နိုင်ငံရေးဆိုင်ရာ အကြံပြုချက် ၄၈ ချက်နှင့် စီးပွားရေးဆိုင်ရာ ၅၃ ချက်၊ စုစုပေါင်း ၁၀၁ ချက် ရရှိခဲ့သည်။ နိုင်ငံရေးကဏ္ဍတွင် အစိုးရသစ်လက်ထက် ရက် ၁၀၀ အတွင်း ပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးအတွက် အရပ်သားခေါင်းဆောင်များ ပါဝင်လာရေးနှင့် ပညာရေးသင်ရိုးတွင် ငြိမ်းချမ်းရေးအကြောင်းထည့်သွင်းရေး အကြံပြုချက်များ ပါဝင်သည်။ စီးပွားရေးကဏ္ဍတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်ရေး၊ ကမ္ဘာ့စီးပွားရေးအခွင့်အလမ်းများအသုံးချရေး၊ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများ၏ အနာဂတ်ဘဝတည်ဆောက်ရေး စသည့်အချက်များ ပါဝင်သည်။ ဤအကြံပြုချက်များကို ရေတိုရေရှည် အကောင်အထည်ဖော်ရန် အစိုးရ၊ တိုင်းရင်းသားအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားခဲ့သည်။

ထီးလင်မြို့နယ်တွင် အမျိုးသမီးနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း အောင်မြင်စွာပြီးဆုံး
အောက်တို ၁၈
The Kaladan Post
မကွေးတိုင်း၊ ထီးလင်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာနှင့်အောက်တိုဘာလများအတွင်း ပြုလုပ် ခဲ့သော ပဋိပက္ခအတွင်း အမျိုးသမီးနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း သည် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များအတွက် အသိပညာများစွာ ပေးစွမ်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သင်တန်းတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ၏အခြေအနေ၊ ကလေး အခွင့် အရေး၊ ကလေးကာကွယ်စောင့်ရှောက်မှု၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများနှင့် ပဋိပက္ခဆိုင်ရာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV) စသည့်အကြောင်းအရာများကို ဆွေးနွေးသင်ကြားခဲ့သည်။ ထို့ပြင် ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှု ၆ ရပ်နှင့် NUG ၏ ဥပဒေများကို လည်း ရှင်းလင်းပို့ချခဲ့သည်။ သင်တန်းသားတစ်ဦးက “ကလေးသူငယ်အခွင့်အရေးနှင့် စစ်မှုထမ်း စေခိုင်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိခဲ့သည်” ဟု မှတ်ချက်ပြုခဲ့ သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း COC ကျင့်ဝတ်စည်းကမ်းများကို ပိုမိုလိုက်နာပြီး အမျိုးသမီးနှင့်ကလေးများအပေါ် အကြမ်းဖက်မှုများ ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။ သင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ အမျိုးသမီးတစ်ဦးက ဦးဆောင်ပြုလုပ်ခဲ့ပြီး ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ပံ့ပိုးကူညီခဲ့သည်။ NUG လူ့အခွင့်အရေးဝန်ကြီးဌာနသည် ၂၀၂၄ နှင့် ၂၀၂၅ တွင် နည်းပြသင်တန်းများ ပို့ချခဲ့ပြီး ယခုကဲ့သို့ ဆင့်ပွားသင်တန်းများကို ဆက်လက်ပြုလုပ်နေသည်။
