မင်းလှမြို့နယ်တွင် ကပစ ၂ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ စစ်သား ၆ ဦး သေဆုံး

အောက်တို ၃
The Kaladan Post

မကွေးတိုင်း မင်းလှမြို့နယ် သရက်-မင်းလှ လမ်းပိုင်း၌ အောက်တိုဘာ ၂ ရက် ညနေက တော်လှန်ရေးတပ်များက ကပစ ၂ အောက်စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ စစ်အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကား ၄ စီးအား တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ယာဉ်တန်းမှာ လင်းကယ် ရဲစခန်းအနီးကျေးရွာများတွင် စစ်ကြောင်းထိုးပြီး ပြန်လာစဉ် တိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်သည့်နေရာတွင် စစ်တပ်ဘက်က ရပ်တန့်မလုပ်ဘဲ ဒဟတ်ပင်ရေနံမှော်အထိ ဆက်မောင်းကာ လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများကို ကပစ ၂ ထဲတွင် ကြိတ်ပြီး ကုသနေကြောင်း သတိရသည်။ USBA တပ်ဖွဲ့မှ ပြည်သူများအား အဆိုပါဒေသတွင် သတိရှိနေထိုင်ရန်နှင့် စစ်ယာဉ်တန်းအနီး မလိုက်ပါရန် သတိပေးထားသည်။


မင်းအောင်လှိုင် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲတော်သို့ တက်ရောက်မည်

အောက်တို ၃
The Kaladan Post

မန္တလေးတက္ကသိုလ် ရာပြည့်ပွဲတော်ကို အောက်တိုဘာ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှ တက်ရောက်ဖွင့်လှစ်မည်ဟု သိရသည်။ ထိုအခမ်းအနားသို့ တက်ရောက်မည့် ကျောင်းသား၊ ဆရာ၊ မန္တလေးမြို့ခံများ၏ ကိုယ်ရေးအကျဉ်း၊ နောက်ကြောင်းရာဇဝင်များကို စစ်တပ်ဘက်မှ စိစစ်ပြီး CDM ဝန်ထမ်းများ၊ နိုင်ငံရေးအမှုသက်ဆိုင်သူများ၏ မိသားစုဝင်များကို တက်ရောက်ခွင့်မပြုကြောင်း သိရသည်။

ထို့အပြင် အခမ်းအနားတစ်လျှောက်တွင် လုံခြုံရေးအထူးတင်းကျပ်စွာထားရှိထားပြီး Drone Jammer များ၊ Drone Guard များနှင့် ဆက်သွယ်ရေးဖြတ်တောက်စက်များကို မန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်တွင် ချထားထားကြောင်း သတင်းရရှိသည်။ စစ်တပ်ဘက်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို စိုးရိမ်သဖြင့် လုံခြုံရေး စီမံချက်များကို တင်းကျပ်စွာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


ရွှေဘို၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ငယ် ၃ ပါး ပျံလွန်တော်မူ

အောက်တို ၃
The Kaladan Post

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်များ မြို့ပေါ်သို့ ပြန်ကျရောက်သဖြင့် အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းဝင်းအတွင်း ပေါက်ကွဲခဲ့သည်။ ထိုကြောင့် သမိုင်းဝင်ကျောင်း၌ စာသင်နေကြသော ကိုရင်သာမဏငယ် ၃ ပါး ပျံလွန်တော်မူပြီး ၇ ပါးထိ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက သတင်းပေးသည်။

အဆိုပါ လက်နက်ကြီးကျည်များကို တဂဏန်းကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်တပ်က မြို့ပေါ်မှ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ရာတွင် လက်နက်ကြီး ၃ လုံး မြို့ပေါ်တွင် ပြန်ကျရောက်ခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများအား ဆေးကုသနေကြပြီး သေဆုံးသူ ၃ ပါး၏ ဈာပနကို အောက်တိုဘာ ၃ ရက်နေ့တွင် ဥသျှစ်ကန်သုဿန်၌ ကျင်းပမည်ဖြစ်သည်။ သို့သော် စစ်တပ်ပိုင် သတင်းစာများက PDF သော တိုက်ခိုက်မှုကြောင့် သေဆုံးသည်ဟု လိမ်လည် ဝါဒဖြန့်နေကြောင်း သိရသည်။


အုတ်ဖိုမြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ ၇ ဦး သေဆုံး

အောက်တို ၃
The Kaladan Post

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့ညထိ စုစုပေါင်း ၄ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အနည်းဆုံး ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ဖြင့် ထိုးဖောက်လာခဲ့သော်လည်း တိုက်ခိုက်ခံရပြီးနောက် ညတွင်းချင်း အုတ်ဖိုမြို့သို့ ဆုတ်ခွာခဲ့ကြောင်း အစီရင်ခံရသည်။ ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် ပကဖ တပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များနှင့် ပြောက်ကျားတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဦးတည်ချက် ၃ ရပ်ဖြင့် GSCB ကြေညာ

အောက်တို ၃
The Kaladan Post

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) သည် အောက်တိုဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ်အားဖြင့် စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရေး အပါအဝင် ဦးတည်ချက် ၃ ရပ်ဖြင့် ဆက်လက်တိုက်ပွဲဝင်မည်ဟု ကြေညာခဲ့သည်။ ဦးတည်ချက်များတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနှင့် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးတို့ ပါဝင်သည်။

GSCB သည် စစ်အုပ်စုအား နိုင်ငံရေးအကျဉ်းသား သောင်းချီထောင်ထဲထည့်ထားပြီး လူထုကို ဖမ်းဆီးသတ်ဖြတ်ကာ မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေကြောင်း ဖော်ပြသည်။ ထို့ကြောင့် လူထုနှင့် တော်လှန်ရေးအင်အားစုများသည် ဦးတည်ချက် ၃ ရပ်ကို ကိုင်ဆောင်ကာ စုပေါင်းညီညွတ်စွာ တိုက်ပွဲဝင်ရန် တိုက်တွန်းခဲ့သည်။

ဗန်းမော်တွင် KIA ပူးပေါင်းတပ် စစ်တပ်စခန်းများ ပြန်သိမ်းပိုက်

အောက်တို ၃
The Kaladan Post

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် KIA ပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက် စစ်တပ်ထံ လက်လွှတ်ပေးထားခဲ့သည့် စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းစခန်းများမှာ ၃ မိုင်စခန်း၊ ရွှေပြည်သာစခန်းနှင့် KBC ဘုရားကျောင်းကုန်း စခန်းတို့ ဖြစ်ပြီး အောက်တိုဘာ ၁ ရက် ညနေပိုင်းတွင် တန်ပြန်တိုက်ခိုက်၍ သိမ်းပိုက်နိုင်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၅၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ KIA ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်ဆင်နွှဲလာခြင်းဖြစ်ပြီး ယခုချိန်ထိ နေ့စဉ်ပြင်းထန်စွာ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

နတ်ရေကန် တိုက်ပွဲတွင် စစ်သား ၂၇ ဦး PRA-Magway ထံ အရှင်ဖမ်းမိ

အောက်တို ၃
The Kaladan Post

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန် တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်တပ် တပ်မ ၉၉ နှင့် စကခ ၁၇ ထံမှ စစ်သား ၂၇ ဦးကို PRA-Magway တပ်ဖွဲ့က အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရသူများထဲတွင် အများစုမှာ အပတ်စဉ် ၇ နှင့် ၁၃ တို့မှ အဓမ္မစစ်မှုထမ်းတပ်သားသစ်များဖြစ်ပြီး နိုင်ငံတကာ စစ်သုံ့ပန်း စည်းမျဉ်းဥပဒေများ နှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း PRA သက်ဆိုင်ရာ တာဝန်ရှိသူများက ဖော်ပြသည်။

ထို့အပြင် PRA-Magway တပ်ဖွဲ့က မဟာမိတ်များနှင့် ပူးပေါင်းကာ အမ်း–ပဒါန်းလမ်း၊ ပုသိမ်–မုံရွာလမ်းတလျောက်တွင် တိုက်ပွဲများ ဆက်လက်ပြုလုပ်နေပြီး စစ်တပ်ဘက်တွင် သေဆုံးဒဏ်ရာရမှုများ များပြားကြောင်း သိရသည်။ PRA သည် ရန်သူထိုးစစ်ကို ကြံ့ကြံ့ခံဆန့်ကဲနေသည့်အပြင် တော်လှန်ရေးအင်အားစုများ တညီတညွတ် စုပေါင်းတိုက်ပွဲ ဝင်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားထားသည်။

ပခုက္ကူ–ရေစကြို အစပ်တွင် စစ်ကြောင်းထိုးမီးရှို့၊ ထောင်ချီပြည်သူများ ထွက်ပြေးနေရ

အောက်တို ၃
The Kaladan Post

မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်တွင် စက်တင်ဘာလ ၂၀ ရက်မှ စတင်၍ အကြမ်းဖက် စစ်တပ်က အင်အား ရာနှင့်ချီသော စစ်ကြောင်းဖြင့် စစ်ဆင်နေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ တဲများကိုလည်း စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီး နေခြင်းကြောင့် လူထု အလွန်ဒဏ်ခတ်ခံနေရသည်။

ထိုအပြင် စက်တင်ဘာလ ၂၈ ရက်မှ စတင်၍ ပခုက္ကူမြို့နယ် အနောက်ပိုင်းတွင်လည်း စစ်တပ် စစ်ကြောင်းဝင်ရောက် စီးနင်းကာ ရေမျက်ရွာနှင့် ပြည့်အိုင်ရွာတို့တွင် နေအိမ်များကို မွှေနှောက်ယူဆောင်ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ လက်ရှိ စစ်ဘေးရှောင်ပြည်သူများသည် မိုးတွင်းရေတွင်း တိမ်းရှောင်နေရသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင် ခံစားနေရသည်။


UNDP က မြန်မာ့လူငယ် အနာဂတ် ရပ်တန့်ခံနေမှု သတိပေး

အောက်တို ၃
The Kaladan Post

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် မြန်မာနိုင်ငံ လူငယ်များသည် ပညာသင်ကြားမှု ပြတ်တောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုနှင့် အသက်မွေးဝမ်းကျောင်း အခက်အခဲများကြောင့် “အနာဂတ် ရပ်တန့်ခံ” အခြေအနေသို့ ရောက်နေကြောင်း သတိပေးခဲ့သည်။ လူဦးရေသုံးပုံတစ်ပုံကျော်ဖြစ်သည့် လူငယ်များထဲတွင် အလုပ်လက်မဲ့သူ ငါးသန်းနီးပါး ရှိနေပြီး အထူးသဖြင့် ကယားနှင့် ရခိုင်ဒေသများတွင် အလုပ်လက်မဲ့နှုန်း ထိပ်တန်းရှိနေကြောင်း ဖော်ပြထားသည်။

ထို့ပြင် အသက် ၁၈ မှ ၂၄ နှစ်အတွင်း လူငယ်သုံးပုံလေးပုံကျော်သည် ပညာသင်တန်းများတွင် တက်ရောက်မှု မရှိတော့ကြောင်း၊ အမျိုးသမီးငယ်များ အိမ်မှုတာဝန်များကြောင့် ပိုမိုထိခိုက်နစ်နာနေကြောင်း တွေ့ရှိရသည်။ UNDP က လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ တိုးချဲ့ရန်နှင့် အမျိုးသမီးများ လုပ်ငန်းခွင်တွင် ဆက်လက်ရှိနိုင်ရန် အားပေးကူညီရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့ပြီး၊ လူငယ်များအပေါ် ရင်းနှီးမြှုပ်နှံခြင်းသည် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသော အနာဂတ် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း အစီရင်ခံစာတွင် အထူးအလေးပေး ဖော်ပြခဲ့သည်။


ဖာပွန်တွင် စစ်တပ်နှင့် BGF ပူးပေါင်းစစ်ကြောင်း တိုက်ပွဲဆက်လက်ဖြစ်

အောက်တို ၃
The Kaladan Post

ကရင်ပြည်နယ် ဖာပွန်မြို့နယ် နိုဘောထီးကျေးရွာအနီးတွင် စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ တော်လှန်ရေးအဖွဲ့များနှင့် စစ်တပ်၊ BGF ပူးပေါင်းစစ်ကြောင်းတို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးဘက်မှ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နဂါးနက်စစ်ကြောင်းက ထုတ်ဖော်ပြောကြားသည်။

လက်ရှိအချိန်တွင် စစ်တပ်ဘက်မှ စစ်ကြောင်း မတိုးနိုင်သော်လည်း အင်အားများ ထပ်မံဖြည့်တင်းနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်နေသည်။ နဂါးနက်စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်တတ်တူးက ဒေသခံပြည်သူများအား ခဲယမ်းနှင့် ဆေးဝါးထောက်ပံ့ပေးရန် တိုက်တွန်းခဲ့ပြီး ယင်းအဖွဲ့သည် ဖာပွန်ခရိုင်အတွင်း တပ်စခန်းသိမ်းတိုက်ပွဲများတွင် မကြာသေးမီကမှ ပါဝင်တက်ကြွခဲ့ကြောင်းလည်း သိရသည်။