Fortify Rights ၏ လူ့အခွင့်အရေး စွပ်စွဲချက်များကို ULA/AA ကန့်ကွက်ရှုတ်ချ
အောက်တို ၂၆
The Kaladan Post
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲထားသော Fortify Rights အဖွဲ့၏ ကြေညာချက်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Fortify Rights မှ အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ULA/AA အား အဓမ္မလုပ်အား စေခိုင်းမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲထားသော်လည်း၊ ထိုစွပ်စွဲချက်များ တွင် အချိန်၊ နေရာ၊ လူပုဂ္ဂိုလ်နှင့် အဖြစ်အပျက်ဆိုင်ရာ တိကျခိုင်မာသော အချက်အလက်များ လုံးဝ မပါဝင်ဘဲ အခြေအမြစ်မရှိသော လုပ်ကြံစွပ်စွဲချက်များသာ ဖြစ်ကြောင်း ULA က ထောက်ပြ သည်။ ULA/AA က တည်ထောင်ချိန်မှ ယနေ့အထိ နိုင်ငံတကာ လူ့အခွင့်အရေး ကွန်ဗင်းရှင်းများ ဖြစ်သော ILO Convention No.29၊ ဂျီနီဗာ ကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ကျင့်သုံးလျက်ရှိကြောင်း အလေးပေး ဖော်ပြထား သည်။ အာရက္ခပြည်အတွင်း မတူကွဲပြားသော ဘာသာ၊ လူမျိုးများအကြား သဟဇာတဖြစ်ရေး ကြိုးပမ်းနေပြီး ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ခွဲခြားမှုမရှိဘဲ ခွင့်တူညီမျှ ရရှိနေကြောင်းဆိုသည်။ Fortify Rights သည် ဘာသာရေး အစွန်းရောက် များ၏ မဟုတ်မမှန် လုပ်ကြံ လိမ်လည်ချက်များကို လက်ကိုင်ပြုကာ တဖက်သက် ထိုးနှက်နေခြင်း ဖြစ်ကြောင်း ဝေဖန်ထားပြီး၊ မြေပြင်အရှိတရားကို မှန်ကန်စွာ လေ့လာ၍ စွပ်စွဲချက်များကို ပြန်လည်သုံးသပ်ရန်နှင့် နောက်ကွယ်က ကြိုးကိုင်သူများနှင့် ငွေကြေးစီးဆင်းမှုများကို စိစစ်ရန် အကြံပြုထားသည်။ မြေပြင်နှင့် ကင်းကွာ၍ တိကျမှုမရှိသော အချက်အလက်များဖြင့် ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ရှိ လုပ်ဆောင်မှုကို ပြတ်သားစွာ ပယ်ချကြောင်း ULA/AA က အလေးအနက် ထုတ်ပြန်ခဲ့သည်။

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် လဘရွာတွင် စစ်တပ်က နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး
အောက်တို ၂၆
The Kaladan Post
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်လမ်းပိုင်းရှိ လဘရွာကို အကြမ်းဖက်စစ်တပ် က ဝင်ရောက်စီးနင်းပြီး နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြ သည်။ အောက်တိုဘာ ၂၃ ရက်နေ့က သရက်ချောင်းမြို့မှ စစ်သားများက စစ်ကြောင်းထိုးဝင်ရောက် ကာ ရွာအတွင်း နေအိမ်များကို မီးရှို့ခဲ့ရာ မီးလောင်ပျက်စီးခဲ့ပြီး ရွာသားများမှာ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိအချိန်ထိ ရှိနေသေးသဖြင့် ပြည်သူတွေ အိမ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။ အလားတူ စက်တင်ဘာ ၃၀ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာတွင် လည်း စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

KIO/KIA ထိန်းချုပ်ရာ လိုင်ဇာ နှင့် မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်
အောက်တို ၂၆
The Kaladan Post
ကချင်လွတ်လပ်ရေးအဖွဲ့/တပ်မတော် (KIO/KIA) ထိန်းချုပ်ထားသော လိုင်ဇာ နှင့် မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ်များကို အောက်တိုဘာ ၂၄ ရက် ညပိုင်းမှ စတင်၍ လူ နှင့် ပစ္စည်း အဝင်အထွက် များ ပြန်လည်ခွင့်ပြုခဲ့ကြောင်း ဒေသခံများက အတည်ပြုခဲ့သည်။ အဆိုပါ ဂိတ်များကို တရုတ် အာဏာပိုင်များနှင့် ညှိနှိုင်း၍ အောက်တိုဘာ ၂၅ ရက်မှ တရားဝင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူများအတွက် အဓိက ကုန်စည်များ တင်သွင်းတင်ပို့နိုင်ရန် ရည်ရွယ်ချက်ရှိကြောင်း KIA သတင်းပြန်ကြားရေး ဗိုလ်မှုးကြီး နော်ဘူက ပြောကြားခဲ့သည်။ အရင်ကာလများတွင် ဂိတ်များဖွင့်ထားသော်လည်း တရုတ်ကုမ္ပဏီများ၏ ပစ္စည်းများကိုသာ ခွင့်ပြုခဲ့ရာ ယခု ပြန်ဖွင့်မှုသည် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ကို ပိုမိုလွတ်လပ်စေရန် ရည်မှန်းထားကြောင်း ဒေသခံများက ဆိုသည်။ KIO ဗဟိုဌာနချုပ်က တရုတ်စံချိန် ညသန်းခေါင် ၁၂ နာရီမှ ဂိတ်များဖွင့်မည်ဟု တရုတ်ဘက်မှ အကြောင်းကြားခဲ့ကြောင်း ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၂၅ မှ နိုဝင်ဘာ ၁ ရက်အထိ အဝင်အထွက် အခြေအနေ ကို စောင့်ကြည့်တင်ပြရန် မြို့အုပ်ချုပ်ရေး တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ မြေရှားသတ္တု အပါအဝင် တန်ဖိုးရှိ သတ္တုပစ္စည်းများ တင်ပို့လိုမှုနှင့် အနောက်နိုင်ငံများနှင့် ဆက်သွယ်မှုကြောင့် တရုတ်ဘက်မှ ဂိတ်များ ပြန်ဖွင့်ရန် ပြောင်းလဲလုပ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း KIA နှင့် နီးစပ်သူများက ယူဆထားသည်။ လွယ်ဂျယ်ဂိတ်ကိုလည်း တရုတ်နှင့် ညှိနှိုင်း၍ ပြန်ဖွင့်ခဲ့သော် လည်း ကန်ပိုက်တီ နှင့် မန့်ဝိန်းကြီး ဂိတ်များကို မဖွင့်လှစ်သေးဘဲ ဒေသခံများအတွက် ဆက်ဆံရေး အဆင်ပြေမှုက အကျိုးရှိမည်ဟု လွယ်ဂျယ်မြို့ခံ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။

ဆိပ်ဖြူမြို့မှ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ် ၇ ဦးသေဆုံးပြီး
အောက်တို ၂၆
The Kaladan Post
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၁၀ နာရီခန့်တွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူ မြို့ဘောလုံးကွင်းမှ ထွက်ခွာလာသော စစ်ကား ၁၅ စီးနှင့် အင်အား ၂၀၀ ပါ စစ်ကောင်စီစစ်ကြောင်း အား ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ချင်တောင်ကျေးရွာ အနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း (Yenanthar Column) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ စစ်ကား ၂ စီးပျက်စီးပြီး ၇ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ ရှိခဲ့သည်။ စစ်တပ်ဘက်မှ စလင်းမြို့နယ်၊ တညောင်တိုက်နယ်လျှပ်စစ်ခွဲရုံမှ လက်နက်ကြီး ပစ်ကူ ပေးမှုနှင့် ဆိပ်ဖြူ-စလင်းကားလမ်းတစ်လျှောက် ထိုးစစ်အရှိန်မြင့်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ နောက်ဆုတ်ခဲ့ရကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Yenanthar Column)၊ ပခုက္ကူခရိုင်အမှတ် ၁၉ နှင့် အမှတ် ၄ တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သံမဏိစက်ရုံရှိ စစ်တပ်အား ၁၀၇ မမ ဒုံးကျည်ဖြင့် တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံး
အောက်တို ၂၆
The Kaladan Post
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ သံမဏိစက်ရုံ၌ အကြမ်းဖက်စစ်တပ်၏ အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားရာသို့ တော်လှန်ရေးတပ်ဖွဲ့ များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan District Battalion – 2 အောက်တိုဘာလ ၂၃ရက်နေ့က သတင်းထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် ဒုံးကျည် ၈ လုံး အောင်မြင်စွာ ပစ်မှတ်ထိခဲ့ပြီး ၄ လုံးမှာ စစ်သားများရှိရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ သဖြင့် စစ်သား ၁၅ ဦးသေဆုံးကာ ဒဏ်ရာရသူ များပြားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု Myingyan District Battalion – 2 ၏ တပ်ရင်းမှူးက ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ Burmese Guerrilla Force (BGF-Myingyan)၊ One More စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

မောင်းမကန်နယ်မြေရဲစခန်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်
အောက်တို ၂၆
The Kaladan Post
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် တနင်္သာရီတိုင်း၊ လောင်းလုံး မြို့နယ်၊ မောင်းမကန်ရွာရှိ နာမည်ကျော် မောင်းမကန်ကမ်းခြေအနီး မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀နာရီ ဝန်းကျင်တွင် အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ စခန်းအတွင်း လက်နက်ခဲယမ်း များကို သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရ သည်။ တိုက်ပွဲပြင်းထန်နေချိန်တွင် နံနက် ၉နာရီ ဝန်းကျင်တွင် စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲခဲ့ကာ စက်သေနတ်ဖြင့်ပစ်ခတ်ခဲ့သလို မောင်းမကန်ကမ်းခြေအပြင် ဘက်ရှိ ရေတပ်သင်္ဘောမှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ စခန်းကတော့ ပြာကျသွားပြီ ဟု ထားဝယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ရှဲဒိုးက ဖြစ်စဉ် ကို အတည်ပြုကာ အသေးစိတ်ကို ထုတ်ပြန်မည်ဟု ဆိုသည်။ ထို့အပြင် ထားဝယ်-မောင်းမကန် လမ်းတလျှောက်နှင့် တောမိုးတောင်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း အနောက်ဖက်က ဥယျာဉ်ခြံများ ဘက်မှ စစ်တပ်စစ်ကူများ ရောက်ရှိနေကြောင်း သိရသည်။ မောင်းမကန်ရဲစခန်းသည် စစ်သားနှင့် ရဲများ ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများ အခိုင်အမာ တပ်စွဲထားသော စခန်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဆန္ဒပြသူနှင့် နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင်ထားသော အချုပ်ခန်းများလည်း ရှိသည်။

KNU က စစ်တပ်၏ KK Park စွပ်စွဲချက်များကို ပြတ်သားစွာ ငြင်းဆို
‌အောက်တို ၂၆
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အာဏာသိမ်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်း၏ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်ရှိ KK Park အွန်လိုင်းလောင်းကစား နှင့် ငွေလိမ်လုပ်ငန်းများတွင် KNU ပါဝင်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များကို ပြတ်သားစွာ ငြင်းဆိုလိုက်သည်။ စစ်တပ်က KNU သည် တရားမဝင်မြေယာအသုံးပြုမှု၊ ငွေကြေးရယူမှုနှင့် အကြမ်းဖက်မှုများတွင် ပါဝင်နေသည်ဟု စွပ်စွဲထားသော်လည်း၊ KNU က ၎င်းတို့သည် KK Park နှင့် မည်သည့်ဆက်နွယ်မှုမှ မရှိကြောင်း၊ ၂၀၂၂ ခုနှစ်မှစတင်ကာ Trans-Asia International Holding Group နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့ပြီး၊ စွပ်စွဲခံရသည့် မြေကွက်မှာ KK Park နှင့် သီးခြားဖြစ်ကာ အကွာအဝေးသုံးကီလိုမီတာခန့်ရှိကြောင်း ဂြိုလ်တုဓာတ်ပုံများနှင့်တကွ ရှင်းလင်း ထုတ်ပြန်သည်။ KNU ၏ အဆိုအရ စစ်တပ်၏ ဤစွပ်စွဲမှုများသည် မြန်မာနိုင်ငံအတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းများမှ စစ်တပ်ရရှိသည့် အကျိုးအမြတ်များကို ဖုံးကွယ်ရန် ရည်ရွယ်ထားသည့် သတင်းမှားဖြန့်ချီမှုသာ ဖြစ်သည်ဟု ဖော်ပြထားသည်။

အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီ မဲပေးဖိအားပေးသူ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီး သေဆုံး
အောက်တို ၂၆
The Kaladan Post
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဘလားကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး အေးသောင်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက် နံနက် ၇:၂၀ ခန့်တွင် ၎င်း၏နေအိမ်အတွင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးခေါင်းတွင် ကျည်တစ်ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။ အေးသောင်သည် ကြံ့ဖွတ်ပါတီ၏ အမာခံဖြစ်ပြီး၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲအတွက် ပြည်သူများအား မဲပေးရန် ဖိအားပေးခြင်း၊ စစ်မှုထမ်းကြေးအမည်ခံ ငွေကြေးခြိမ်းခြောက်ကောက်ခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကျပ်စုဆောင်းခြင်းများ ပြုလုပ်နေသဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှ ကိုဒေဝက ပြောကြားသည်။ ထို့ပြင် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေး နေသည့် စစ်သား၊ ရဲ၊ ပျူစောထီးနှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်းမပြုရန် မြေအောက်ပြောက်ကျား တပ်ဖွဲ့က သတိပေးထားသည်။