ကြံ့ဖွတ်ပါတီ ပြိုင်ဘက်မရှိဘဲ လွှတ်တော်အမတ် ၂၈ နေရာ အလိုအလျောက်အနိုင်ရ
အောက်တို ၂၇
The Kaladan Post
စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) သည် လာမည့်ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒနယ် ၂၈ ခုတွင် ပြိုင်ဘက်မရှိဘဲ လွှတ်တော်အမတ်နေရာ ၂၈ နေရာ အလိုအလျောက် အနိုင်ရရှိခဲ့ကြောင်း ပါတီသတင်းရင်းမြစ်က ပြောဆိုသည်။ ၎င်းနေရာများတွင် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၁၃ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ ပါဝင် သည်။ အနိုင်ရထားသော မဲဆန္ဒနယ်များတွင် ရွှေကူ၊ မံစီ၊ နောင်မွန်၊ မင်းကင်း၊ ကောလင်း၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဝန်းသို၊ ဆားလင်းကြီး၊ ရေဦး၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ဖယ်ခုံ၊ မက်မန်းနှင့် မိုးနဲ စသည့်မြို့နယ်များ ပါဝင်သည်။
စစ်တပ်၏ ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ရှိပါက ရွေးကောက်ပွဲကျင်းပရန်မလိုဘဲ ၎င်းကို အနိုင်ရသူအဖြစ် ကြေညာမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၀ ကျော်မှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော်ပါဝင်မည် ဖြစ်ပြီး၊ ကြံ့ဖွတ်ပါတီ၊ တစညပါတီ (၆၉၄ ဦး)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (၆၇၂ ဦး)၊ ကျားဖြူပါတီ (၅၈၄ ဦး)၊ ပြည်သူ့ပါတီ (၅၁၂ ဦး)၊ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီ (၄၂၈ ဦး) နှင့် ဒေသဆိုင်ရာပါတီ ၅၁ ခုမှ ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂလ ၉၅ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ ယာဥ်ပြိုင် ခြင်းမရှိဘဲ အနိုင်ရထားသော ကြံ့ဖွတ်ပါတီ၏ အမတ်လောင်းများအား လုံခြုံရေး သတိထားရန်နှင့် လိုအပ်ပါက နေပြည်တော်သို့ ပြောင်းရွှေ့နေထိုင်ရန် ပါတီက ညွှန်ကြားထားသည်။

ဂန့်ဂေါမြို့တွင် စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အသံတိတ်ဆန္ဒပြမှု ပြုလုပ်
အောက်တို ၂၇
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် အောက်တိုဘာ ၂၅ ရက်က လုံခြုံရေး တင်းကျပ်ကြားမှ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြစာရွက်များကို မြို့ထဲ နေရာများတွင် ကပ်ဆင်ပြီး အသံတိတ်ဆန္ဒပြမှု ပြုလုပ်ခဲ့သည်။ စာရွက်များတွင် “သင့်မဲဖြင့် လူသတ်ခွင့်မပေးနဲ့”၊ “တရားမဝင်တဲ့ ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြ” စသည့် စာသားများ ပါဝင်ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီး၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် စစ်ဆေးရေးဂိတ်အနီး နေရာများတွင် ကပ်ဆင်ခဲ့သည်။ လုံခြုံရေး တင်းကျပ်မှုကြောင့် လုပ်ဆောင်နိုင်သော နေရာများတွင်သာ ဆန္ဒပြမှု ပြုလုပ်ခဲ့ပြီး၊ ပြည်သူများ၏ ရွေးကောက်ပွဲ ဆန့်ကျင်မှုကို ထင်ရှားစွာ ဖော်ပြခဲ့သည်။ ဆန္ဒပြမှုအပြီး မြို့လုံခြုံရေး ပိုမိုတင်းကျပ်လာပြီး၊ ယနေ့မနက် အုပ်ချုပ်ရေးရုံးတွင် ဌာနဆိုင်ရာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏ နယ်မြေထိန်းချုပ်မှု အကန့်အသတ်ရှိပြီး၊ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ပြည်သူများ စစ်ရေး အထူးသတိထားရန် တော်လှန်ရေး ရဲဘော်တစ်ဦးက သတိပေးခဲ့သည်။

ဗန်းမောက်မြို့တွင် စစ်ကောင်စီ ဌာနဆိုင်ရာ အဆောက်အအုံများ မီးလောင်မှုဖြစ်ပွား
အောက်တို ၂၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ရုံးများနှင့် အဆောက်အအုံများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကသာခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်သည်။ စက်တင်ဘာ ၂၀ ရက်တွင် ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်များက သိမ်းယူပြီးနောက် တစ်လကျော်အကြာ စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့များက မြို့ကို ပြန်လည်သိမ်းယူရန် ထိုးစစ်ဆင်လာပြီး၊ စက်တင်ဘာ ၂၆ ရက်တွင် မရဲစခန်းကို ၁၂၀ မီလီမီတာ မော်တာကျည်ဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက ယင်းမီးရှို့မှုကို PDF က လုပ်ဆောင်သည်ဟု စွပ်စွဲထားသော်လည်း၊ တော်လှန်ရေးတပ်ဖွဲ့များက ၎င်းမှာ စစ်ကောင်စီနှင့် SNA ၏ လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြသည်။

အရှေ့တီမော အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာမှုကို NUG ကြိုဆို
အောက်တို ၂၇
The Kaladan Post
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေး၌ အရှေ့တီမော (Timor-Leste) နိုင်ငံကို အာဆီယံ၏ ၁၁ ခုမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် တရား ဝင်လက်ခံခဲ့သည်။ အရှေ့တီမောဝန်ကြီးချုပ် Xanana Gusmão က အဖွဲ့ဝင်ဝင်ခွင့်လက်မှတ်ရေးထိုး ခဲ့ပြီး၊ အာဆီယံ ခေါင်းဆောင်များအပါအဝင် မလေးရှားဝန်ကြီးချုပ်က အတည်ပြုခဲ့သည်။ ဤသည် မှာ အာဆီယံ၏ ပထမဆုံး ချဲ့ထွင်မှုဖြစ်ပြီး၊ နှစ်ပေါင်း ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် အဖွဲ့ဝင် အသစ်လက်ခံခြင်းဖြစ်သည်။ အရှေ့တီမောနိုင်ငံသည် ၂၀၀၂ ခုနှစ်တွင် အင်ဒိုနီးရှားမှ လွတ်လပ်ရေး ရရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် အာဆီယံ ဝင်ရန် ပထမဆုံး လျှောက်ထားခဲ့ကာ၊ ၂၀၂၂ ခုနှစ်တွင် သဘော တူချက်ရခဲ့သော်လည်း ယခုမှ တရားဝင်ဝင်ခွင့်ရရှိခဲ့သည်။ ဤဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နွေးထွေးစွာ ကြိုဆိုကြောင်း ထုတ်ပြန်သည်။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံ မိသားစုဝင်ဖြစ်လာတဲ့အတွက် နွေးထွေးစွာ ကြိုဆိုပါတယ်။ ဒီအခန်းကဏ္ဍသစ်ကနေ ကျွန်ုပ်တို့ရဲ့ ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်” ဟု ဖော်ပြခဲ့သည်။ အရှေ့တီမောနိုင်ငံနှင့် NUG တို့၏ ဆက်ဆံရေးမှာ ခိုင်မြဲခဲ့ပြီး၊ NUG ၏ ဆက်ဆံရေးရုံးကို အရှေ့တီမောတွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ အရှေ့တီမော သမ္မတ José Ramos-Horta က မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာတွင် ပွင့်လင်းစွာ ထောက်ခံခဲ့ပြီး၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် အရှေ့တီမောသို့ ခရီးစဉ်များ ပြုလုပ်ခဲ့သည်။ ထို့ပြင် အာဆီယံ အစည်းအဝေးတွင် မြန်မာစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို အဖွဲ့ဝင်နိုင်ငံများက ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာမှုကြောင့် ဆက်လက်တားမြစ်ခဲ့သည်။

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဥ်သား ကိုချမ်းမင်းဟိန်း ဆေးဝါးကုသမှုမရှိသဖြင့် သေဆုံး
အောက်တို ၂၇
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်း (အသက် ၂၉ နှစ်) သည် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်းကြောင့် အောက်တိုဘာ ၁၈ ရက်က သေဆုံးခဲ့ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။ ကိုချမ်းမင်းဟိန်းကို ထောင်တွင်း ဆေးရုံမှ မြင်းခြံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရောက်ရှိပြီး ၁ နာရီအကြာ၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။ PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်း၏ ပြောကြားချက်အရ ကိုချမ်းမင်းဟိန်းသည် ကျောက်ကပ်ရောဂါ၊ အသည်းခြောက် ရောဂါ နှင့် အသည်းရောင်အသားဝါ ရောဂါများဖြင့် သေဆုံးခဲ့ကြောင်း မြင်းခြံ အကျဉ်းထောင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သူသည် ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေ၊ ဖောက်ခွဲရေး နှင့် လက်နက်မှု စသည့် ပုဒ်မများဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ် ၆ လ ချမှတ်ခံထားရသူ ဖြစ်သည်။ ထို့အတူ အောက်တိုဘာ ၃ ရက်က ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး (ထောင်ဒဏ် ၈ နှစ်) သည် ဆီးချိုရောဂါ နှင့် ကျောက်ကပ်ရောဂါများဖြင့်ထောင် တွင်း သေဆုံးခဲ့သည်။ ဇန်နဝါရီမှ အောက်တိုဘာလအထိ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂၈ ဦး သေဆုံးခဲ့ကြောင်း PPNM ၏ မှတ်တမ်းများအရ သိရသည်။

ကလေးတောင်ပိုင်း သာယာကုန်းရွာကို စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်ပြီး စစ်အင်အားဖြည့်တင်း
အောက်တို ၂၇
The Kaladan Post
အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီ ခန့်တွင် စစ်ကိုင်း ကလေး မြို့နယ် တောင်ပိုင်း သာယာကုန်း ရွာ ကို ထိုမာ GTC ကနေ ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ထိခိုက် ပျက်စီးမှုများ ရှိနိုင်သည်။ တိုက်ခိုက်မှု ကြောင့် ပြည်သူအများစု ရွာကနေ ဘေးလွတ်ရာ သို့ထွက်ပြေး ရှောင်နေကြရပြီး ထောက်ကရန့် ရွာ နေထိုင်သူများလည်း ရွှေ့နေထိုင်နေကြသည်။ စစ်အုပ်စုက ထိုမာ GTC ကာကင်း စခန်းကို အင်အား အလုံး ဖြင့် ဖြည့်တင်း ထားပြီး ယမန်နေ့ အောက်တိုဘာလ ၂၆ရက် နေ့လည် ၂ နာရီ ခန့်တွင် ကား ၂၁ စီးဖြင့် စစ်သည်၊ လက်နက် နှင့် ရိက္ခာများ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ညနေ ၄ နာရီ ၁၀မိနစ် ခန့်တွင် သံပြားကာ ကားကြီး ၃ စီး အပါဝင် ကား ၁၀ စီး ဖြင့် ၁၂၂ မမ ဟောင်း ဝှစ်ဇာ လက်နက်၊ ၁၂၀ မမ နှင့် ၁၀၅ မမ လက်နက်များ ထပ်မံ ပို့ဆောင်နေကြပြီး တစ်ရက်တည်း က ကား ၃၀ စီး ကျော် ဖြင့် ဖြည့်တင်းထား ယောအလင်းတန်းက ဖော်ပြသည်။ ဤ အင်အား ဖြည့်တင်းမှုသည် ကလေး တောင်ပိုင်း၊ ချင်း ဖလမ်းနှင့် ဟားခါး မြို့ ဖက် စစ်ရေး လှုပ်ရှားမှုပြုရန် ရည်ရွယ်ကာ ရွေးကောက်ပွဲ နီးလာမှုနှင့် ဆက်စပ် ဖြစ်နိုင်ကြောင်း သုံးသတ်မှုများရှိနေသည်။ အနီးနားက ကျေးရွာ ပြည်သူများ နှင့် ကလေး-ဂန့်ဂေါ ကားလမ်းဘေး ကျေးရွာများက ရိက္ခာ ကြိုတင် ပြင်ဆင် ထားရန်နှင့် သတိထား နေထိုင်ရန် လိုအပ်လာကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ရေးမြို့အနီး DKBA ဂိတ်ကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ
အောက်တို ၂၇
The Kaladan Post
မွန်ပြည်နယ်၊ ရေး-မော်လမြိုင်ကားလမ်းရှိ နှင်းစုံရွာအဝင်တွင် စစ်တပ်လက်အောက်ခံ DKBA ဂိတ်ကို ရေးဘီလူးအဖွဲ့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း DKBA ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဂိတ်မှူး သိန်းတန်၏ လက်ပြတ် ထွက်သွားကာ အမျိုးသမီးများအပါအဝင် ငွေကောက်ခံသူများ သေဆုံးခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ တပ်ရင်းမှူးက ရေးဘီလူး ပြောကြားသည်။ ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦး လက်မောင်းထိခိုက်ခဲ့သော် လည်း မစိုးရိမ်ရကြောင်း သိရသည်။ တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဘက်က မော့ကနင် ၁၀၆ တပ်မှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ရှောင်များ နေထိုင်ရာအိမ်ကို စစ်တပ်လေကြောင်း တိုက်ခိုက်ပြီး ပြည်သူ ၄ ဦး သေဆုံး
အောက်တို ၂၇
The Kaladan Post
မတ္တရာမြို့နယ်၊ သပြေချောင်ကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်ရာ နေအိမ်တစ်လုံးကို အကြမ်း ဖက်စစ်ကောင်စီက အောက်တိုဘာလ ၂၆ ရက် ညနေ ၆ နာရီ ၄၁ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး၊ နွား ၃ ကောင်လည်း သေဆုံးခဲ့ကာ နေအိမ်များ ပျက်စီးခဲ့သည်ဟု Voice of Mandalay က ထုတ်ပြန် သည်။
အလားတူ၊ အောက်တိုဘာလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ နှင့် ပေါင် ၂၅၀ ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
