ကရင်နယ်မြေများတွင် စစ်ကောင်စီက အရပ်သားရွာများကို မီးရှို့ဖျက်ဆီး

အောက်တို ၂၉
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ချက်အရ၊ အာဏာ သိမ်းစစ်ကောင်စီတပ်များသည် KNU ထိန်းချုပ်နယ်မြေများရှိ အရပ်သားရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။ KNU နယ်မြေများတွင် စစ်ကောင်စီက တနင်္သာရီတိုင်း သိန်ခွန်း၊ ပုလော၊ သရက်ချောင်း၊ ထားဝယ်မြို့နယ်များအထိ စစ်ကြောင်းများ ထိုးနေပြီး၊ အရပ် သားပစ်မှတ်များကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများဖြင့် ဆက်တိုက်ကျူးလွန်နေ ကြောင်း KNLA သတင်းရင်းမြစ်က ပြောကြားသည်။ KNU က စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရန်ဟန်ဆောင်မှုများကို ဝေဖန်ထားသည်။ ထိုသို့ မီးရှို့မှုများကြောင့် ဒေသခံများ နေရာရွှေ့ပြောင်းရမှုများ ဖြစ်ပေါ်နေသည်။ အလားတူ KNLA တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်း (မူး) မြို့နယ်ရှိ ကွင်းဒလကြီးရွာတွင် နေအိမ် ၇၂ လုံးကို အောက်တိုဘာ ၁၀ ရက်က မီးရှို့ခဲ့ပြီး၊ KNLA တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်ရှိ လဘရွာတွင် နေအိမ် ၄၂ လုံးကို အောက်တိုဘာ ၂၅ ရက်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ လဘရွာ မီးရှို့မှုတွင် စစ်ကောင်စီ၏ ခမရ (၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းများပါဝင်ကြသည်။

စစ်ကိုင်းတွင် NUG က လူ့အခွင့်အရေး သင်တန်းများနှင့် စစ်ဘေးရှောင်များကို ထောက်ပံ့မှုများ ဆောင်ရွက်

အောက်တို ၂၉
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ချက်အရ၊ စစ်ကိုင်းတိုင်း မြင်းမူ၊ ဝန်းသို၊ ထီးချိုင့်မြို့နယ်များတွင် လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ မိုင်းကာကွယ်ရေး အသိပညာပေး သင်တန်းများ ပြုလုပ်ပေးခဲ့ကြေင်း သိရသည်။ မြင်းမူတွင် ရွာ ၁၅ ရွာမှ ဒေသခံများ၊ ဝန်းသိုတွင် ကျောင်းသားများ၊ ဆရာများနှင့် မိဘများ တက်ရောက်ခဲ့ကာ စာရေးကိရိယာ၊ အာဟာရ ထောက်ပံ့ခဲ့ကြသည်။ ထီးချိုင့်နှင့် ဝန်းသိုတွင် တိုင်ကြားယန္တရားများ၊ ကလေးအခွင့်အရေး ရှင်းပြခဲ့ပြီး ပအဖ အဖွဲ့ဝင်များ ပါဝင်ခဲ့သည်။ ချောင်းဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်သူများနှင့် စစ်ဘေးရှောင်များကို ဆေးဝါး၊ ထောက်ပံ့မှု ပြုလုပ်ခဲ့သည်။ ရွှေဘိုခရိုင် ဝက်လက်တွင် စစ်ကြောင်းထိုးမှုကြောင့် အကျပ်အတည်းဆိုက်သူများကို စားနပ်ရိက္ခာ၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စရိတ်များ ကူညီခဲ့သည်။ စစ်အုပ်စု၏ အကြမ်းဖက်မှုများ မြင့်တက်လာသဖြင့် NUG က တိုက်ရိုက်နှင့် ပူးပေါင်း ကူညီမှုများကို ဆက်လက် ဆောင်ရွက်နေသည်။

မင်းတုန်းမြို့နယ်တွင် မကွေးတိုင်းရဲမှူးကြီး ကျော်စိုးဝင်း လိုက်ပါယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရ

အောက်တို ၂၉
The Kaladan Post
အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ် မဲဇလီကျေးရွာနှင့် ဝန်တွင်းကျေးရွာ အကြားရှိ ပုသိမ်-မုံရွာ လမ်းပေါ်တွင် မကွေးတိုင်းရဲမှူးကြီး ကျော်စိုးဝင်း လိုက် ပါလာသော ကား ၄ စီး ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ရဲဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ ရဲမှူးကြီး ကျော်စိုးဝင်းသည် နယ်စစ်ဆေးရန် ဆင်းစဉ်လာခဲ့ရာ တိုက်ခိုက်မှုကြောင့် သွားများ ကျွတ်ထွက်ရ ဒဏ်ရာ အပါအဝင် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး မင်းတုန်းမှ ပြည်ပို့ စစ်ဆေးရုံတင်ခံရနေကာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သိရသည်။ ယာဉ်တန်းကို တိုက်ခိုက်ချိန်တွင် ဖိုးဝှီးကား ၁ စီး မိုင်းထိမှန်ခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့များက လိုက်ပစ်ခတ်ခဲ့ပြီး စစ်ဘက်မှ ထိခိုက်သေဆုံး ဖြစ်နိုင်သူ ၄ ဦး၏ လက်နက်များ (7.62 ကျည် ၇၈ တောင်း၊ G3 ကျည် ၂၄ တောင်း၊ ကာဘိုင်ကျည် ၁၇ တောင်း)၊ စစ်ပစ္စည်း အချို့နှင့် ငွေ ၃ သိန်း သိမ်းဆည်းနိုင်ခဲ့ကာ ထားရစ်ခဲ့သော ကား ၁ စီးကို မီးရှို့ ရှင်းလင်းခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု ကို သရက်ခရိုင် အမှတ်-၄ တပ်ရင်း ဆောင်ရွက်ခဲ့ပြီး တိုက်ခိုက်ပြီးနောက် စစ်ဘက်က မင်းတုန်းမြို့ အဝင် ၅ မိုင်တွင် လက်နက်ကြီး ရမ်းပစ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့သည်။ ဒေသခံနှင့် ခရီးသွားများအနေဖြင့် စစ်ဘက် ရမ်းပစ်မှုများကို ဂရုစိုက်ရန် သရက်ခရိုင် အမှတ်-၄ တပ်ရင်းက သတိပေးထားသည်။

ရတနာသိင်္ခတံတား မိုင်းခွဲခံရပြီး အခန်း ၂ ခန်း ကျိုးကျပျက်စီး

အောက်တို ၂၉
The Kaladan Post
အောက်တိုဘာ ၂၉ ရက် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်း မြို့နှင့် မန္တလေးတိုင်း စဉ့်ကူးမြို့ကို ဆက်သွယ်ထားသော ဧရာဝတီတံတား (ရတနာသိင်္ခ) မိုင်းခွဲခံရမှု ကြောင့် တံတားအခန်း ၂ ခန်း (RP4-RP5 နှင့် RP6-RP7 သံဘောင် မီတာ ၁၁၂ စီ) ကျိုးကျ ပျက်စီးခဲ့ ကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဟု စွပ်စွဲ ထားသော်လည်း တော်လှန်ရေးဘက်က ဖြစ်စဉ်အသေးစိတ်ကို မသိရသေးကြောင်း ဖြေဆိုသည်။ တံတားမှာ အရှည် ပေ ၂၄၈၀ ရှိ သံကူကွန်ကရစ် နှစ်လမ်းသွား ကားလမ်းတံတား ဖြစ်ပြီး သိန်းစိန်အစိုးရလက်ထက် ၂၀၁၀ မှ စတင်ဆောက်လုပ်ကာ ၂၀၁၃ တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ မိုင်းခွဲမှုကြောင့် ခရီးသွားထိခိုက်မှု၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စများတွင် အခက်အခဲများ ဖြစ်ပေါ်လာမည်ဟု ဒေသခံများက ဆိုသည်။ တံတားနှစ်ဘက်တွင် စစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်များ တပ်စွဲထားပြီး စစ်ကြောင်းများ ဖြတ်သန်းရာ အဓိက လမ်းကြောင်းဖြစ်သည်။


ရေတာရှည်တိုက်ပွဲတွင် နေပြည်တော် PDF ရဲဘော် လျှပ်စီး ကျဆုံး

အောက်တို ၂၉
The Kaladan Post
အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက် ကမ်း ရေလွှဲနှင့် ပိန္နဲပင်ကျေးရွာ အကြားတွင် စစ်တပ်နှင့် နေပြည်တော် PDF တပ်ရင်း (၉၀၁) ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့ကြောင်း တပ်ရင်းက ထုတ်ပြန်သည်။ ကျဆုံးရဲဘော်ကို စစ်ပုံစံ သင်္ဂြိုလ်ပြီးစီးခဲ့ပြီး ကျန်ရစ်ရဲဘော်များက စစ်အာဏာရှင် အမြစ်ပြတ်ရေး ဆက်လက် တိုက်ပွဲဝင်မည်ဟု ကတိပြုထားသည်။ အောက်တိုဘာ တတိယပတ်မှစ၍ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာများတွင် စစ်တပ် စစ်ကြောင်းထိုး အထိုင်ချမှုကြောင့် နေ့စဥ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ ဒရုန်း စသည်ဖြင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု အဆက်မပြတ် ရှိနေကြောင်း နေပြည်တော်စစ်တိုင်း တာဝန်ရှိသူ ဇင်ယော်က ပြောသည်။ အောက်တိုဘာ ၂၇ နှင့် ၂၈ ရက်တွင် ပိန္နဲပင်ရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်ရှိအထိ တပ်စွဲ နေထိုင်နေသည်။

TNLA က မိုးကုတ်နှင့် မိုးမတ်မြို့များမှ ဆုတ်ခွာရန် သဘောတူ၊ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး

အောက်တို ၂၉
The Kaladan Post
တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် တွင် ထုတ်ပြန်ချက်အရ၊ မိုးကုတ်နှင့် မိုးမတ်မြို့နယ်များမှ တပ်များ ဆုတ်ခွာရန်နှင့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ သဘော တူညီချက်ကို တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၇-၂၈ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ NSPNC ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သော အဖွဲ့တို့ ပါဝင်ပြီး အကြိမ် ၉ မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သဘောတူသတ်မှတ်ထားသည့် ကာလ အတွင်း TNLA တပ်များက မိုးကုတ်နှင့် မိုးမတ်မြို့နယ်များမှ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး စစ်တပ် က တအာင်း ဒေသများကို လေယာဉ်ဗုံးကြဲ သို့မဟုတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ရန် သဘောတူထားခြင်း ဖြစ်ကြောင်းသိရသည်။ အောက်တိုဘာ ၂၉ ရက် နံနက် (၀၀:၀၀) အချိန်မှ စတင်ပြီး နှစ်ဖက်ရောက်ရှိ နေရာ တစ်ခုချင်းစီတွင် တပ်များ ရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရန် ကတိပြုထား သည်။ TNLA က ဤ ညှိနှိုင်းမှုကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်မှုအဖြစ် ဖော်ပြထားသည်။

စစ်တပ် စစ်ကြောင်းနှစ်ခု တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

အောက်တို ၂၉
The Kaladan Post
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ လှည့်ကင်းစစ် ကြောင်းနှင့် ယာယီတပ်စွဲရာနေရာများကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၂၀ နှင့် ၂၂ ရက်များတွင် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းက ထုတ်ပြန်သည်။ အောက်တိုဘာ ၂၂ ရက်နေ့တွင် ထားဝယ်မြို့အနီး လမ်းကင်းလှည့်ကင်းထွက်လာ သော စစ်ကြောင်းကို DNLA ၏ ဒူရကစစ်ကြောင်း၊ ဒေါနတပ်ခွဲ ၇ နှင့် ဧဒင်မှူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ အလားတူ အောက်တိုဘာ ၂၀ ရက်နေ့က ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအတွင်း ယာယီတပ်စွဲထားသည့် စစ်ကြောင်းကို DNLA ဒူရကစစ်ကြောင်း (Drone Team) နှင့် DEF (Drone Team) တို့ ပူးပေါင်း၍ ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အရေအတွက်ကို အတည်မပြုနိုင် သေးပေ။ ဒူရကစစ်ကြောင်းတာဝန်ရှိသူက ပြည်သူများအား စစ်ရေးသတိထားသွားလာနေထိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေး သတင်းအချက်အလက်များကို လိုက်နာရန်နှင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းလာကြရန် တိုက်တွန်းထားသည်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထိန်းချုပ်နယ်မြေများကို ဆက်လက် ကာကွယ်သွားမည်ဟု ထုတ်ပြန်

အောက်တို ၂၉
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF သည် ရရှိထားသော ထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်ထိန်းချုပ်သွားမည်ဟု ဒီနေ့ ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်ကတည်းက ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့သည့် MDY PDF သည် တိုင်းရင်းသားမဟာမိတ်များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှုများဖြင့် မန္တလေးဒေသအတွင်း နယ်မြေအချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းနယ်မြေများကို မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းကာကွယ်သွားမည်ဟုလည်း အတည်ပြုထားသည်။
မည်သည့်အခက်အခဲများရှိစေကာမူ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနှင့် စစ်အာဏာရှင်စနစ်ချေမှုန်းရေး တိုက်ပွဲကို ဆက်လက်ထမ်းပိုးသွားမည်ဟု MDY PDF က ကတိပြုထားသည်။