မတ် ၃

The Kaladan Post

 

အမေရိကန်သည် အမြဲတမ်း စစ်တိုက်နေရမည်ဆိုပါကလည်း လုံလောက်သော လက်နက်ခဲယမ်းအင်အားများ စုဆောင်းထားပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောကြားခဲ့သည်။

သူ၏ လူမှုကွန်ရက်ဖြစ်သော Truth Social တွင် ရေးသားထားရာတွင် အမေရိကန်က သိုလှောင်ထားသည့် အလယ်အလတ်တန်းစား သို့မဟုတ် ထိုထက် အနည်းငယ် အဆင့်မြင့်သည့် စစ်လက်နက်စနစ်များနှင့် ခဲယမ်းမီးကျောက်များကိုသာ အသုံးပြုပါကပင် ရေရှည်စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ဖော်ပြခဲ့သည်။ ထိုသို့ဆိုရသည့်အကြောင်းမှာ အမေရိကန်တွင် စစ်လက်နက်အင်အား အကန့်အသတ်မရှိလောက်အောင် စုဆောင်းထားနိုင်ခဲ့ကြောင်းလည်း ထရမ့်က ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် အီရန်နှင့် စစ်ရေးပဋိပက္ခသည် ရေရှည်ကြာမြင့်နိုင်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေချိန်တွင် ထရမ့်က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခင်ကလည်း ၎င်းက အီရန်နှင့် စစ်ပွဲကို သီတင်းလေးပတ် မပြည့်မီ အဆုံးသတ်နိုင်စေမည်ဟု ပြောဆိုထားခဲ့ဖူးသည်။

ထို့အပြင် ၎င်းမတိုင်မီ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Joe Biden အား အမေရိကန်၏ အဆင့်မြင့် စစ်လက်နက်များကို ယူကရိန်းသို့ အလွန်အကျွံ ထောက်ပံ့ခဲ့ကြောင်း စွပ်စွဲ ဝေဖန်ခဲ့သည်။ ဘိုင်ဒန် အာဏာသက်တမ်းအတွင်း အမေရိကန်သည် ယူကရိန်းအတွက် အရေးအကြီးဆုံး စစ်ရေးထောက်ပံ့သူ မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ATACMS တာဝေးပစ် ဒုံးကျည်များကို ရုရှားပိုင်နက်အတွင်း အသုံးပြုခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

တူရကီအခြေစိုက် သတင်းဌာန Anadolu Agency ၏ ဖော်ပြချက်အရ အမေရိကန်သည် အီရန်စစ်ပွဲ ပထမဆုံးနေ့တွင် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ခရုစ်ဒုံးကျည်များနှင့် ဒရုန်းများကို အလုံးအရင်း အသုံးပြုခဲ့ပြီး ၂၄ နာရီအတွင်း စစ်စရိတ် ခန့်မှန်းအားဖြင့် ဒေါ်လာ ၇၇၉ သန်းခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်နေသည့်အတွက် အီရန်နှင့် အမေရိကန်ကြား ပဋိပက္ခ၏ အနာဂတ်လမ်းကြောင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

 

သတင်းရင်းမြစ် — BBC News

ဓာတ်ပုံ — White House