—————————————————————–
မေ ၃၁
The Kaladan Post
အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်အတွင်း နေထိုင်သူများအား ပြည်ပနှင့် ပြည်မသို့ ထွက်ခွာခွင့် မပြုဘဲ စစ်မှုထမ်းရန် မေ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက် ၁၈-၂၅ နှစ်အတွင်း အမျိုးသမီးများနှင့် ၁၈-၄၅ နှစ်အတွင်း အမျိုးသားများသည် အမျိုးသားကာကွယ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းရမည်ဟု ပါရှိသည်။ ပြင်းထန်ရောဂါသည်များနှင့် အသက်အန္တရာယ်စိုးရိမ်ရသူများမှလွဲ၍ ပြင်ပသွားလာခွင့်ကို တိုက်ပွဲအရေးပေါ်ကာလပြီးဆုံးသည်အထိ NDEP အရ တားမြစ်ထားသည်။ ထွက်ခွာလိုသူများကို ပိုက်ဆံယူကာ ပို့ဆောင်ပေးခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ကုန်သည်များအနေဖြင့် လူပို့ဆောင်ခြင်းမပြုရန် တားမြစ်ထားသည်။ AA ၏ ကြေညာချက်သည် စစ်ကောင်စီ၏ မိုင်းအန္တရာယ်၊ လူကုန်ကူးမှု၊ ဖမ်းဆီးငွေညှစ်မှုနှင့် လူသတ်မှုများမှ ကာကွယ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။ အရေးပေါ်ကာလကြေညာချက် ရုပ်သိမ်းမည့်အချိန်ကို ထပ်မံအသိပေးမည်ဖြစ်ပြီး AA သည် မြို့သိမ်းတိုက်ပွဲများဖြင့် အာရက္ခဒေသကို ပြည်သူလက်ထဲ အပြည့်အဝရောက်ရှိရေးအတွက် ဆက်လက်ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။ သို့သော် အဆိုပါ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ပလက်ဝမြို့နယ်တွင် AAသည် ၂၀၂၅ ခုနှစ်အစကတည်းက ရခိုင်လူမျိုးများသာမက ချင်းလူမျိုးများကိုပါ ဖမ်းဆီးကာ စစ်သားစုဆောင်းရေးလုပ်ငန်းများ လုပ်ဆောင်နေတာကြာမြင့်ပြီဖြစ်သောကြောင့် တို့၏ ထုတ်ပြန်ချက်များသည် နောက်ကျနေပြီဖြစ်သည်ဟု GKO ပြန်ကြားရေးတာဝန်ခံက The Kaladan Post သို့ ပြောကြားသည်။
ထို့ပြင် AAသည် ပလက်ဝမြို့နယ်တွင် သူ့လုပ်ရပ်များအား ဖုံးကွယ်နိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။ စစ်သားစုဆောင်းခံရသည့် ပလက်ဝဒေသခံများသည် ၎င်းတို့၏ စစ်သင်တန်းမှ ထွက်ပြေးလာကြပြီး AAမှ ပြန်လည်ဖမ်းဆီးရန် ကြိုးစားသဖြင့် ရွာများတွင် မနေရဲဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့သို့ ပြန်လည်ဝင်ရောက်နေကြသည်ဟု ၎င်းက ဆိုသည်။ ရခိုင်တပ်တော် AA မှ ပလက်ဝမြို့နယ်ကို အုပ်ချုပ်နေမှုနှင့်ပတ်သက်ပြီး GKO ပြန်ကြားရေး တာဝန်ရှိသူမှ “ပလက်ဝမြို့နယ်ကို AA မှ အုပ်ချုပ်နေသည်ဟု သတ်မှတ်ပါစေ၊ ထိန်းချုပ်နေသည်ဟု သတ်မှတ်ပါစေ၊ GKO အနေဖြင့် ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်သာဖြစ်သောကြောင့် လုံးဝလက်မခံပါ။ ရခိုင်ပြည်နယ်၏ လွတ်မြောက်ရေးနှင့် ကောင်းရာကောင်းကျိုးအတွက် ၎င်းတို့မှာ လုပ်ပိုင်ခွင့်ရှိသော်လည်း၊ ချင်းလူမျိုးများအပေါ် သတ်ဖြတ်နှိပ်စက်မှုများ ပြုလုပ်နေသည်ကို ကျွန်တော်တို့ လက်မခံပါ။ ပလက်ဝအုပ်ချုပ်နေမှုက သူတို့မလုပ်သင့်သည့် ကိစ္စများဖြစ်တယ်။ ကျွန်တော်တို့ အဓိက လုပ်ဆောင်ရမည့် အချက်မှာ စစ်အာဏာရှင်စနစ် ကင်းစင်ရေးသာဖြစ်တယ်” ဟု The Kaladan Post သို့ ပြောကြားသည်။ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီကင်းစင်ပြီဖြစ်သော်လည်း ဒေသခံများ မနေရဲရခြင်းမှာ ULA/AA ကြောင့်ဟု ဒေသခံများမှ ပြစ်တင်မှုရှိနေပြီး ပလက်ဝမြို့နယ်မှ AA ပြန်လည်ထွက်ခွာရန် လိုလားနေကြသည်။ ပလက်ဝဒေသခံများ၏ သဘောထားနှင့် စပ်လျဉ်း၍ ULA/AA ထံမှ သဘောထားမှတ်ချက်များ ရရှိနိုင်ရေးအတွက် The Kaladan Post မှ ကြိုးစားနေဆဲဖြစ်သည်။