ဧပြီ 10 ၂၀၂၅ ခုနှစ်

ဧပြီလ ၁၀ ရက်နေ့သည် အာရက္ခတပ်တော် (AA) ၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်ရာဒေသဖြစ်  သည့် လိုင်ဇာတွင် မျိုးချစ်ရက္ခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော အာရက္ခတပ်တော်သည် ယခုအခါ ရခိုင်ပြည်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အပြီးသတ် စကစထံမှ သိမ်းပိုက်ထားနိုင်ပြီ  ဖြစ်ပါသည်။

အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ ၁၆ နှစ်တာခရီးတွင် ရသင့်ရထိုက်သော အောင်မြင်မှုများကို ရရှိထားပြီဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ဤအခါသမယတွင် AA ၏ ၁၆ နှစ်တာခရီးကို နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်ပေါက်လာသော အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်များအား AA နှင့်လက်တွဲတိုက်ခိုက်ခဲ့ဖူးသည့် CDM စစ်သည်များ၊ ရခိုင်ပြည်သူများ၏ အမြင်နှင့် မျှော်မှန်းချက်များကို နိရဉ္စရာသတင်းမှ မေးမြန်းတင်ဆက်ထား သည်ကို ပြန်လည်ကိုးကား ဖော်ပြထားပါသည်။

ကျောင်းသားလက်ရုန်းတပ်တော် SAF ၏ ဗဟိုကော်မတီဝင် မင်းဟန်ထက် မှ အာရက္ခတပ်တော် (AA) ၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက်  ဂုဏ်ပြုစကားပြောကြားရာမှာ “အာရက္ခတပ်တော်ရဲ့ ၁၆ နှစ်တာ ခရီးရှည်ကို ချီတက်ဖြတ်သန်းအပြီး လက်ရှိအချိန်မှာ ဒီခရီးရှည်ကြီးရဲ့ အသီးအပွင့်တွေကို မြင်နေရပြီဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ တကယ့်ကိုလေးလေးစားစားနဲ့ ဂုဏ်ယူပါကြောင်း အရင်ဆုံးပြောလိုပါတယ်၊ AA ဖြတ်သန်းခဲ့ရသော ခရီးသည် မလွယ်ကူခဲ့ကြောင်း၊ အစပိုင်းတွင် မြေပြန့်အင်အားစုများ၊ မြေပြန့်ဒေသပြည်သူများထံမှ ယုံကြည်မှုရရှိရန် ခဲယဉ်းခဲ့သော်လည်း ရည်မှန်းချက်ကို ရှင်းလင်းစွာချမှတ်ကာ ဆက်လက်ချီတက်နိုင်ခဲ့သဖြင့် လက်ရှိအသီးအပွင့်များ ခံစားရခြင်းဖြစ်ကြောင်း ပြောကြားအပြင် “အာရက္ခတပ်တော်ဟာ ဓားရဲ့တရားအတိုင်း သူကိုယ်တိုင်လည်း ကျင့်ကြံခဲ့တယ်။ လုပ်ခဲ့တယ်။ ပြီးတော့ ကျနော်တို့ကိုလည်း ဓားရဲ့တရားကိုသိဖို့ သေချာပြသခဲ့တယ်၊ နွေဦးတော်လှန်ရေးတွင် အာရက္ခတပ်တော်၏ စွမ်းဆောင်မှုများသည် ထုထည်ကြီးမားစွာရှိ တက်ရောက်မှုရှိပြီး AA ၏ ကူညီပံ့ပိုးမှုဖြင့် ဗမာပြည်အလယ်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း အသိအမှတ်ပြုပြောကြားခဲ့သည်ဟု သိရပါသည်။

 

CDM ဗိုလ်ကြီး ဇင်ယော်ကလည်း “ကျနော်တို့ ဒီနွေဦးတော်လှန်ရေးဟာ ရခိုင်လူထုနဲ့ အာရက္ခတပ်တော်ကို စံနမူနာထားသင့်ပါတယ်။ ၁၆ နှစ်အတွင်း ရရှိခဲ့သည့် အောင်မြင်မှုများနှင့် လူထုယုံကြည်မှုများသည် တခဲနက်ကြောက်စရာကောင်းလောက်အောင် အောင်မြင်မှုရရှိခဲ့ကြောင်း၊ အရင်က မြန်မာစစ်တပ်မှ AA ကို နှိမ်ချခဲ့သော်လည်း ယခုအခါ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များမှတစ်ပါး ကျန်မြို့နယ်များကို သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း၊ ရခိုင်လူမျိုးများ၏ ပြင်ပအကူအညီမယူဘဲ လူထုအားဖြင့် တိုက်ပွဲဝင်နိုင်ခဲ့သည့်စိတ်ဓာတ်ကို လေးစားအားကျစရာ ဖြစ်ကြောင်း၊ ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေသုံးဖြင့် နှိမ်နှင်းခဲ့သော်လည်း ရခိုင်လူထုဟာ အနာခံပြီး အစွမ်းကုန်တိုက်ခိုက်ခဲ့ကြောင်း၊ တိုင်းစစ်ဌာနချုပ်များအပါအဝင် ရေတပ်စခန်းဌာနချုပ်များကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်နည်းဗျူဟာများကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ခဲ့ကြောင်း ချီးကျူးဂုဏ်ပြု ပြောကြားခဲ့သည်ဟု နိရဉ္စရာသတင်းဌာက ဖော်ပြထားပါတယ်။

 

ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ “မမေကြီး” ကလည်း “၁၆ နှစ်မှာ ၁၃ နှစ်မြောက် မွေးနေ့လို အကြီးအကျယ် မလုပ်ဖြစ်နိုင်ရင်လည်း ၁၇ နှစ်မြောက်မွေးနေ့မှာ တခမ်းတနားဖြစ်ဖို့ သေချာပါတယ်” ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့ပြီး AA ဗိုလ်ချုပ်မှ ပြောကြားခဲ့သော ရည်ရွယ်ချက်များ ပြည့်မြောက်လာသည်ကို မြေပြင်တွင် မျက်မြင်တွေ့ရှိနေရကြောင်း၊ အာရက္ခအစိုးရနှင့် အာရက္ခတပ်တော်သည် နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆက်ဆံနေရသည့် အနေအထားသို့ ရောက်ရှိလာပြီး မဟာမိတ်များနှင့်လည်း လက်တွဲဆောင်ရွက်နေသည်ကို အားရဖွယ်ရာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဝေးရောက်ရခိုင်များကလည်း AA ကြောင့် မည်သည့်နိုင်ငံသို့သွားသည်ဖြစ်စေ ရခိုင်ဟူသော အသိအမှတ်ပြုမှုကို ဂုဏ်ယူစွာခံယူရရှိနေကြောင်း၊ ရခိုင်ပြည်ရှိ ပြည်သူတစ်ဦးချင်းစီလည်း အာရက္ခတိုင်းပြည်အတွက် တိုးတက်ရန်ရည်ရွယ်ပြီး ပံ့ပိုးကူညီကြရန် တိုက်တွန်းခဲ့သည်ဟု နိရဥ္စရာသတင်းမှ ဖော်ပြချက်အရ သိရှိရပါသည်။

အာရက္ခတပ်တော် AA သည် ယခုအခါ ရခိုင်ပြည်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သော်လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဆက်လက်ပြင်းထန် နေဆဲဖြစ်ကြောင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရှိရပါသည်။