ဖေဖေါ် ၂၅
The Kaladan Post
United States Air Force နှင့် Northrop Grumman တို့သည် မျိုးဆက်သစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ထုတ်လုပ်မှုမြန်နှုန်းကို မြှင့်တင်ရန် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
လေတပ်၏ စစ်လက်နက် စနစ်များ ဝယ်ယူစုဆောင်းရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးလ်ဝှိုက်က မူလ လျာထားထားသည့် ထုတ်လုပ်မှုနှုန်းထက် ပိုမိုမြန်ဆန်စေရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သဘောတူညီချက်အရ B-21 Raider များကို နှစ်စဉ် မူလအစီအစဉ်ထက် ၂၅ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်ပေးရန် Northrop Grumman က တာဝန်ယူရမည်ဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် လေတပ်ဘက်မှ ဒေါ်လာ ၄.၅ ဘီလီယံ တိုးမြှင့်ထောက်ပံ့မည်ဖြစ်သည်။
ဒေးလ်ဝှိုက်၏ အဆိုအရ ယခုဆုံးဖြတ်ချက်သည် B-21 စီမံကိန်းအပေါ် အမေရိကန်၏ ယုံကြည်မှုနှင့် ကာကွယ်ရေး စက်မှုလုပ်ငန်းများအပေါ် မဟာဗျူဟာ အရေးပါမှုကို ထင်ရှားစေသည်ဟု ဆိုသည်။ အမေရိကန်သည် B-21 များကို အနည်းဆုံး အစီးရေ ၁၀၀ မှာယူရန် လျာထားထားပြီး၊ ယင်းကို ဆဋ္ဌမမျိုးဆက် စစ်လေယာဉ်အဆင့် နည်းပညာများ ပါဝင်လာမည့် ပလက်ဖောင်းအဖြစ် သတ်မှတ်ထားသည်။
ယခင်က Donald Trump သည် B-21 များသည် လက်ရှိ ခေတ်အမီဆုံး ဗုံးကြဲလေယာဉ်ဖြစ်သော B-2 Spirit ထက် အဆင့်မြင့်မည်ဟု ပြောကြားခဲ့ဖူးသည်။ B-21 များသည် အဆင့်မြင့် ကိုယ်ပျောက် (stealth) စွမ်းရည်များ ပိုင်ဆိုင်ထားပြီး ရေဒါနှင့် ထောက်လှမ်းမှုများကို ရှောင်ကွင်းနိုင်သကဲ့သို့ နျူကလီးယား စစ်လက်နက်များကိုလည်း တပ်ဆင်သုံးစွဲနိုင်သည်။
လက်ရှိတွင် အမေရိကန် လေတပ်သည် B-21 နှစ်စီးကို အသုံးပြု၍ မြေပြင်နှင့် ဝေဟင် စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်နေပြီး၊ ၂၀၂၇ ခုနှစ်တွင် ပထမဆုံး အသုတ် လက်ခံရရှိရန် မျှော်လင့်ထားသည်။ Northrop Grumman ၏ လေကြောင်းစနစ်ဌာန အကြီးအကဲ တွမ်ဂျုံးစ်ကလည်း စမ်းသပ်မှုရလဒ်များသည် အားရစရာကောင်းကြောင်း ပြောကြားခဲ့သည်။
ရေဒါရှောင်ကွင်းနိုင်ပြီး နျူကလီးယား တပ်ဆင်နိုင်သည့် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ပိုင်ဆိုင်ရေးသည် United States Department of Defense (ပင်တဂွန်) ၏ အဓိက မဟာဗျူဟာ ရည်မှန်းချက်များထဲမှ တစ်ခု ဖြစ်သည်။ လက်ရှိတွင် အမေရိကန် လေတပ်သည် စံနှုန်းကိုက်ညီသော B-2 အစီး ၂၀ ကိုသာ ပိုင်ဆိုင်ထားပြီး၊ တစ်စီးချင်း ကုန်ကျစရိတ် မြင့်မားမှုနှင့် ပြုပြင်ထိန်းသိမ်းရေး စိန်ခေါ်မှုများကြောင့် နောက်ထပ် တိုးမြှင့်ထုတ်လုပ်ခြင်းမပြုတော့ဘဲ ပိုမို ခေတ်မီသော B-21 စီမံကိန်းသို့ အာရုံစိုက် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
Source: FlightGlobal
ဓာတ်ပုံ – US Air Force