ဖေဖေါ် ၂၇

The Kaladan Post

ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် Cobra Gold နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုအစီအစဉ်အတွင်း ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် စင်ကာပူ တပ်ဖွဲ့ဝင်များက ကမ်းတက်စစ်ဆင်ရေး (Amphibious Assault) များကို ပူးပေါင်း လက်တွေ့လေ့ကျင့်နေကြောင်း သိရသည်။

ကမ်းတက်စစ်ဆင်ရေး လေ့ကျင့်မှုများသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့သည့် Cobra Gold ၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံး နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ယင်းအစီအစဉ်ကို ထိုင်းနှင့် အမေရိကန်တို့ ပူးတွဲကမကထပြုကာ မတ်လ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် လေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၃၀ ခန့်မှ ပါဝင်သူများနှင့် လေ့လာသူများ တက်ရောက်ထားပြီး စစ်သည်အင်အား ၈,၀၀၀ ကျော် ပါဝင်လေ့ကျင့်လျက်ရှိသည်။ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှားတို့က လက်တွေ့လေ့ကျင့်မှုများတွင် ပါဝင်ကြပြီး နိုင်ငံအများအပြားမှ လေ့လာသူများလည်း တက်ရောက်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်သည့် ကမ်းတက်စစ်ဆင်ရေးတွင် အမေရိကန်တပ်ဖွဲ့များက USS Ashland ကမ်းတက်ချေမှုန်းရေး စစ်ရေယာဉ်ကို တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် အခြားစစ်သုံးယန္တရားများဖြင့် အသုံးပြုခဲ့သည်။ ထိုင်းရေတပ်ဘက်မှလည်း HTMS Chang၊ HTMS Wang Nai၊ HTMS Thonglang စသည့် ရေယာဉ်များ၊ ကမ်းတက်ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို အသုံးပြုကာ မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်လေ့ကျင့်ခဲ့ကြသည်။

တောင်ကိုရီးယားတပ်ဖွဲ့များက ROKS No Jeok Bong ကမ်းတက်ရေယာဉ်နှင့် KAAV အမျိုးအစား ကုန်းရေနှစ်သွား ယာဉ်များကို စေလွှတ်ခဲ့ပြီး စင်ကာပူရေတပ်မှ RSS Endeavour ကို ပူးပေါင်းအသုံးပြုခဲ့သည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုကို ၁၉၈၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခုနှစ်မှာ ၄၅ ကြိမ်မြောက် ဖြစ်သည်။ လေ့ကျင့်ရေးများကို ထိုင်းနိုင်ငံရှိ ပြည်နယ်အချို့တွင် ကဏ္ဍအလိုက် ခွဲခြားကျင်းပလျက်ရှိသည်။

မြန်မာစစ်တပ်သည် ၂၀၁၈ ခုနှစ်တွင် လေ့လာသူအဖြစ် ဖိတ်ကြားခံခဲ့ရသော်လည်း ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစတင်ကာ မြန်မာစစ်တပ်ကို Cobra Gold လေ့ကျင့်မှုတွင် လေ့လာသူအဖြစ် ပါဝင်ခွင့် ဆက်လက်ဖယ်ရှားထားကြောင်း သိရသည်။

ကိုးကား – KhaosodThe TimesBangkok Post

ဓာတ်ပုံ – Khaosod