မေးမြန်းသူ – ဆလိုင်းဒိုခါရ်
ဖြေဆိုသူ – ဆရာစည်သူမောင်၊ CRPH ပြောရေးဆိုခွင့်ရှိသူ
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့၊ အားလုံးမင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ The Kaladan Post ရဲ့ Exclusive Program အစီအစဉ်ကို အမြဲတမ်းကြည့်ရှုအားပေးတဲ့ မိဘပြည်သူများခင်ဗျာ။ ဒီတစ်ပတ်ကျတော့ ကျွန်တော်တို့ CRPH မှာ ပြောရေးဆိုခွင့်ရှိသူ ဆရာ စည်သူမောင်နဲ့ ကျွန်တော်တို့ အင်တာဗျူးလုပ်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးရမယ့် ဟာကတော့ အဓိကအားဖြင့် CRPH အနေနဲ့ ဒါ ငါးနှစ်တာကာလ လုပ်ဆောင်မှု အားနည်းချက်၊ အားသာချက်အပါအဝင် လွန်ခဲ့တဲ့ ရက်ပိုင်းမှာပဲ IPU ကနေ CRPH ကို ကျွန်တော်တို့ မြန်မာနိုင်ငံပြည်သူများကို ကိုယ်စားပြုတဲ့ အသိအမှတ်ပြုတဲ့ အချက်လေး ရှိတဲ့အခါကျတော့ ဒါတွေအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆရာ၊ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
ဆရာစည်သူမောင် – ကျေးဇူးပါခင်ဗျာ။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ဆရာ။ ပထမဆုံးအနေနဲ့ ကျွန်တော် ဆရာ့ကို ဒါ ဆွေးနွေးဖို့ ဒါ ကျွန်တော် မေတ္တာရပ်ခံလိုတာကတော့ ဒီ ငါးနှစ်တာပြီးတော့မယ့် တော်လှန်ရေးကာလမှာ CRPH အနေနဲ့ ကိုယ့်ဘာသာကိုယ် အားနည်းချက်လို့ မြင်တဲ့ဟာနဲ့ ဒါ အားသာချက်လို့ မြင်တဲ့ အချက်ပေါ့နော်။ နိုင်ငံတကာ ထုတ်ဖော်ဟောပြောမှုအပိုင်းမှာ သော်လည်းကောင်း၊ ဒါ အားသာချက်အမြင်နဲ့ အပိုင်းကို ဆရာကိုယ်တိုင် အများပြည်သူရှေ့မှာ သုံးသပ်ပေးဖို့ ဒါ ပထမဆုံး မေတ္တာရပ်ခံလိုပါတယ်။
ဆရာစည်သူမောင် – ဟုတ်ကဲ့။ CRPH ကို စတင်ဖွဲ့စည်းခဲ့တဲ့ နောက်ခံကတော့ ဒါ အားလုံး သိတဲ့အတိုင်းပဲပေါ့နော်။ နွေဦးတော်လှန်ရေး ဒီ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု ဖြစ်လာ တယ်။ ဖြစ်လာပြီးတော့ အဲ့ဒီမှာ လွှတ်တော်ခေါ်နိုင်ဖို့ ကြိုးပမ်းတဲ့အခါမှာ အကန့်အသတ် အတားအဆီးတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ လွှတ်တော်ဆိုတာ အဆောက်အဦထဲမှာပဲ ခေါ်တာမဟုတ်ဘဲနဲ့ Assembly ပေါ့နော် တစ်ခုခု စုဝေးမှုဆိုတဲ့ တစ်ခုနဲ့ ပထမဦးဆုံး ဒီ လွှတ်တော်အစည်းအဝေးပေါ့နော်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ စတင်ကျင်းပပြီးတော့ အဲ့ဒီကနေမှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာမျိုးကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါကလည်း ဟို တစ်ချိန်တုန်းက ၁၉၉၀ တုန်းက CRPP လုပ်ခဲ့တဲ့ ဟို ပုံစံနဲ့တော့ အတူတူပဲပေါ့နော်။ ဆိုတော့ ဟို လွှတ်တော်မရှိတဲ့အခါမှာ လွှတ်တော်ကိုယ်စားပြုကော်မတီ ဆိုတာမျိုးကို လိုအပ်ချက်အရပေါ့နော်။ အဲ့ဒီအချိန်မှာလည်း ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိတယ်။ တချို့တွေ တိမ်းရှောင်နေရတာတွေလည်း ရှိသလို အရေးတော်ပုံကြီးအတွင်းမှာ ဦးဆောင် ပါဝင်နေတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်တဲ့သူတွေလည်း ရှိတော့ အဲ့ဒီစုဖွဲ့မှုကတော့ နွေဦးတော်လှန်ရေးအစမှာပေါ့နော်။ ဒါ ဟို အားကောင်းတဲ့ စုဖွဲ့မှု၊ နိုင်ငံရေးအရ ကိုယ်စားပြုမှုပေါ့။ အဲ့ဒီတုန်းက ဆရာတို့ မှတ်မိလိမ့်မယ်ပေါ့နော်။ ပြည်သူတွေလည်း Our legitimate government ဆိုတာ CRPH ဖြစ်တယ်ဆိုတာမျိုးထိ ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ ပြည်သူတွေ ချီတက် လမ်းလျှောက်ခဲ့ကြတယ်။ ဆိုတော့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက် မှာ ရှင်းပါတယ်။ ဒီ စစ်အာဏာသိမ်းမှုကို ပြည်သူ့ရဲ့ တုံ့ပြန်မှုက ဒီ မဲဆန္ဒအကြောင်းပြချက်နဲ့ ဖြစ်တဲ့အတွက်ကြောင့် သူတို့ ဘာကို သက်သေထူခဲ့လဲဆိုတော့ ဘယ်ပါတီကို မဲပေးခဲ့လဲ ဆိုတာတွေကို အစောပိုင်းမှာ သက်သေထူခဲ့တယ်။ အဲ့ဒီလိုပဲ ငါတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာမျိုးတွေ သူတို့ လမ်းပေါ်မှာ ကြွေးကြော်ဆန္ဒပြခဲ့ကြတာ။ ဒါပေမဲ့ နောက်ပိုင်း မှာတော့ ဆန္ဒပြတယ်ဆိုတာကတော့ ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ခုမှာတော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာတော့ ဒါ ပြုပြင်ပြောင်းလဲဖို့အတွက်ကို တောင်းဆိုတဲ့ ဓလေ့တစ်ခု ဖြစ်ပေမဲ့လို့ ဒီ ဆန္ဒပြတယ်ဆိုတဲ့ ယဉ်ကျေးမှုတောင် လက်မခံနိုင်တဲ့ ဒီ စစ်အုပ်စုအနေနဲ့ ရန်းကာရက်စက်မှုကို ကြုံရတဲ့အခါမှာတော့ ဒီ တော်လှန်ရေးက နောက်ထပ်တစ်ဆင့် ပြောင်းသွားတယ်ပေါ့နော်။ ပြောင်းသွားတဲ့အခါမှာ နောက်ထပ် စုဖွဲ့မှု ပုံစံတွေ ကျွန်တော်တို့ အစိုးရ သက်တမ်းတစ်ခုလည်း ဒါ နောက်ထပ် ပုံစံတစ်ခုနဲ့ စုဖွဲ့ဖို့ လိုလာပြီဆိုတော့ ဧပြီလ လောက်မှာ National Unity Government ပေါ့နော်။ ဒါကို ကျွန်တော်တို့ စုဖွဲ့နိုင်ခဲ့တယ်။ အဲ့တော့ ၂၀၀၈ ကို ဖြတ်ပြီးတော့ ၂၀၀၈ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတော့ဘူးဆိုတဲ့ လေဟာနယ်တစ်ခုမှာ ဒါ Federal Democracy Charter ဆိုတာမျိုးကို ကျွန်တော်တို့ ပူးပေါင်းရေးဆွဲပြီးတော့ပေါ့နော်။ ဒီ တော်လှန်ရေးခရီးကို Federal ဆိုင်ရာ ပဋိညာဉ်ပြုမှုနဲ့ ဖြတ်သန်းကြမယ်ဆိုတာမျိုးနဲ့ သွားခဲ့တယ်။ ဆိုတော့ အဲ့ဒီကာလမှာ နည်းနည်းလေး အချုပ်ပြန်ပြောရရင်လည်း Federal Democracy ပဋိညာဉ်ကို ရေးဆွဲကြတဲ့ ရည်မှန်းကြတဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ၊ သပိတ်ခေါင်းဆောင်တွေ အပါအဝင် ပေါ့နော်။ အရပ်ဖက် ဒီ ခေါင်းဆောင် အားလုံး တော်တော်များများဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကို ဘယ်လိုပုံစံမျိုး တည်ဆောက်မယ်ဆိုတာမျိုးကိုပေါ့နော်။ ဟို တန်ဖိုးတွေ နှုန်းစံ တွေကို ဒါ Charter Part 1 ပေါ့နော်။ Federal ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကြေညာစာတမ်းဆိုပြီးတော့ Charter Part 1 ကို ထုတ်ပြန်ပြီးတော့ Part 2 ကိုတော့ အခု ကြားကာလ တော်လှန်ရေး ကာလအတွက် အသုံးပြုမယ်ဆိုပြီးတော့ အစီအစဉ် ပုံစံမျိုး ရေးဆွဲခဲ့ကြတယ်။ ဆိုတော့ အဲ့တော့ ကြားကာလရဲ့ ဥပဒေပြုရေးလုပ်ငန်းစဉ်မှာ ဆိုရင်လည်း ဒါ ဖော်ပြထားတာကတော့ ရှင်းတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အရွေးပြည်သူလူထု ကနေ ပြီးတော့ ရွေးချယ်တင်မြှောက်ခံထားရပြီးတော့ စစ်အုပ်စုနဲ့ မပူးပေါင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒီ ဥပဒေပြုရေး အာဏာ တာဝန်ရှိတယ်ဆိုတဲ့ ပုံစံမျိုး ဖော်ပြထား သလို ဒီ Charter ရဲ့ Part 2 ရဲ့ အခန်း ၅ မှာ ဆိုလို့ရှိရင်လည်း ဒီ ကြားကာလ ဥပဒေပြုရေး တာဝန်ကို CRPH အနေနဲ့ ထမ်းဆောင်ရမယ်ဆိုတဲ့ အတိုင်းပဲပေါ့နော်။ ဒီ ကာလအတွင်းမှာ တော့ ဟို ပုံမှန် ဟို လွှတ်တော်ပုံစံမျိုးတော့ ဟို အစိုးရကို လွှတ်တော်ထဲမှာ ခေါ်မေးလိုက်၊ မေးခွန်းတွေ မေးလိုက်၊ ဆွေးနွေးတင်သွင်းလိုက်နဲ့ ပုံမှန်ကာလ ငါးနှစ်တာ အတွင်းမှာ မလုပ်နိုင်ခဲ့ပေမဲ့လို့ တော်လှန်ရေးအတွက် လိုအပ်တဲ့ ကျွန်တော်တို့ ဥပဒေပေါ့နော် ခုနစ်ခုကို တော့ ကျွန်တော်တို့ ထုတ်ပြန်နိုင်ခဲ့တယ်။ ဥပမာ ဒီ ပြည်ထောင်စုအခွန်ဆိုင်ရာဥပဒေတို့ ဒီ ကျွန်တော်တို့ Website မှာလည်း တင်ထားတယ်ပေါ့နော်။ ဒီလိုမျိုး ဥပဒေမျိုးတွေပေါ့နော်။ အသေးစိတ်တော့ ကျွန်တော်မပြောတော့ပါဘူး။ အားလုံးလည်း စိတ်ဝင်စားတဲ့သူတွေ လေ့လာကြည့်လို့ရတယ်။ ဆိုတော့ နောက်ဆုံး ထုတ်ပြန်ခဲ့တာကတော့ အားလုံး ဝေဖန်မှု မြင့်တက်နေတဲ့ CDM ဥပဒေပေါ့နော်။ နိုင်ငံဝန်ထမ်း CDM ဥပဒေဆိုပြီးတော့ ဒါမျိုးကို ထုတ်ပြန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီဟာအပေါ်မှာလည်း ဝေဖန်မှုတွေ ရှိတော့ ဒါ ဥပဒေ မဏ္ဍိုင် အနေဖြင့်ကတော့ ဒါ လူထုကနေပြီးတော့ ဝေဖန်မှုတွေ ရှိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ review လုပ်ရမယ့် တာဝန်ရှိတယ်။ အဲ့ဒီအပေါ်မှာလည်း ကျွန်တော်တို့ သုံးသပ်ဆွေးနွေး နေတာမျိုးတွေ ရှိနေတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ နှစ်စဉ်ပေါ့နော်။ နိုင်ငံတကာ ဒီ ပါလီမန် Union ပေါ့ IPU မှာ သွားပြီးတော့ တက်ရောက်နိုင်ခဲ့တယ်။ သူ့ရဲ့ Governing Council ကနေပြီးတော့ CRPH ကို မြန်မာ လွှတ်တော် ကိုယ်စားပြုအဖြစ်ပေါ့နော်။ အသိအမှတ်ပြုပြီးတော့ ဆွေးနွေးပွဲအဖြစ် အသိ အမှတ်ပြုတာ တောက်လျှောက်ဆိုသလိုမျိုး ဒီနှစ်ထိပေါ့နော်။ ဒါ ကျွန်တော်တို့ တရားဝင် ခိုင်မာမှုကိုတော့ ဆက်ပြီးတော့ လူထုကို ကိုယ်စားပြုနေနိုင်တုန်းပဲ။ မဲဆန္ဒရှင်တွေကို ကိုယ်စားပြုနေနိုင်တုန်းပဲဆိုတာကိုတော့ CRPH က အဲ့ဒီ နိုင်ငံတကာမျက်နှာစာမှာတော့ ဒီ Parliamentary Engagement ခေါ်တာပေါ့နော်။ လွှတ်တော်ချင်းချင်းဆက်ဆံရေးနဲ့ ပြည်တွင်းရော နိုင်ငံတကာပါလီမန်တွေနဲ့ရော တချို့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တွေ နဲ့ပါ ကျွန်တော်တို့ ဆက်ဆံရေးကတော့ ငါးနှစ်တာအတွင်းမှာ ရှိခဲ့တယ်။ ဆိုတော့ အဲ့ဒီလိုအနေအထားကတော့ ရှိပါတယ်လို့။ ဆိုတော့ အားသာချက် အားနည်းချက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ စပြီးတော့ CRPH ကို စတင်ဖွဲ့စည်းတော့ နောက်ပိုင်းမှာ နိုင်ငံရေး ရည်မှန်းချက်ကို ကျွန်တော်တို့ တရားဝင်ထုတ်ပြန်တာ ရှိတယ်။ ဆိုတော့ အဲ့ဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးဆိုတာကို ကျွန်တော်တို့ ရည်မှန်းချက်ထား အကြောင်းနဲ့ ဒုတိယချက်ကတော့ ဒါ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ပေါ့နော်။ ဒါ ဒုတိယအချက်ပေါ့။ တတိယအချက်ကတော့ ဒီမိုကရေစီရရှိရေးနဲ့ စတုတ္ထ တစ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရေးနဲ့ Federal Constitution တစ်ခု၊ Federal စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးဆိုတာကို ဒီ လေးချက်ကို ကျွန်တော်တို့ တရားဝင် နိုင်ငံရေး ရည်မှန်းချက်အဖြစ် ထုတ်ပြန်ကြေညာ ခဲ့ဖူးတယ်။ ဆိုတော့ ဒီ နိုင်ငံရေးရည်မှန်းချက် လေးချက်ကို အချုပ်ပြန်ပြီးတော့ ဒီကာလ မှာပေါ့နော် ဘာတွေ လုပ်ပြီးပြီလဲ။ ဘာတွေ လုပ်ဖို့ ကျန်နေသေးလဲဆိုတဲ့ဟာကို ကျွန်တော်တို့ ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတာကတော့ ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရည်မှန်းချက်ပဲ။ ဆိုတော့ ဒါကတော့ ရှင်းတယ်။ ကျွန်တော်တို့ တော်လှန်ရေး မှာ ပါနေတဲ့ အင်အားစုအသီးသီးက ဒီ ရည်မှန်းချက်ထားပြီးတော့ ကျွန်တော်တို့ ဆောင်ရွက် နေကြတာပေါ့နော်။ ဆိုတော့ ဒီ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုတာလည်း အားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ရည်မှန်းချက်တစ်ခုပဲ။ ဒီမိုကရေစီရရှိရေးဆိုတာလည်း ဒီလိုပဲ။ ဒါပေမဲ့ ဒီမိုကရေစီရရှိရေးဆိုတဲ့နေရာမှာ ဒီ တော်လှန်ရေးက ဒီမိုကရေစီရရှိရေးတို့ ရေးသက်သက်တော့ အော်ခဲ့တာတော့ မဟုတ်တော့ဘူးပေါ့နော်။ ကျွန်တော်တို့မှာ ဒီ အနာဂတ် Federal တည်ဆောက်ရေးဆိုတဲ့ အနာဂတ်နိုင်ငံတော် အသစ်ကို ဘယ်လို ထူထောင်မလဲဆိုတဲ့ ရည်မှန်းချက်ပါလာပြီး ဖြစ်တဲ့အတွက်ကြောင့် အနာဂတ်နိုင်ငံတော်မှာ ကျွန်တော်တို့ ဘယ်လိုတန်ဖိုးနှုန်းစံတွေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကို တည်ဆောက် မယ်ဆိုတဲ့ Federal Democracy Charter ပေါ့နော်။ အစိတ်ပိုင်း ၁ ကို အခြေခံပြီးတော့ အခု ကြားကာလ အသွင်ကူးပြောင်းရေးကာလကနေပြီးတော့ အမြဲတမ်းအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်တွေအထိကိုပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ဆိုတဲ့ process ကတော့ အခုထိ ဟို ဆက်လက်ဆောင်ရွက်နေဆဲ process တစ်ခုတော့ ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဆိုတော့ ဒီနေရာမှာလည်း လေးနှစ် ငါးနှစ်တာ ကာလအတွင်း မှာ ကျွန်တော်တို့ အချင်းချင်းကြားမှာ ယုံကြည်မှုပေါ့နော်။ Trust Issue တွေ အများကြီးပဲ တည်ဆောက်ခဲ့ရတာတွေ၊ ကျော်လွှားခဲ့ရတာတွေ ရှိခဲ့ဖူးတယ်။ အထူးသဖြင့် အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် လိုအပ်တယ်ဆိုပြီးတော့ စဉ်းစားပြီး တော့ ဆွေးနွေးကြတဲ့အခါမှာ ဘယ်နေရာမှာ ဒီ ဥပဒေတစ်ရပ်ကို အတည်ပြုမလဲပေါ့။ ထုတ်ပြန်ကြမလဲပေါ့။ ညီလာခံလား၊ လွှတ်တော်လားဆိုတာမျိုးတွေ ကျွန်တော်တို့ ငြင်းပွား ခဲ့တယ်။ ဒါပေမဲ့ ဒါကိုလည်း ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ပါတယ်။ ဘာလို့ ဘယ်လိုနည်းနဲ့ ကျော်လွှားနိုင်ခဲ့လဲဆိုတော့ အသွင်ကူးပြောင်းရေးကာလ ရောက်တော့မှသာလျှင် ကျွန်တော် တို့ အားလုံး ပါဝင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် လိုမျိုး Assembly တစ်ခုခေါ်ပြီးတော့ ဒါကို အတည်ပြု၊ အတည်ပြုပြီးတော့မှ နောက်ထပ် အမြဲတမ်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆက်ပြီး ချမှတ်မယ်ဆိုတာမျိုး ပြောတယ်။ အဲ့ဒီကနေမှ တစ်ဆင့် အခု ဟို ဘာပဲပြောပြော လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ ဆရာတို့ ဒီမှာရှိတဲ့ သူတွေအားလုံး ကြားပြီးဖြစ်တဲ့ ဒီ after ပေါ့နော်။ ဒီ Article of Federal Transitional Arrangement လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ ဒီ အစီအစဉ်မူကြမ်းတစ်ရပ်ကိုပေါ့နော်။ အစီအစဉ်ပဲပေါ့ သူက။ ဖွဲ့စည်းပုံလိုမျိုးတော့ Characteristic က အပြည့်တော့ မဟုတ်ဘူး။ ဒီ အစီအစဉ်တစ်ရပ်ကိုတော့ ရေးဆွဲဖော် ထုတ်နေတဲ့ လုပ်ငန်းစဉ်တစ်ရပ်က ဆက်ပြီး ပေါ်လာတယ်။ ဆိုတော့ ကျွန်တော်တို့ ကြားကာလ ဥပဒေပြုရေးတာဝန်ရှိတဲ့ လွှတ်တော်ကတော့ ဒီ လွှတ်တော်အနေနဲ့ကတော့ ရှင်းတယ်။ ကျွန်တော်တို့က ဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်မှာ ပါဝင်ပေးခဲ့တယ်ဆိုတာထက် ဒီဟာကို တကယ်လို့ အားလုံး ပြီးစီးသွားလို့ရှိလို့ရှိရင်လည်း ကျွန်တော်တို့ဟာ ဒီ ရဲ့လုပ်ငန်း စဉ်ရဲ့ အစိတ်ပိုင်းအဖြစ် တစ်နည်းနည်းနဲ့ပေါ့နော်။ ကျွန်တော်တို့ အားလုံး တူညီတဲ့ ဘုံ ရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်တွေကို ကျွန်တော်တို့ စုစည်းပြီးတော့ အားလုံး သဘောတူညီတဲ့ လုပ်ငန်းစဉ်တစ်ရပ်နဲ့ ပါဝင်လာနိုင်ခွင့်ရှိတယ်လို့တော့ ကျွန်တော် အနေနဲ့ ဖြေကြားလို့ရပါတယ်။ ဒါကတော့ ဒီ လေးနှစ်ငါးနှစ်တာကာလအတွင်းမှာ အားသာချက် အားနည်းချက်တွေပေါ့။ ဆိုတော့ ဟို နည်းနည်းလေး အချုပ်ပြန်ပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့ အခုဖြစ်နေတဲ့ အဲ ဒီတော်လှန်ရေးခရီးက ၂၀၀၈ ကို တော်လှန်ရေးအင်အားစုဘက်က လုံးဝ ဖျက်သိမ်းပြီးသွားပြီလို့ ယုံကြည်တယ်။ ဒါပေမဲ့ တစ်ဖက်မှာကလည်း ၂၀၀၈ က ဘယ်မှာ ကျန်နေလဲဆိုတော့ စစ်အုပ်စုနဲ့ စစ်အုပ်စု စိုးမိုးထိန်းချုပ်သော နယ်မြေ ဒီမှာ ကျန်နေတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲသူတို့ ကျင်းပဖို့ ကြိုးစားတာပေါ့။ ဆိုတော့ သူတို့ legitimate so-called legitimate government တစ်ခုကို ဖန်တီးပြီးတော့ လွှတ်တော်တစ်ခုကို သူတို့ ပြန်လည် ဖော်ဆောင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တစ်ဖက်မှာလည်း သူတို့ ကြိုးစားတယ်။ အဲ့တော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းလို့ တိုက်ရိုက်လို့ ပြောလို့ရှိလို့ရှိရင် ၂၀၀၈ ပျက်သွားပြီဆိုတဲ့ ယုံကြည်တဲ့ အုပ်စုနဲ့ ၂၀၀၈ မပျက်သေးဘူးလို့ ကိုင်ဆွဲနေတဲ့ အုပ်စုကြားက အကျပ်အတည်းတစ်ခုလိုပဲ ဟို တိုက်ရိုက်ပြောလို့ ရတယ်ပေါ့နော်။ ဆိုတော့ ဒါကလည်း ၂၀၀၈ လို့ ပြောရင်လည်း ၂၀၀၈ ကလည်း သူက စစ်ကြီးစိုးရေးဝါဒကို သူတို့က ဟို နှစ်မြှုပ် ထားပြီးသား ဖြစ်နေတာကို အားလုံးလည်း သတိပြုမိတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီအနေ အထားတစ်ခုမှာ ကျွန်တော်တို့ နိုင်ငံမှာ အခုက ဘာဖြစ်နေလဲဆိုတော့ တချို့ ဟို ဒီ စစ်အုပ်စု စိုးမိုးထိန်းချုပ်တဲ့ နယ်မြေတွေမှာ ဆိုလို့ရှိရင် သူက ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးလို့သာ ပြောတာ။ ဒီမိုကရေစီဆိုတာကို စစ်တပ်ပေးသလောက်ပဲ ယူဆိုတဲ့ စစ်တပ်ကလည်း သူတို့ ပေးသလောက်ပဲ ဒီမိုကရေစီယူဆိုတဲ့ ပုံစံမျိုးနဲ့ ရွေးကောက်ပွဲကို ပြန်လုပ်နေတာ။ ပြောချင် တာက Guidance Democracy သူတို့ လမ်းညွှန်ပေးမယ့် ဒီမိုကရေစီ။ ဒီမိုကရေစီရဲ့ ရှေ့မှာ ဝိသေသတွေနဲ့ စည်းကမ်းပြည့်ဝသောတို့ ဘလာဘလာဘလာတွေပေါ့နော်။ ဒါတွေနဲ့ သူတို့က အဲ လမ်းညွှန်ပေးမယ့် ဒီမိုကရေစီကိုတော့ အခု ဟို သူတို့ ကြိုးစားနေတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးရည်မှန်းချက်နဲ့ လုံးလုံးကြီး ကွဲပြားခြားနားနေတာ ဘာ ဘာကိစ္စ လဲဆိုတော့ ကျွန်တော်တို့ကတော့ ရှင်းတယ်။ ဒီ တော်လှန်ရေးခရီးဟာ ဒီ တစ်တိုင်းပြည်မှာ ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်က သူ မကြိုက်တဲ့ ရွေးကောက်ပွဲရလဒ် ထွက်လာတိုင်းမှာ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး၊ တစ်နည်း အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော်။ ဒီ လူတွေကို ဖမ်းဆီး ထိန်းသိမ်းခွင့်ရှိတယ်။ ဖမ်းပြီးတော့ ကိုယ်လိုချင်တဲ့ ရလဒ်ပြန်ထွက်အောင်လို့ ရွေးကောက်ပွဲ ကျင်းပခွင့်ရှိတယ်ဆိုတဲ့ သူ့ရဲ့ စိတ်ကြိုက် စီမံမှုအောက်က နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ထွန်းကားသွားလို့ရှိရင် ကျွန်တော်ထင်တယ် ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်လာလား ကောင်း မယ်မထင်ဘူး။ ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ရဲ့ စိတ်ဆန္ဒအပေါ်မှာ အမြဲတမ်း ဒီ တိုင်းပြည်ဟာ ဟို ရွေလျားမောင်းနှင်နေရတယ်ဆိုတာက ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ် ပြုနေတဲ့ စနစ်တစ်ခုကို ဖော်ဆောင်ပေးမယ့် ဒီမိုကရေစီကိုတော့ ကျွန်တော်တို့အနေနဲ့ ငြင်းဆန်ဖို့လိုတယ်။ အဲ့ဒီအပေါ်မှာ အဲ ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသားနဲ့ လူထုကို တုံ့ပြန်ပေးဖို့အတွက် တိုက်တွန်းပြောဆိုနေတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါ လူထုလည်း အများကြီး နားလည်ပါတယ်။ ကျွန်တော်တို့ အများကြီး လူထုကို ဘာလုပ်ပါ ဘာမလုပ်ပါနဲ့ လမ်းပြစရာတော့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲအငြင်းပွားမှုနဲ့ အာဏာ သိမ်းပါတယ်လို့ပြီးတော့ ငါတို့ မဲတွေဟာ အဟောသိကံဖြစ်ခရပါတယ်ဆိုတဲ့ ခံစားချက်နဲ့ လမ်းပေါ်ထွက်လာတဲ့ လူထုကို နောက်ထပ်ထပ်ပြီးတော့ ရွေးကောက်ပွဲတစ်ခုနဲ့ ပြန်ပြီးတော့ စည်းရုံးအောင် စည်းရုံးတယ်ဆိုတာ လက်တွေ့ကျတဲ့ ဖြေရှင်းမှုမဟုတ်ဘူးဆိုတာကို ပြည်သူအားလုံး သိကြတယ်လို့တော့ ကျွန်တော် ယုံကြည်တယ်။ ဟုတ် ဟုတ်။ ဒီလောက်ပါပဲ။ နောက်မှ မေးခွန်းရှိရင် ဆက်ပြီးတော့ ဖြေကြားပါဦးမယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ဆရာ။ အဲ့ဒီဟာနဲ့ ဆက်စပ်ပြီးတော့မှ ကျွန်တော်တို့ ဒီ အခု CRPH အပါအဝင် ဒါ CRPH လုပ်ဆောင်ချက်ပေါ်မှာ အားမလိုအားမရဖြစ်တဲ့ ဝေဖန်မှု တချို့ ဒါ တောက်လျှောက် တက်လာတာပေါ့နော်။ သို့သော်လည်း တစ်ဖက်မှာ IPU လို့ ခေါ်တဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်၊ ၁၅၀ ကျော် ပါဝင်တဲ့ လွှတ်တော်အင်အားစုတွေက CRPH ကို အသိအမှတ်ပြုမှု ဆက်လက်ပြုလုပ်တဲ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ စစ်ခေါင်းဆောင်ရဲ့ ဒုတိယ စစ်အုပ်စုရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ စိုးဝင်းကိုယ်တိုင်က CRPH နဲ့ NUG ကို နိုင်ငံတကာက အသိအမှတ်ပြုတယ်ဆိုတဲ့ဟာ ဝန်ခံချက်ပေါ်လာသလို ဒါ ပြည်သူ့ထောက်ခံမှု လိုအပ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အားနည်းချက်တွေကို ပေါ်လာတဲ့ ဒီ သက်ရောက်မှုရှိခဲ့ တယ်ပေါ့။ ဆိုတော့ IPU က CRPH ကို ထောက်ခံမှုက ဘယ်လောက်ထိ တော်လှန်ရေး ရှေ့ဆက်နိုင်ဖို့အတွက် အရေးပါသလဲပေါ့။ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါဦး။
ဆရာစည်သူမောင် – တော်လှန်ရေးခရီး ရှေ့ဆက်နိုင်ဖို့ဆိုတာကတော့ တော်လှန်ရေးကတော့ ကျွန်တော်တို့ ရည်မှန်းချက်အတိုင်းပဲ ဆက်ပြီးတော့ သွားနေတာပဲပေါ့နော်။ ဒါပေမဲ့ ဟို တော်လှန်ရေးမှာ မျက်နှာစာတွေ ရှိတယ်။ ကျွန်တော် အမြဲတမ်းလည်း အဲ့ဒါ အင်တာဗျူး တွေမှာ ဖြေလေ့ရှိပါတယ်။ သူက နိုင်ငံတကာ မျက်နှာစာ ရှိတယ်။ စစ်ရေးမျက်နှာသာ ရှိတယ်။ နိုင်ငံရေးမျက်နှာစာတွေ ရှိတယ်။ ဆိုတော့ IPU လိုမျိုးမှာ ကျွန်တော်တို့ ဟို မြန်မာလွှတ်တော် အနေနဲ့ ဆက်ပြီးတော့ အသိအမှတ်ပြုခွင့်ရတယ်။ နောက်တစ်ခုက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုသော အဖွဲ့အစည်းများအဖြစ်ကို ဆက်ပြီးတော့ ရပ်တည်နိုင်တယ် ဆိုတာက ဒါက သံတမန်ရေးဆိုင်ရာ ဟို တိုက်ပွဲမှာ အောင်မြင်မှုတစ်ခုပဲပေါ့နော်။ ဒီလိုပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အခိုင်အမာနဲ့ မြန်မာပြည်သူတွေဘက်မှာ ရပ်တည်နေမှု ကလည်း ဒါ သံတမန်ရေး ကြိုး အောင်မြင်မှုလို့ သူတို့ ကျွန်တော်တို့ သုံးသပ်ခဲ့ကြသလိုပေါ့ နော်။ ဒီလိုပါပဲ တခြား နိုင်ငံတကာမှာလည်း Advocacy လုပ်နေတာတွေ နောက်ပြီးတော့ တစ်ချိန်တုန်းကလည်း ဒီလိုပဲ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုဆိုတာ ပြည်တွင်းရှိတယ်။ ပြည်ပရှိတယ်ပေါ့နော်။ ဆိုတော့ ဒီ သံတမန်ရေး တိုက်ပွဲတွေမှာတော့ သက်ဆိုင်ရာ နိုင်ငံတွေက Diaspora တွေရော၊ Advocacy လုပ်တဲ့သူတွေရော၊ ဒီမိုကရေစီရေးကြိုးပမ်း ကြတဲ့ သူတွေ အကုန်လုံးကတော့ ဟို ကျွန်တော်တို့ အင်တိုက်အားတိုက် လုပ်နေကြတာပေါ့။ ဒါက မျက်နှာစာ တစ်ခုပေါ့။ နောက်ထပ် မျက်နှာစာ တစ်ခုကတော့ ဟို စစ်ရေးမျက်နှာစာ။ စစ်ရေးမျက်နှာစာကတော့ ဒါ ပိုပြီးတော့ အစိုးရအဖွဲ့နဲ့ သက်ဆိုင်တာပေါ့နော်။ ဒါ ကျွန်တော်တို့ အဲ့ဒါ အများကြီးတော့ မဖြေချင်တော့ဘူး။ ဟို ကျွန်တော်လည်း အများကြီး မသိမထားတော့ မဖြေချင်တော့ဘူးပေါ့နော်။ ဆိုတော့ နောက်တစ်ခုကတော့ နိုင်ငံရေးမျက်နှာ စာပေါ့။ နိုင်ငံရေးမျက်နှာစာမှာတော့ ကျွန်တော်တို့က အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက်ပေါ့နော်။ ကျွန်တော်တို့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိလာဖို့ကိစ္စတွေ၊ နောက်ပြီးတော့ အဲ ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရား တွေ ထူထောင်တဲ့အခါမှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် Federal Unit တွေကြားမှာ ဘယ်လို Intergovernmental Relationship တွေကိုပေါ့နော်။ ပြီပြင်လာအောင် ဖော်ဆောင်ကြမလဲ။ နောက်ပြီးတော့ ကြားကာလ အစီအစဉ်တွေ၊ နောက်ပြီးတော့ တချို့ ဖွဲ့စည်းပုံရေးဆွဲတဲ့၊ တချို့က Governing Document ဆိုပြီးတော့ အုပ်ချုပ်ပုံစာတမ်းမျိုးတွေ Develop လုပ်နေတာတွေ ရှိတယ်ပေါ့။ ဆိုတော့ ဒီဟာမျိုးတွေမှာတော့ ကျွန်တော်တို့ CRPH ရဲ့ ဥပဒေရေးရာ ကော်မတီအနေနဲ့တော့ ကျွန်တော်တို့ အကြံပေးနေတာမျိုး၊ ချိတ်ဆက် ဆောင်ရွက်နေတာမျိုးတော့ တောက်လျှောက်ဆိုသလိုပေါ့နော်။ ရှိနေတယ်ပေါ့။ ဆိုတော့ ဒီ မျက်နှာစာ အသီးသီးမှာ အဲ ကျွန်တော်တို့ ဟန်ချက်ညီညီနဲ့ ဆက်ပြီးတော့ တော်လှန်ရေး ခရီးကတော့ ဆက်သွားနေဦးမှာပဲ။ သေချာတာ တစ်ခုက အဲ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်။ စကမ ရဲ့ ရွေးကောက်ပွဲကို တချို့က မတားဆီးနိုင်တော့ဘူးလို့ ပြောတယ်။ အမှန်နဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကြိုးစားနိုင်သလောက် ကျွန်တော်တို့ ဒီဟာကို တားဆီးဖို့အတွက် ကျွန်တော်တို့ တောက်လျှောက်ဆိုသလိုမျိုး ကျွန်တော်တို့က တရားဝင်မှု ကို အခိုင်အမာ ရပ်တည်ရင်းနဲ့ ပြသရင်းနဲ့ ကျွန်တော်တို့ တားဆီးနေတာ။ အခုဆိုရင် IPU မှာ အဲ အသိအမှတ်ပြုခံရတယ်ဆိုတာကလည်း စကမ က လွှတ်တော်တစ်ခုကို ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တစ်ပြိုင်တည်းမှာပဲ ဒါ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ လွှတ်တော်တစ်ရပ်ဟာ မြန်မာလွှတ်တော်ဟာ ဒါဖြစ်တယ်ဆိုတာမျိုးကို ကျွန်တော်တို့ အပြိုင် ကြိုးစားနိုင်ခဲ့တယ်ပေါ့နော်။ ဆိုတော့ ဒါလည်း ဆက်ပြီးတော့ ရှေ့ဆက်ထိန်းသိမ်းရမယ့် ကိစ္စတွေ ရှိတယ်။ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ ကြိုးပမ်းအားထုတ်ရမယ့် ကိစ္စတွေ ရှိသေး တယ်။ အဲ့တော့ ကျွန်တော်တို့က ရွေးကောက်ပွဲကို မတားဆီးနိုင်ဘူးလို့ တစ်ဖက်က ဟို တချို့ တွေပေါ့နော်။ သုံးသပ်လာခဲ့ရင်တောင်မှပဲ။ ဟုတ်တယ် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို လည်း စကမ က တားဆီးဖို့အတွက် လုံးဝ သူတို့အနေနဲ့ မကြိုးစားနိုင်ဘူး။ ကိုယ့်ရည်မှန်းချက် ကို ကိုယ် အားလုံးကတော့ သွားနေကြတာပဲ။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ဟို ရှင်းတယ်ပေါ့ဗျာ။ ဘုံသဘောတူညီချက်တွေ ရခဲ့တာ ရှိတယ်။ အဲ့ဒါတွေကို ကျွန်တော်တို့ စီးနောင်ပြီးတော့ ဆက်လက် တိုက်ပွဲဝင်ဖို့ လိုတယ်။ ဥပမာ ဘုံသဘောတူညီချက်တွေ ရခဲ့တာ ရှိတယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ Federal Democracy Charter မျိုး ရေးဆွဲပြီးတော့ ကျွန်တော်တို့ ဒီဟာကို ပဋိညာဉ်ပြုမှုနဲ့ပေါ့နော်။ ကျွန်တော်တို့ ရခဲ့တာ ရှိတယ်။ အဲ့ဒီလိုပဲ NUG K2C Statement မျိုးတွေပေါ့နော်။ ဒါ နိုင်ငံရေး ဘုံသဘောတူညီချက် ၆ ချက်တို့ အဲ နောက်ပြီး တော့ Vision တွေ Mission တွေ ကျွန်တော်တို့ ဖော်ပြခဲ့တာ ရှိတယ်။ အဲ့ဒီလိုပဲ NLD CRPH NUG အဲ Chin Brother Hood ပေါ့။ ဒီလိုမျိုး ၄ ဖွဲ့လည်း ထုတ်ခဲ့တဲ့ဟာတွေလည်း ရှိနေသလို အခု After ဆိုပြီးတော့ ရေးဆွဲနေတဲ့ပေါ့နော်။ Process တွေလည်း ရှိတယ်။ ဒီလိုပဲ Common Political Agreement လို့ ခေါ်တဲ့ CPA လုပ်ငန်းစဉ်ကလည်း တစ်ဖက်မှာ ရှိတယ်။ အဲ့တော့ သေချာတာ ကျွန်တော်တို့မှာ ဘုံသဘောတူညီချက်တွေ ရှိခဲ့တယ်။ အဲ့ဒါတွေနဲ့ ကျွန်တော်တို့ ပိုပြီးတော့ ခိုင်မာတဲ့ စည်းနှောင်မှုနဲ့ ကျွန်တော်တို့ ဒီ တိုက်ပွဲကို ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ရဖို့ လိုတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုလည်း စကမ က တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲ သူတို့ကလည်း သူတို့ရဲ့ ရည်မှန်းချက်ကို ဆက်ပြီးတော့ သူတို့ သွားနေတယ်ပေါ့နော်။ ရွေးကောက်ပွဲဟာ နောက်ဆုံး ရွေးကောက်တင်မြှောက်ခံတဲ့လူ ဘယ်သူမှ မရှိဘူး။ တစ်ယောက်ကပဲ Nomination လုပ်ရင် တောင်မှပဲ Auto အဲ့ဒီလူက လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားမယ့် ပုံပျက်ပန်းပျက် ရွေး ရွေးကောက်ပွဲ ကော်မရှင် ရွေးကောက်ပွဲဥပဒေကြီး အောက်မှာ ကျွန်တော်ထင်တယ်။ အဲ့ဒီအပေါ်တွေမှာတော့ ကျွန်တော်တို့ လိုက်ပြီးတော့တော့ ဥပဒေကြောင်းဆိုင်ရာ သုံးသပ်မှု တွေတော့ ကျွန်တော် လုပ်နေမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကျင်းပ ခွင့်မရှိတဲ့ အဲ ဒီ အကြမ်းဖက်စစ်အုပ်စုတစ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့က ဥပဒေကြောင်းဆိုင်ရာ သွားပြီးတော့ သုံးသပ်လို့ကတော့ အလကားပဲပေါ့နော်။ ဒါပေမဲ့ ဒါကတော့ Legal Perspective ကနေပြီးတော့ တုံ့ပြန်တဲ့သူတွေကတော့ သူ့ရဲ့ ပညာရှင် ရှုထောင့်က တုံ့ပြန်တာ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးသမားဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေး အရပဲ ကျွန်တော်တို့ တုံ့ပြန်တယ်။ လူထုကို ကျွန်တော်တို့ ဘယ်လို ရှင်းလင်းတဲ့ သတင်းစကားပေးမလဲ။ ဒါပဲ ကျွန်တော်တို့ ပြောမယ်။ ဆိုတော့ တချို့ သုံးသပ်တာလည်း ရှိတယ်ပေါ့နော်။ ဒီနေရာမှာ ကျွန်တော် နည်းနည်းလေး ထပ်ပြောချင်တာက ၂၀၂၀ ရွေးကောက်ပွဲက ငါးနှစ်ပြီးလို့ရှိလို့ရှိရင် ဒီ Mandate က ကုန်သွားပြီလားဆိုတာမျိုးကို တချို့ သုံးသပ်ကြတယ်။ ဆိုတော့ ကျွန်တော်အမြဲပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်က ပေးတဲ့ Mandate ပေါ့နော်။ Constitutional Mandate မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အမြဲတမ်းပြောတယ်။ ဒါ လူထုကပေးတဲ့ Mandate ဖြစ်တယ်။ အဲ့ဒီကာလမှာ ပြန်မှတ်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေရဲ့ ကတိကဝတ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး။ ဒီနိုင်ငံမှာ ဒီ ဖွဲ့စည်းပုံနဲ့ ဆက်သွားလို့မရဘူး။ ဒီ ဖွဲ့စည်းပုံကတော့ Federal စနစ် အဲ ဒီ ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းနဲ့လည်း ဒါ NCA ဆိုတာမျိုးကို အဲ့ဒီအချိန်မှာ ကြိုးပမ်းခဲ့ဖူးသလို လွှတ်တော်တွင်း နိုင်ငံရေးနည်းလမ်းနဲ့လည်း အဲ ပြင်ဆင်ဖို့ အတွက် ကြိုးပမ်းတဲ့အခါမှာ ရွေးကောက်ပွဲမှာ မဲဆွယ်တဲ့အခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာတွေကို ဟို ထည့်သွင်းပြီးတော့ ကတိကဝတ်ပြုမှုတွေနဲ့ သွားခဲ့တယ်။ သူက ဒီအတိုင်းပဲ လည်း ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျွန်တော်တို့ အပြီးတိုင်ဖျက်သိမ်းလိုက်ပြီဆိုတာ ကျွန်တော်တို့ ကြေညာခဲ့တယ်။ ကြေညာခဲ့တဲ့အတွက်ကြောင့် ဒီ People Mandate ပြည်သူလူထုက ပေးတဲ့ ဒီ ဆန္ဒ ဟို ကျွန်တော်တို့ဟာ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်နိုင်နေတုန်းပဲ ဆိုလို့ရှိရင် လူထုရဲ့ ဆန္ဒကို ကျွန်တော်တို့ ကိုယ်စားပြုနေနိုင်သေးသော Mandate ရဲ့ အဓိပ္ပာယ်ဟာ သက်ဝင်လှုပ်ရှားမှု ရှိနေမယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်တယ်။ အဲ့တော့ နောင်လွတ်လပ် ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် မပေါ်ပေါက်မချင်းမှာ ပြည်သူက ပေးထားတဲ့ တရားဝင်မှုကို ကျွန်တော်တို့ ကိုင်စွဲရင်းနဲ့ ဒီ တော်လှန်ရေးခရီးမှာ ပါနေတဲ့ပေါ့နော်။ အင်အားစု အသီးသီးနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ လက်တွဲဆောင်ရွက်သွားမယ်။ ဆိုတော့ အဲ့ဒီ အဲ့ဒီ ပုံစံမျိုးပဲ ကျွန်တော်တို့ ပြည်သူတွေရဲ့ နိုင်ငံရေးဆန္ဒကို ကိုယ်စားပြုပြီးတော့ပဲ ကျွန်တော်တို့ ဆက်ပြီးတော့ အဲ ရှေ့ဆက်လျှောက်သွားမယ်လို့တော့ ကျွန်တော်အနေနဲ့ ဖြေကြားချင် ပါတယ်။
ဆလိုင်းဒိုခါရ် – အဲ့ဒါဆို အခုဆရာပြောတဲ့ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးမြှင့် ပြုလုပ်မှ ဆရာတို့ CRPH ကိုယ်တိုင် ပါဝင်နေတဲ့ဟာတွေ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့မှ အခု မျှော်လင့်ချက်ကြီးကြီးမားမား ထားနေကြတဲ့ ပြည်သူတွေလည်း ရှိတယ်။ NUG က ပြောင်းလဲမှုကြီးကြီးမားမား မြင်လာပြီးတော့မှ ပိုမို ထိရောက်တဲ့ တော်လှန်ရေးအစိုးရပေါ် လာဖို့ မျှော်လင့်နေကြတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့မှရော ဆရာ ဒီ ထပ်မံပြီးတော့မှ ဒါ ပြည်သူတွေ သိသင့်သလောက် ထပ်မံဖြည့်စွက်ပေးပါ။ အထူးသဖြင့် ဒါက ၂၀၂၅ မကုန်ခင် ဆိုရင်တော့ နှစ်လလောက်ပဲ လိုတော့တဲ့အနေအထား ဆရာ ဒီနှစ်လအတွင်းမှာ ပေါ်ပေါက် လာနိုင်ချေ လားလား ဘယ်လိုရှိလဲဆိုတဲ့ဟာမျိုး အပိုင်း ဆွေးနွေးပေးပါဦးခင်ဗျာ။
ဆရာစည်သူမောင် – ဟိုဟာပေါ့ ဒီလတွေထဲမှာ ဆရာတို့တော့ သတိထားမိလိမ့်မယ်။ သမ္မတကြီးက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပေါ့နော်။ ဟို Bilateral ပုံစံမျိုးလေးတွေ တွေ့ပြီးတော့ သတင်းမီဒီယာတွေမှာလည်း ဒီ သတင်းလေးတွေ တက်နေတာ တွေ့လိမ့်မယ်ပေါ့နော်။ ဆိုတော့ NUG Reform လုပ်နေတာနဲ့ တစ်ပြိုင်နက်ထဲမှာ တစ်ဖက်မှာ ဟို ကျွန်တော်တို့ အချင်းချင်းကြားမှာ နိုင်ငံရေးအရပေါ့နော်။ ဟို စည်းရုံးအား ပိုပြီးတော့ ကောင်းဖို့အတွက်ကို ဟို တစ်ဖက်မှာလည်း ကြိုးစားနေတာရှိတယ်။ NUG ဘက်ကလည်း စီမံဆောင်ရွက်နေတာ ရှိသလို ကျွန်တော်တို့ ဒီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဆိုလို့ရှိရင် ဒါ ဦးထိုက်ရီ၊ ဦးအောင်ကြည်ညွန့်ကိုယ်တိုင်ပေါ့နော်။ NUG ရဲ့ Reform Committee မှာ ပါဝင်ပြီးတော့ ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတဲ့ ကိစ္စမျိုးတွေကို တောက်လျှောက် ဆိုသလိုပေါ့နော်။ ဆွေးနွေးနေတယ်။ ကျွန်တော်ထင်တယ် တော်တော်တော့ လက်စသတ် တော့မယ်လို့ ထင်တယ်။ ဒါပေမဲ့ ဟို ကျွန်တော်က လေ NUG Reform ကို ဟို ကျွန်တော်တို့ Highlight လုပ်ပြီး ပြောတာထက် ဒီကာလမှာ အရေးကြီးတာက NUG Reform ဆိုတာထက် ကျွန်တော်တို့ တော်လှန်ရေးအင်အားစု အသီးသီးကြားမှာ NUG အပါအဝင် တော်လှန်ရေး အင်အားစု အသီးသီးကြားမှာ ဘုံနိုင်ငံရေး သဘောတူညီချက် ရရှိပြီးတော့ ကျွန်တော်တို့ စည်းရုံးမှု အားကောင်းကောင်းနဲ့ ကျွန်တော်တို့ ရှေ့ဆက်ခရီးကို ဘယ်လိုသဘောတူညီချက် တွေနဲ့ သွားမယ်ဆိုတာကို ပိုပြီးပြင်းလာဖို့က ပိုအရေးကြီးတယ်။ အဲ့ဒါ NUG Reform ထက် ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စလို့ မြင်တယ်။ ဆိုတော့ နိုင်ငံရေးသဘောတူညီချက်ရဲ့ နောက်ကွယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဒါမျိုး တွေက နောက်ဆက်တွဲ ဖော်ဆောင်ရမယ့်၊ Implement လုပ်ရမယ့် ကိစ္စတွေလို့ ကျွန်တော် မြင်တယ်။ ဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်သည်ပင်လျှင် စိတ်ဝင်စားတာက NUG Reform ဆိုတာထက် ကျွန်တော်တို့ ဒီ တော်လှန်ရေး နိုင်ငံရေးဘုံသဘောတူညီချက်တွေ ပိုပြီးပြင် ခိုင်မာလာပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်သွားနိုင်လို့ရှိရင် အဲ့ဒီ Reform ထက်မက ပိုတဲ့ ကျွန်တော်တို့ စုဖွဲ့မှုဟာ NUG ထက်ပို အားကောင်းသွားနိုင်တဲ့ ဒီ တော်လှန်ရေး ဦးဆောင် အဖွဲ့အစည်းတစ်ရပ်ကို ကျွန်တော်တို့ ကောင်းကောင်း ပြီပြင်းစွာနဲ့ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ယုံတယ်။ ဆိုတော့ ဒီလိုမျိုးပဲ ကျွန်တော်ဖြေပေးချင်တယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ဆရာ။ ဒါနဲ့ပတ်သက်ပြီးတော့မှ ဒီ ဆရာဆွေးနွေးတဲ့ အချက်မှာ ပါသလိုမျိုး ဒီ ကြည်လစ်တဲ့ စုဖွဲ့မှုဟာမျိုး ဒါ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အားနည်းချက် ကိုပဲ ထောက်ပြီးတော့မှ အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာတချို့က ဒါ စစ်ကောင်စီကို မဖြစ်မနေ စကားပြောဖို့ လိုအပ်ချက်ပုံစံမျိုး မြင်လာတဲ့ဟာတွေ တချို့ရှိတယ်။ ဆိုတော့ ဒီအပေါ်မှာရော ဆရာဘယ်လို တုံ့ပြန်ချင်သလဲ။
ဆရာစည်သူမောင် – ဟို အခု အာဆီယံရဲ့ ကြိုးပမ်းမှုမှာဆိုလို့ရှိရင်လည်း အခု အာဆီယံရဲ့ ကြိုးပမ်းမှုမှာ ဆိုလို့ရှိရင်လည်း သူက ကျွန်တော်ထင်တယ် ဒီဘက်က တော်လှန်ရေး အင်အားစုတွေဘက်က stakeholder တွေ အားလုံးကိုလည်း သူတို့ ထိတွေ့ဆက်ဆံတယ်။ အဲဒီလိုပဲ စစ်အုပ်စုကိုလည်း သူတို့ ထိတွေ့ဆက်ဆံတယ်။ ဆိုတော့ ဒီပြဿနာရဲ့ အရင်းမြစ်က စစ်အုပ်စုဆိုတာမျိုးကိုတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြားထဲမှာတော့ နိုင်ငံတကာကို ရှင်းရှင်းလင်းလင်းနဲ့ ကျွန်တော်တို့ ပြောပြထားပြီးသား။ ဥပမာအားဖြင့် အာဆီယံရဲ့ 5-point consensus ကို ဖော်ဆောင်တဲ့အခါမှာ သူတို့ 5PC မှာပါတဲ့ အကြမ်းဖက်မှု တွေ လျော့ချရေး၊ ရပ်စဲရေး၊ လျှော့ချရေးဆိုတဲ့ ကိစ္စ။ ဒါကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကဘက်က လုပ်နေတာမဟုတ်ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြည်သူတွေကို ရမ်းကားသတ်ဖြတ်နေတာ ဒါ စစ်အုပ်စုဖြစ်တယ်။ ဆိုတော့ ပြဿနာရဲ့ root cause ပေါ့နော်။ အရင်းအမြစ်က စစ်အုပ်စုဖြစ်တယ်ဆိုတာကို သူတို့အနေနဲ့ နားလည်ပြီးသားဖြစ်တယ်။ ဆိုတော့ ဒီအကြမ်းဖက်မှုတွေကို ရပ်လာ ရပ်အောင်လို့ တိုက်တွန်းပြောဆိုဖို့က နိုင်ငံတကာကို ကျွန်တော်တို့အနေနဲ့က အမြဲတမ်း ဒီကိစ္စအပေါ်မှာ ဒီအကြမ်းဖက်မှုတွေ ရပ်ပြီးတော့ နိုင်ငံရေးဆန္ဒရှိမှုကို ပြပါ။ ဆိုလိုတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တကယ်သွားမယ်ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတော့ဘူး။ ဟုတ်လား။ ရွေးကောက်ပွဲဆိုတာကလည်း တကယ် စနစ်ကို system change ကို ပြောင်းတဲ့ ဟို ဦးတည်တဲ့ရွေးကောက်ပွဲဆိုလို့ရှိရင် လက်ခံနိုင်ပါတယ်ဆိုတဲ့ ပုံစံမျိုးထိ ကျွန်တော်တို့ ဆွေးနွေးထားတယ်။ ဆိုတော့ ပြောချင်တာက system change ကို သွားမယ့်ရွေးကောက်ပွဲဆိုတာကတော့ ရှင်းတာပေါ့ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ဆိုင်ရာ တိုင်းပြုပြည်ပြုသူ့လွှတ်တော်ရွေးကောက်ပွဲလည်း ဖြစ်ရင်ဖြစ်မယ်။ ဆိုတော့ ကျွန်တော်တို့က ရွေးကောက်ပွဲကို လုံးလုံးကြီးငြင်းနေတာမဟုတ်ဘူး။ ရွေးကောက်ပွဲဆိုတာ ဘယ်လိုပုံစံ၊ ဘယ်လိုနည်းဖြစ်ရမယ်ဆိုတာမျိုးကို ကျွန်တော်တို့ ပြောနေတာ။ ဆိုတော့ အခုကတော့ နိုင်ငံတကာကတော့ အသံပြောင်းပြီးပြောနေတာပေါ့။ ဟို အာဆီယံကတော့ ဒါ အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရမယ်ဆိုတော့ ၂၀၀၈ အောက်မှာကတော့ ဒီရွေးကောက်ပွဲ ကို ပြန်သွားလို့ရှိလို့ရှိရင် ရှင်းတယ်ဗျာ။ ကျွန်တော် အမြဲတမ်း နောက် နောက်ပြီးတောင် ပြောသေးတယ်။ ဒီစာအုပ်အစိမ်းကြီးကို ၂၀၀၈ နံပါတ်ပြားပါတဲ့ ကား ကားအစိမ်းရောင်ကြီးကို တက်စီးမိလို့ရှိလို့ရှိရင်တော့ ဆိုက်မယ့် ဘူတာကတော့ ဒီပြန်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းသလို သံသရာပဲ ပြန်လည် မိုင်မှတ်တိုင်ကိုပဲ ပြန်ရောက်သွားမှာပဲ။ အဲတော့ ရွေးကောက်ပွဲဆိုတာ ဖြတ်သန်းရမယ့်မှတ်တိုင်လို့တော့ ဟို လွယ်လွယ်တော့ မပြောကြနဲ့ပေါ့။ ဖြတ်သန်းရမယ့်မှတ်တိုင်မဟုတ်ဘူး။ အဲ့မှတ်တိုင်ရောက်လို့ရှိလို့ရှိရင် ဘယ် ဘာဖြစ်မလဲဆိုတာက လူတိုင်းသိပြီးသား။ ဆိုတော့ တချို့ ကျွန်တော် စဉ်းစားနေတာ ကျွန်တော် သတိထားမိပါတယ်။ ဟို ဒီမိုကရေစီကို ကျွန်တော် စောစောက ဆွေးနွေးသွား သလိုပဲ စစ်တပ်က ပေးသလောက်ပဲယူပြီးတော့ တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲရအောင် ဆိုလို့ရှိရင်တော့ ၂၀၁၀ ကာလနဲ့ အတူတူပဲ။ ၂၀၁၀ တုန်းကလည်း ဒီလိုပဲ သမ္မတကြီး ဦးသိန်းစိန်တက်လာတယ်ပေါ့ဗျာ။ ဟို သူ့ကို သူပြုပြင်ပြောင်းလဲမှုရဲ့ တကယ့်ကို ခေါင်းကိုင် ဖခင်ဆိုတဲ့ပုံစံမျိုးတောင် ဟို ညွှန်းကြတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ၂၀၁၅၊ ၂၀၂၀ ကြားကနေပြီးတော့ အရှိန်အဟုန်ဖြင့် ထပ်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားလာတဲ့ အခါမှာကျတော့ စစ်တပ်က လက်မခံနိုင်တော့ဘူး။ ဆိုတော့ ဒီလိုဟာမျိုးတွေ ဖြစ်လာတဲ့အခါ ကျလို့ရှိရင် ကျွန်တော်တို့က အဲ့ဒီသမိုင်းကိုပဲ တစ်ပတ်ပြန်လည်ပြီးတော့ ဟို ပြည်သူတွေက ထိတွေ့ခံစားရမှာပေါ့။ အဲတော့ သေချာတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခု အသုံးပြုနေတဲ့ တပ်မတော်ဆိုတာက အရပ်သား စိုးမိုးထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒီဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားတွေရဲ့ ဒီအုပ်ချုပ်မှုအောက်မှာရှိတဲ့ တပ်မတော်ပဲ ဖြစ်ရမယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီဟာကနေပြီးတော့ နိုင်ငံရေးနဲ့မပတ်သက်ဘဲနဲ့ တပ်မတော်ပဲ ဖြစ်ရမယ်ပေါ့နော်။ သူ့ရဲ့ ကာကွယ်ရေးကဏ္ဍကိုပဲ တာဝန်ယူတဲ့ တပ်မတော်ဖြစ်ပြီးတော့ နိုင်ငံရဲ့အနာဂတ်ကို မောင်းနှင်တဲ့အခါမှာ ဖော်ဆောင်တဲ့အခါမှာတော့ ၂၀၀၈ ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဟုတ်ဘဲနဲ့ တကယ်ပြည်သူ့ဆန္ဒ အစစ်အမှန်နဲ့ ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရော သက်ဆိုင်ရာ ကိုယ်စားပြုမှု အားကောင်းတဲ့ ကိုယ်စားလှယ်တွေရော ပါဝင်တဲ့ ဟုတ်လား ဒီညီလာခံကြီးတစ်ရပ်ကနေပြီးတော့ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်မျိုး ရွေးကောက်ပွဲတွေမျိုးနဲ့ ဒီပုံစံမျိုးနဲ့ပဲ ကျွန်တော် တိုင်းပြည်ကို သွားရမယ်ဆိုတာမျိုး ပြောထားတော့ ဒါကိုလည်း ကျွန်တော်ထင်တယ် စစ်အုပ်စုကို နိုင်ငံတကာက အဲ့ဒီပုံစံမျိုးပဲ သူတို့ တိုက်တွန်းပြီးတော့ နားချနေတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့လည်း ဒီပုံစံမျိုးကိုပဲ ကျွန်တော်တို့ ရှင်းပြထားတယ်ပေါ့။ ဆိုတော့ အာဆီယံ 5PC ကို ကျွန်တော် ပြန်ပြီးတော့ ကျွန်တော် ပြန်ပြောရရင် အကြမ်းဖက်မှုတွေ လျှော့ချလာရေး ကိစ္စနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးကိစ္စ ဆိုတာက လူသားစာနာ အကူအညီပေးဖို့အတွက်က အကြမ်းဖက်မှု အဲဒီအကြမ်းဖက်မှု၊ လေကြောင်းတိုက်ခိုက်မှုရှိနေလို့ရှိရင် အာဆီယံလည်း မလုပ်နိုင်ဘူး။ အာဟာဆန္ဒလည်း မလုပ်နိုင်ဘူး။ ဆိုတော့ အဲ့လို အနေအထားတစ်ခုမျိုးမှာ ဒီလိုမျိုး တိုင်းပြည်မှာ ဒီလို ဖရိုဖရဲ အခြေအနေ၊ အကြမ်းဖက် ရမ်းကားမှုတွေ အားလုံးရဲ့ အရင်းအမြစ်က ဘယ်ကလာနေလဲ ဆိုတာကို သိလို့ သူတို့ ဒီ စစ်အုပ်စုကို သူတို့အနေနဲ့ သွားရောက်ပြီးတော့ သူတို့အနေနဲ့ တတ်နိုင်သလောက်ပေါ့နော်။ နားချစည်းရုံး ပြောဆိုပြီးတော့ သံတမန်ရေးလမ်းကြောင်းကနေ ကြိုးစားနေတယ်လို့ မြင်တယ်။ ဆိုတော့ Dialogue ကို နိုင်ငံတကာက တည်ပေးနေတယ် ဆိုတာထက် ကျွန်တော်မြင်တာကတော့ နှစ်ဖက်လုံးကို သူတို့ ထိတွေ့ဆက်ဆံတယ်။ ဒီဘက်က ရှိပြီးသား ဆန္ဒတွေကိုလည်း သူတို့အနေနဲ့ပေါ့နော်။ ရွေးကောက်ပွဲဆိုင်ရာ သဘောတရားမျိုးတွေ၊ နောက်ပြီးတော့ ဒီဘက်က နိုင်ငံရေး ရည်မှန်းချက်တွေကိုလည်း သူတို့ နားထောင်သလို တစ်ဖက်မှာ သူတို့ လုပ်နေတဲ့ ကိစ္စတွေကိုလည်း သူတို့ သွားရောက်ပြီးတော့ တီးခေါက်ဖြောင်းဖျတာမျိုး၊ ဆွေးနွေးတာမျိုးတွေတော့ လုပ်နေတယ်လို့တော့ ကျွန်တော် မြင်တယ်။ ဆိုတော့ ဟို စစ်အုပ်စုကို အစိုးရအဖြစ် အသိအမှတ်ပြုပြီးတော့ ဆက်ဆံနေတယ် ဆိုတာထက် တရုတ် နိုင်ငံသည်ပင်လျှင်လည်း ထိုနည်း၎င်းပဲလို့ ကျွန်တော်မြင်တယ်။ တရုတ်နိုင်ငံသည် ပင်လျှင်လည်း သူက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး ဆိုတာကို သူ တောက်လျှောက်ဆိုသလို သူ ပြောတယ်။ ဆိုတော့ ဒီလို စစ်အုပ်ချုပ်မှု လုံးလုံးဖြစ်နေတာကို သူတို့အနေနဲ့လည်း မကြိုက်ဘူး။ ဆိုတော့ သူတို့ရဲ့ ထိတွေ့ဆက်ဆံမှု ကလည်း ရှင်းတယ်။ ဒီ နိုင်ငံဟာ ဒီ ပုံစံမျိုးနဲ့တော့ သွားလို့မရဘူးဆိုတာမျိုးကိုပဲ သူတို့ ချဉ်းကပ်နေတာ။ အဲ့တော့ အစိုးရတစ်ရပ်အနေနဲ့ တရားဝင် အသိအမှတ်ပြုပြီးတော့ ဆက်ဆံနေတယ်ဆိုတာထက် ဒီ အိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ ပြဿနာကို သူတို့ ဘယ်လိုမျိုး ကြားဝင်ဖြေရှင်းလို့ရလဲဆိုပြီးတော့ နည်းလမ်းတွေ ရှာနေကြတဲ့ ပုံစံမျိုးနဲ့ပဲ မြန်မာစစ်အုပ်စုကို ချဉ်းကပ်နေတယ်လို့ ကျွန်တော်က မြင်တယ်။ ကျွန်တော် မြင်မှားရင်လည်း မှားပါလိမ့်မယ်။ တခြားလူတွေအမြင်နဲ့လည်း မတူကောင်း မတူပါဘူး။ ကျွန်တော်တော့ ဒီလိုပဲ မြင်ပါတယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ဆရာ။ ဒီနောက်ဆုံးပိတ်အနေနဲ့ ဒါ ဆရာ ကျွန်တော်တို့ အခုချိန်မှာ ဆရာ ဆွေးနွေးတဲ့အချက်တွေအပေါ်မှာ အခြေခံရင်သော်လည်းကောင်း၊ မြေပြင်ရဲ့ လက်တွေ့ အခြေအနေမှာ သော်လည်းကောင်း၊ System Change အတွက် တိုက်ပွဲဝင်ကြတဲ့ အခါကျ တော့ တော်တော်လေး စိန်ခေါ်မှုတွေ ဆက်လက် ကြုံတွေ့ရမယ့် အနေအထား ဖြစ်နေတယ်။ ဒီအပေါ်မှာ ပြည်သူတွေ ကိုရော ဘာတွေ နောက်ဆုံးအနေနဲ့ ခွန်အားပေးစကား ဖြစ်ဖြစ်၊ တိုင်းပြည်ပြောင်းလဲရေးအတွက်မှာ ပြည်သူတွေကို ဘာများ ဒါ ဖိတ်ခေါ်လိုတာ ဖြစ်ဖြစ် ပြောကြားလိုတာရှိရင် ပြောကြားပေးပါဦး။
ဆရာစည်သူမောင် – ဟို ကျွန်တော်တို့က ဒီ တော်လှန်ရေးခရီးကို လူငယ်တွေပေါ့နော်။ လူငယ်တွေအပါအဝင် အားလုံး မျက်နှာစာ အသီးသီးကနေ ပါဝင်နေကြတာက ဒီ တိုင်းပြည်မှာ ဒီလိုမျိုး မတရားအာဏာသိမ်းမှု ကြုံလို့ရှိရင် ကျွန်တော်တို့ လူငယ်တွေက ဒီလို တုံ့ပြန်တတ် တယ်ဆိုတာမျိုးကိုလည်း ကျွန်တော်တို့က ရန်ကားတဲ့သူတွေကို ကျွန်တော်တို့က ပြန်ပြီးတော့ တုံ့ပြန်ပြနေတာ။ ဆိုတော့ နိုင်အောင်တိုက်မယ်၊ နိုင်အောင်မတိုက်ဘူးဆိုတာထက် ကျွန်တော်ဆိုလိုတာက ဒီလိုမျိုး ရန်ကားလို့ရှိလို့ရှိရင် ငါတို့ ခေါင်းငုံ့မခံဘူး တုံ့ပြန်တတ် တယ်ဆိုတဲ့ဟာကို လက်တွေ့ ကျွန်တော်တို့ပြတာ။ ဆိုတော့ဗျာ ဟို ကျွန်တော်ပြောရမယ်။ ဟိုးအစောပိုင်းမှာတုန်းက ကျွန်တော်တို့က ဆန္ဒပြတာပေါ့။ အခုက ဆန္ဒပြတာ မဟုတ်တော့ ဘူး။ ကျွန်တော်တို့ရဲ့ ဆန္ဒကို လက်တွေ့ အကောင်အထည်ဖော်တာ ဖြစ်သွားပြီ။ ဒီလူငယ်တွေ က ဆိုတော့ ဆန္ဒပြတာထက် ပိုတဲ့ ဒီ ခရီးကို ကျွန်တော်တို့ ဖြတ်သန်းနေကြပြီဆိုလို့ရှိရင် ကျွန်တော်တို့ ဘယ်လို ရည်မှန်းထားလဲ။ ရည်မှန်းချက်တွေအတိုင်းကို ကျွန်တော်တို့ ဆက်ပြီး လျှောက်ဖို့လိုတယ်။ သေနတ်ကိုင်တာလည်း အတွေးအခေါ်နဲ့ ကိုင်ဖို့လိုတယ်။ အဲ့ဒီလိုပဲ ကိုယ်က ပြည်သူ့အစိုးရလို့ ခံယူတဲ့ အစိုးရတစ်ရပ်ဟာလည်း ကျွန်တော်တို့ ပြည်သူအပေါ်ကို ဘယ်လိုမျိုး စနစ်တကျနဲ့ ဥပဒေတွေနဲ့ နည်းလမ်းစည်းကမ်းတွေနဲ့ ဆက်ဆံရမယ်ဆိုတာကို စနစ်တကျနဲ့ ပိုပြီး ပြီပြင်းလာဖို့အတွက်ကိုလည်း တစ်ဖက်မှာ ကျွန်တော်ထင်တယ်။ တည်ဆောက်နေတယ်။ ပသုံးလုံးယန္တရားပြုပြင်ပြောင်းလဲရေးကအစပေါ့နော်။ ဒီလိုမျိုးတွေ တော့ တည်ဆောက်နေတယ်ဆိုတာမျိုးကို ကျွန်တော်သတင်းစကားပြောလို့ရတယ်။ အဲ့တော့ ဟို သေချာတယ်။ ဒီ စစ်တပ်ကိုတော့ ကျွန်တော်တို့က အားလုံး ပြုတ်သွားအောင် တိုက်လိုက် မယ်ဆိုတာမျိုး အထိဆိုတာထက် စစ်တပ်ကို ကျွန်တော်တို့က ပြောင်းအောင်တိုက်မှာလား။ ပျော့အောင်တိုက်မှာလားဆိုတာပေါ့နော်။ ဆိုတော့ အတွေးအခေါ်ပြောင်းအောင် ကျွန်တော် တို့က တိုက်တယ် ဖြစ်တယ်။ ဆိုတော့ အတွေးအခေါ်ကို သူတို့ ပြောင်း ပြောင်းအောင် ပြောင်းရမယ်။ စစ်တပ်ဟာ ဒီလိုအာဏာသိမ်းမှုကို ဒီလို ခေတ်အဆက်ဆက်မှာ လုပ်ခဲ့လို့ရှိလို့ ရှိရင် ဒီလို ကျွန်တော်တို့ လူငယ်တွေရဲ့ တုံ့ပြန်မှုဟာ ဒီလို ပြင်းထန်တယ်ပေါ့နော်။ သူတို့ ရရာ လက်နက်နဲ့ သူတို့ စပြီးတော့ တော်လှန်တိုက်ခိုက်ခဲ့ရာကနေပြီးတော့ ဒီ တော်လှန်ရေးခရီး ဒီဘက်အထိပေါ့နော်။ စုဖွဲ့မှုတွေနဲ့ တပ်ရင်းတစ်ဖွဲ့တွေ ဖြစ်လာတဲ့အထိကို တုံ့ပြန်မှုရှိတယ် ဆိုတာမျိုးကိုတော့ ကျွန်တော်တို့ သမိုင်းမှာ ကျွန်တော်တို့ လူငယ်တွေက သမိုင်းအသစ်တစ်ခု ကိုပေါ့နော်။ ရေးထိုးပြနေတယ်လို့ပဲ မြင်တယ်။ အဲ့ဒီအတိုင်းပဲ ယုံကြည်တယ်။ အားလုံး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ မျက်နှာစာ အသီးသီးက လူငယ်တွေရော၊ အရပ်ဖက် အဖွဲ့အစည်းတွေရော၊ ဒီမျိုးဆက်အသီးသီးက ခေါင်းဆောင်တွေရော ကျွန်တော်အနေနဲ့ ဒီနေရာကနေပြီးတော့ အလေးအနက်ပြုရင်းနဲ့ ဂုဏ်ပြုပါတယ်လို့ ပြောကြားရင်းနဲ့ ကျွန်တော့်ရဲ့ ဒီဆွေးနွေးမှုကို နိဂုံးချုပ်ပါတယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ဆရာ။ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက်။