ဖေဖေါ် ၁၄
The Kaladan Post
ဥရောပသမဂ္ဂ (EU) မှ ထုတ်ပေးမည့် အရေးပေါ်ချေးငွေများကို အသုံးပြုပြီး ဆွီဒင်ထုတ် Gripen တိုက်လေယာဉ်များ ဝယ်ယူနိုင်ရေးအတွက် ယူကရိန်းအစိုးရက စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး မစ်ခိုင်လို ဖီဒိုရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဆွီဒင် ကာကွယ်ရေးဝန်ကြီး ပါလ် ဂျွန်ဆန်က Gripen တိုက်လေယာဉ်များ ရောင်းချပေးရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများရှိနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ လက်ရှိဆွေးနွေးမှု များမှာ အစပျိုးအဆင့်တွင်သာ ရှိနေသေးကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။
EU အဖွဲ့ဝင်နိုင်ငံများသည် ထိန်းချုပ်ထားသည့် ရုရှားပိုင်ဆိုင်မှုများထဲမှ ယူရို ၉၀ ဘီလီယံခန့်ကို ယူကရိန်းထံ ချေးငွေအဖြစ် ထုတ်ပေးနိုင်ရေး စီစဉ်ထားပြီး အဆိုပါရန်ပုံငွေ၏ အစိတ်အပိုင်းတစ်ရပ်ကို လေကြောင်းကာကွယ်ရေး စွမ်းရည်မြှင့်တင်ရေးအတွက် Gripen တိုက်လေယာဉ်များ ဝယ်ယူရာတွင် အသုံးပြုရန် ယူကရိန်းဘက်က စိတ်ပိုင်းဖြတ်ထား ကြောင်း သိရသည်။
EU ၏ ဥပဒေပြုအစုအဖွဲ့ဖြစ်သော ဥရောပ ကော်မရှင်သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အတွက် ယူကရိန်းအား အရေးပေါ်ချေးငွေ ယူရို ၉၀ ဘီလီယံ ထုတ်ပေးနိုင်ရေးကိစ္စကို ယခုသီတင်းပတ်အတွင်း ညှိနှိုင်းသဘောတူခဲ့သည်။
Gripen တိုက်လေယာဉ်များ ဝယ်ယူနိုင်မည့် အချိန်ဇယားကို တိတိကျကျ မသတ်မှတ်နိုင် သေးသော်လည်း ယူကရိန်းနှင့် ဆွီဒင်အကြား ယခင်နှစ် အောက်တိုဘာလတွင် Gripen အစီး ၁၅၀ အထိ ဝယ်ယူရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ လေ့လာသူများက ပထမဆုံးအသုတ်ကို ၂၀၂၆ ခုနှစ်အတွင်း လက်ခံရရှိနိုင်ခြေ ရှိကြောင်း ခန့်မှန်းထားသည်။
ဆွီဒင် ဝန်ကြီးချုပ် ယူလ်ဖ် ခရစ္စတာဆန်က ယူကရိန်းအတွက် တိုက်လေယာဉ်များ ရောင်းချပေးရေးသည် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်နိုင်သည့် ရေရှည်ပရောဂျက်တစ်ခု ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် Gripen တိုက်လေယာဉ်များကို ယူကရိန်း ပိုင်နက်အတွင်း ထုတ်လုပ်နိုင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ဆွေးနွေး သဘောတူထားကြောင်း သိရသည်။
Source: Militarnyi