မေးမြန်းသူ – Salai Dokhar (The Kaladan Post – အယ်ဒီတာချုပ်)
ဖြေကြားသူ – ဆလိုင်းယောမာန် (မင်းတပ်ပအဖ – မြို့နယ်အုပ်ချုပ်ရေးမှူး)
၁။ Salai Dokhar – ဆရာ့အနေနဲ့ တော်လှန်ရေးမတိုင်ခင် ဘယ်လို Background ရှိပြီးတော့ တော်လှန်ရေးစတင်ပြီးနောက်ပိုင်း ဘယ်လို ရည်ရွယ်ချက် နှင့် ဒီတော်လှန်ရေးကို ပါဝင်လာတဲ့ အကြောင်း အများပြည်သူပိုမိုသိရှိလာစေရန် မိတ်ဆက် ပေးပါအုံး
၂။ ဆလိုင်းယောမာန် – ကျွန်တော့်နာမည် ယောမာန်ဖြစ်ပါတယ်၊ ချင်းပြည်နယ် မင်းတပ်မြို့ဇာတိ
ဖြစ်ပါတယ်၊ ကျွန်တော့ Background ကတော့ Education နဲ့ပဲ Philippines မှာ Undergrade (၄)နှစ်ယူပြီး Master ကိုလည်း Education နဲ့ပဲ၊ curriculum နဲ့ Instruction ကို Specialize ယူပြီး MEd ယူတယ်၊ မြန်မာနိုင်ငံကို ပြန်လာပြီး NLD အစိုးရခေတ် UNESCO တွင် အလုပ်လုပ်ခဲ့ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးထဲတွင် ပညာရေးမှာတော့ UNESCOနှင့်အတူ ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းလာတော့ ဆန္ဒပြကြတယ်၊ ဆန္ဒပြရင်းနဲ့ ပစ်တာခတ်တာ သေတာကြေတာဖြစ်လာတော့ ဒီတော်လှန်ရေးက လက်နက်ကိုင်ရမယ် တော်လှန်ရေးက ဆန္ဒပြရုံ၊ CDM ဝင်ရုံနဲ့မပြီးဘူး၊ အဲ့ဒါကြောင့် UNESCO ကနေ အလုပ်ထွက် ပြီးတော့ တောင်ပေါ်ကိုပြန်လာပါတယ်၊ ၂၀၂၁ခုနှစ်၊ ဇန်နာဝါရီလကနေစပြီးတော့ ဆန္ဒပြ ကြတယ်၊ ၂၀၂၁ခုနှစ်၊ မတ်လမှာ မင်းတပ်ပြန်ရောက်လာတယ်၊ အဲ့ဒီမတ်လကနေ ဒီနေ့အထိ CDF-Mindat မှာသော်လည်းကောင်း၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) မှာသော်လည်းကောင်း တောက်လျှောက်ပါဝင်လာတာပေါ့၊ လက်ရှိ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ယူနေပါတယ်၊ ချင်းညီနောင် (Chin Brotherhood)မှာတော့ ပြောရေးဆိုခွင့်ရသူအဖြစ်နဲ့ တော်လှန်ရေးမှာ ဆက်လက် ပါဝင်နေပါတယ်၊
၃။ Salai Dokhar – အာဏာသိမ်းမှုမတိုင်ခင် နိုင်ငံရေးအဖွဲ့အစည်းများတွင် အဆက်အစပ်မရှိဘဲ Education Background ဖြစ်ပေမယ့် နိုင်ငံ့အရေးဆောင်ရွက်ဖို့လိုအပ်လာတဲ့အခါ ရှေ့တန်း တွင် လက်နက်ကိုင်ဖို့အထိ ရွေးချယ်လာခဲ့တယ်ဆိုတော့ (၃)နှစ်ကျော်ကျော်ပဲရှိသေးတဲ့ လက်နက်ကိုင်အင်အားစု ခရိုင်အဆင့်ရှိ မြို့ကြီးကိုလည်း သိမ်းပြနိုင်တဲ့အဆင့်အထိ တွေ့ရတော့ အင်မတန်ဂုဏ်ယူတယ်၊ ဆရာတို့လုပ်ဆောင်နိုင်စွမ်းအပေါ် ချင်းပြည်သူတွေ ကော တော်လှန်ရေးကို အားပေးတဲ့ တော်လှန်ပြည်သူတွေကော တော်တော်လေး ဂုဏ်ယူနေကြတာ ကျွန်တော်တို့သတိထားမိပါတယ်။ ဆရာ့အနေနဲ့ ယခုလက်ရှိ မြို့ပေါ် သိမ်းနိုင်ပြီးတော့ ဆရာကိုယ်တိုင်လည်း အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်နေသူ ဖြစ်တဲ့အတွက် ယခုလက်ရှိ တော်လှန်ရေးမှာပါဝင်လာတဲ့ခါ တော်လှန်ရေးယန္တရား ဘယ်လို မျှော်မှန်းထားပါသလဲ၊ အခုရောက်နေတဲ့ တော်လှန်ရေးအခင်းအကျင်းကော ဆရာမျှော်မှန်း ထားတဲ့တော်လှန်ရေးရလဒ်နဲ့ ဘယ်လိုအတိုင်းအတာထိရှိနေပြီလဲ ဆရာ့ကိုယ်တွေ့နဲ့ချိန်ဆပြီး ဆွေးနွေးပေးပါအုံး၊
၄။ ဆလိုင်းယောမာန် – one parcel One Package နဲ့ပြောမယ်ဆိုရင် Peace နဲ့ Prosperity ပါပဲ အဲ့ဒီ အတွက်ပဲ တိုက်ပွဲတွေတိုက်နေရတယ်၊ အလုပ်တွေလုပ်နေရတယ်ပေါ့နော်၊ လက်ရှိ ကျွန်တော်တို့ရဲ့ အခြေအနေအရ နည်းနည်းတော့ ပုံပေါ်လာနေပြီပေါ့လေ၊ ဒါပေမယ့် ကျွန်တော်တို့မှာ နေ့စဉ်နှင့်အမျှ ဗုံးကြဲခံနေရတယ်၊ ဗုံးကြဲခံနေရလို့ သူတို့ကတော့ ကြောက်သွားမယ်၊ အားငယ်သွားလိမ့်မယ်ဆိုတဲ့ အထင်မျိုးနဲ့ ဗုံးကြဲကြတယ်နဲ့တူပါတယ်၊ ဒီလိုမျိုးဗုံးကြဲခံနေရတဲ့အတွက်ကြောင့် ငါတို့အလုပ်မပြီးသေးဘူး၊ ဆက်လုပ်နေရမယ်၊ စစ်မိစ္ဆာတွေကို အမြစ်မဖြုတ်သရွေ့ ဘယ်တော့မှမလွတ်မြောက်ဘူးပေါ့နော်၊ ကိုယ့်မြေ ကိုယ့်ရဲ့ဘိုးဘွားပိုက်နက်မြေ၊ ချင်းပြည်မှာသာ မရှိတော့ရင်တောင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ ရှိနေလို့မရပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့လက်ရှိရထားတဲ့ အောင်မြင်မှု အတိုင်းအတာကနေ တနိုင်ငံလုံးအတိုင်းအတာထိ စစ်အာဏာရှင်ကို ဘယ်လိုအမြစ်ပြတ် အောင်လုပ်မလဲ၊ ပြည်သူတွေ လိုလားတောင့်တတဲ့ ငြိမ်းချမ်းမှု၊ တိုးတက်ကြီးပွားသာယာမှု၊ တရားမျှတမှုတို့ကို ဘယ်လိုဆောင်ကြဉ်းလာပေးမလဲဆိုတာတော့ ဖြစ်ပေါ်လာတဲ့နိုင်ငံရေး ရေချိန်တွေပေါ် မူတည်ပြီးမှ ရှေ့ဆက်သွားကြဖို့ပဲဖြစ်ပါမယ်ခဗျ။
၅။ Salai Dokhar – အခုလောလောဆယ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့တစုံလုံးကို ကြည့်မယ်ဆိုရင် ချင်းပြည်မှာဆိုရင် CBနဲ့CC ဆိုပြီးတော့ ဘက်ပုံစံမျိုးဖြစ်နေသော်လည်း နှစ်ဖက်စလုံးရဲ့ ထိန်းချုပ်မှုနယ်မြေကြည့်မယ်ဆိုရင်၊ ပြန်ပေါင်းလိုက်မယ်ဆိုရင် ချင်းပြည်နယ်ရဲ့ (၉၀) ရာခိုင်နှုန်းလောက်တောင် တင်စားလို့ရမယ့်အနေအထားဖြစ်နေတယ်၊ ဒီလိုအခြေအနေထိ ချင်းကတောင် အောင်မြင်လာတယ်၊ နောက်ပြီးတော့ မြန်မာနိုင်ငံတစုံလုံးမှာဆိုရင် ပြတ်ပြတ် သားသားနဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီးတော့ တိုက်ထုတ်နေတယ်လို့ အများက ယုံကြည်ထားတဲ့ ULA/AA တို့လည်း (၉၀)ရာခိုင်နှုန်းခန့်ရှိတယ်၊ ကချင်ဆိုရင်လည်း နယ်မြေ ထိန်းချုပ်မှုတွေ လုပ်လာနေတဲ့အနေအထားဖြစ်နေပါတယ်၊ ဆိုတော့ ဒီလိုအခြေအနေ ရောက်ရှိနေတဲ့အချိန်ကာလမှာ အခုအိမ်နီးချင်းနိုင်ငံတွေက ဖြစ်ဖြစ်၊ နိုင်ငံတကာကဖြစ်ဖြစ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ်မှာ တုံ့ပြန်လာမှုက ကျွန်တော်တို့ မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်၊ အခုငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာဆိုရင် ငလျင်အကြောင်းပြုပြီး၊ လူသားချင်းစာနာထောက်ထားမှုအကြောင်းပြုပြီး စကစနဲ့ပိုမိုနီးကပ်တဲ့ဆက်ဆံမှုမျိုး တည်ဆောက်လာမှု တချို့ရှိလာတယ်ဆိုတော့ ကျွန်တော်တို့ရဲ့အောင်မြင်မှုပိုင်းမှာဆိုရင် ဆရာတို့ကိုယ်တွေ့၊ တကယ်ဦးစီးဦးဆောင်လုပ်နေသူတွေဖြစ်တယ်ဆိုတော့ ဒီပေါ်မှာ နိုင်ငံတကာက မြင်နေတဲ့အမြင်က ကျွန်တော်တို့ရဲ့အောင်မြင်မှုနဲ့ သူတို့ရဲ့ အမြင်က တထပ်တည်းမကျသလို ဖြစ်နေပါတယ်၊ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့အမြင်နဲ့ မြန်မာနိုင်ငံရဲ့အခင်းအကျင်း တုံ့ပြန်မှုအပေါ်မှာ ဘယ်လို မြင်ပါသလဲ သုံးသပ်ပေးပါအုံး။
၆။ ဆလိုင်းယောမာန် – ကျွန်တော်တို့လက်ရှိ အောင်မြင်မှုတွေဆိုတာကို သူတို့မသိဘူးမဟုတ်ပါဘူး၊ သိပါတယ်၊ ဒါပေမယ့် ဒီအောင်မြင်မှုတွေသည် Sustainable ဖြစ်သလား၊ သူတို့တွေသည် ရေရှည်ကြည့်တဲ့သူတွေလေ၊ ဥပမာ လွတ်လပ်ရေးခေတ်ဦးကာလတုန်းကဆိုရင် KNU/KNDO အနေနဲ့ မြို့ပေါင်း ၄၅ မြို့နယ်လောက်သိမ်းနိုင်ခဲ့တာပဲ၊ ဘယ်လောက်ကြာကြာခံခဲ့သလဲ၊ ဘယ်လိုမျိုးပြန် run သလဲ၊ စစ်ကောင်စီမရှိတော့ဘူးပေါ့နော်၊ စစ်ကောင်စီကို တိုက်ထုတ် လိုက်တယ်၊ စစ်ကောင်စီတိုက်ထုတ်ပြီးသားနယ်မြေတွေမှာ ဘယ်လိုမျိုး Administration တေရှိလာသလဲ၊ ဘယ်လိုမျိုး Public Service တွေရှိလာသလဲ၊ ဘယ်လိုမျိုး Infrastructure တွေ ကျန်းမာရေး၊ ပညာရေး ဘယ်လိုမျိုးရှိလာသလဲ၊ Law Making တွေ ဘယ်လိုရှိလာသလဲ ဆိုတာတွေကို စောင့်ကြည့်ကြအုံးမယ်ထင်တယ်၊ International Landscape သော်လည်းကောင်း၊ Regional Landscape သော်လည်းကောင်း၊ political scenery တွေကို လိုအပ်သလို ယုံကြည်သလို ပြောင်းလဲလာမှာတော့မဟုတ်ဘူး၊ Reality နဲ့ဘယ်လို ဆက်ဆံ လာနိုင်သလဲ၊ ကျွန်တော်တို့အခြေအနေ ဘယ်လိုဆွဲခေါ်လာမလဲ၊ သူတို့ဘယ်လိုမြှင့်တင် လာနိုင်သလဲ၊ ဘယ်လိုချိတ်ဆက်လာနိုင်မလဲဆိုတာက ကျွန်တော်တို့ရဲ့ အောင်မြင်မှု ဘယ်လောက်ခိုင်မာသလဲ၊ ဘယ်လောက်ရေရှည်ဖြစ်မလဲ၊ ကျွန်တော်တို့ဘယ်လောက် တည်ဆောက်ချင်ကြသလဲ၊ ကျွန်တော်တို့ဘက်ကပဲ ကိုယ်လုပ်စရာရှိတာလုပ်ဖို့ပဲနော်၊ ကျွန်တော်တို့ ဘာ accountable မှမရှိဘဲ သူတို့က ကျွန်တော်တို့အပေါ် ဘာအကြွေးမှ တင်စရာမရှိဘူးလေ၊ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲလာဖို့၊ နိုင်ငံတကာ ချိတ်ဆက်လာတဲ့ နိုင်ငံတကာ ယုံကြည်လာတဲ့ နိုင်ငံတကာလက်တွဲအလုပ်လုပ်လို့ရတဲ့ အဖွဲ့အစည်းဖြစ်လာဖို့၊ ဖွဲ့စည်းကြဖို့ လိုမယ်လို့ထင်ပါတယ်။
ရ။ Salai Dokhar – အဲ့ဒီမှာ တကယ်စိတ်ဝင်စားစရာကောင်းပြီးတော့ တကယ်လက်တွေ့ဖြစ်တဲ့ ဟာလို့ ယူဆပါတယ်၊ အိမ်နီးချင်းနိုင်ငံတွေ နိုင်ငံတကာတော်တော်များများက သူတို့ interest နဲ့သွားကြတယ်၊ အနောက်နိုင်ငံတွေလောက်ကပဲ ဒီမိုကရေစီစံတန်ဖိုးတွေနဲ့ ပြောပြီးတော့ သူတို့ကူညီနိုင်သလောက်ပဲ တတ်နိုင်သလောက်ကူညီတယ်၊ အိမ်နီးချင်းနိုင်ငံတွေ ပြန်ကြည့် မယ်ဆိုရင် အိန္ဒိယကလွဲလို့ အိမ်နီးချင်းနိုင်ငံတော်တော်များများက အာဏာရှင်နိုင်ငံတွေ ဖြစ်တယ်၊ အခုချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကလည်း ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးစနစ်ကို သွားချင်တဲ့ အင်အားစုတွေက ပိုများတယ်၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ဖက်ဒရယ်ဒီမိုကရေစီက စံတန်ဖိုးတွေကို အခြေခံပြီးတော့ တော်လှန်ရေးကို လုပ်ကြတယ်၊ ဒီမိုကရေစီစံတန်ဖိုးတွေ၊ ဖက်ဒရယ်စံတန်ဖိုးတွေ အခြေခံတဲ့ နေရာမှာ အိန္ဒိယဆိုရင်တော့ သူတို့အိန္ဒိယနိုင်ငံရဲ့ စံတန်ဖိုးနဲ့ထပ်တူကျတယ်လို့ ယူဆချက် ရှိတယ်၊ နောက်တဖက်မှာ ကျွန်တော်တို့တော်လှန်ရေးလုပ်နေတဲ့ချိန် အထူးသဖြင့် တရုတ်ကို မဆန့်ကျင်သော်ငြားလည်း တရုတ်အရမ်းလွှမ်းမိုးတဲ့ဟာ မလိုချင်တဲ့ အင်အားစုတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ များလာတယ်ဆိုတော့ အဲ့ဒီနေရာမှာ အိန္ဒိယနဲ့ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာ တထပ်တည်းကျတယ်လို့ ဆိုလို့ရတယ်၊ နယ်မြေထိန်းချုပ်မှု တွေ ကျွန်တော်တို့လုပ်လာတဲ့ချိန်မှာ ရှမ်းမြောက်ဖက်မှာဆိုရင် တရုတ်က သူ့အကူအညီနဲ့ ပေါ့နော် လက်နက်ကိုင်အင်အားစုကို နယ်မြေထိန်းချုပ်နိုင်အောင် ကူညီပေးပြီးတော့ သူရဲ့ Interest ကို နည်းလမ်းပေါင်းစုံနဲ့ ကိုင်တွယ်တဲ့ဟာတွေက ကျွန်တော်တို့ မြန်မာနိုင်ငံ နယ်မြေအတွင်းမှာ မြင်နေတဲ့ဟာ ဖြစ်ပါတယ်၊ အဲ့ဒီလိုပဲ အိန္ဒိယဖက်ခြမ်းမှာလည်း ပေါ်လာတယ်လို့ ဆိုလို့ရတယ်ပေါ့နော်၊ ချင်းကလည်းနယ်မြေထိန်းချုပ်လာတယ်၊ ရခိုင်ကလည်းနယ်မြေထိန်းချုပ်မှုကြီးလာတယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဆိုရင်လည်း နယ်မြေထိန်းချုပ်မှုကြီးလာတယ်၊ ကချင်လည်းထိုနည်းတူပဲ၊ ဒီတိုင်းပြောမယ်ဆိုရင် စံတန်ဖိုးအရ တူတယ်လို့ပြောလို့ရတဲ့ဟာ ဖြစ်တယ်၊ ဆိုတော့ အခုလက်ရှိ အိန္ဒိယရဲ့ ရပ်တည်ချက်က ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင် စကစနဲ့လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ BIMSTEC ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံခဲ့တဲ့ဟာတွေ တွေ့နေရတယ်ဆိုတော့ လက်ရှိ အိန္ဒီယရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ အားရကျေနပ်မှုရှိရဲ့လား၊ သူ့ Interest အနေနဲ့ သူလုပ်တယ်ဆိုပေမယ့် သူ့ Interest အနေနဲ့ စကစနဲ့ပို ကိုက်ညီသလား၊ ကျွန်တော်တို့နဲ့ ပိုကိုက်ညီသလား ဒီအပေါ်မှာ သုံးသပ်ပေးလို့ရမလား၊
၈။ ဆလိုင်းယောမာန် – အိန္ဒိယအနေနဲ့ပြောမယ်ဆိုရင် ပြည်နယ်အစိုးရနဲ့ဗဟိုအစိုးရပေါ့နော်၊ ပြည်နယ် အစိုးရကတော့ Politically အရမဟုတ်ရင်တောင်မှ culturally အရပေါ့နော် ကျွန်တော်တို့ကို အများကြီးကူညီတာရှိတယ်လေ၊ စစ်ဘေးရှောင်တွေအများကြီးလက်ခံပေးတယ်၊ ကျန်းမာရေး ဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ လူသားချင်းစာနာကူညီမှုဆိုင်ရာ အဲ့ဒါမျိုးသူအများကြီး လက်ခံပေး ထားတယ်၊ ကူညီပံ့ပိုးပေးထားတဲ့အပိုင်းတွေရှိတယ်၊ ၂၀၂၅ ဝန်းကျင်လောက်ဆိုရင်တော့ နဲနဲပါးပါး စူးစမ်းမေးမြန်းတာလေးတွေရှိတယ်၊ မနီပူက အမတ်တွေ၊ မီဇိုရမ်ကအမတ်တွေ ကဘော်ချိုင့်ဝှမ်းနဲ့ပတ်သက်လို့ ပြောတာဆိုတာတွေရှိပါတယ်၊ ဘင်္ဂလားဒေ့ရှ်ကော အိန္ဒိယကော သူတို့ရဲ့ ပါဝင်ပတ်သက်မှုတွေက အဲ့လောက်ကြီး မမြန်ဆန်ဘူး၊ မရဲတင်းဘူး၊ မပွင့်လင်းဘူးပေါ့နော်၊ နဲနဲစောင့်ကြည့် ချင်နေသေးတဲ့သဘောလို့ ကျွန်တော်တို့မြင်တယ်၊ နိုင်ငံတကာရဲ့အကူအညီမရှိဘဲနဲ့ ဒီလောက်ထိရောက်လာတယ်၊ မင်းတပ်တို့ ကန်ပက်လက် တို့ကို ကြည့်ပါ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ဆီကနေ ရတာ တစ်ပြားမျှ မရှိပါဘူး ၊ ပြည်တွင်း အဖွဲ့အစည်းဖြစ်တဲ့ NUG တောင်မှ ထောက်ပံ့ကူညီတာ ဘာမျှမရှိခဲ့ဘူး၊ ကိုယ့်ဒူးကိုယ်ချွန်နဲ့ ဒီထိရောက်လာတယ်၊ ဒီကြားထဲမှာ နိုင်ငံကြီးတွေကြားထဲမှာ ကြားညှပ်မသွားဖို့ပေါ့နော်၊ သတိကြီးကြီးနဲ့ဆက်သွားဖို့၊ အဲ့လိုမျိုးဟာတွေကို လက်တွေ့ကျကျ ချဉ်းကပ်ပြီးမှ ကျွန်တော်တို့က တရုတ်မလို့ အိန္ဒိယမလို့ ဒီမိုကရေစီနိုင်ငံမလို့ ပြေးဖက်ဖို့မလိုဘူး၊ အိန္ဒိယရဲ့ ချဉ်းကပ်မှုမှာ အားရတယ် မရဘူးဆိုတာကထက် ကျွန်တော်တို့ အနေနဲ့ Self-sufficient ဖြစ်ဖို့ ကြိုးစားချင်တယ်၊ အိန္ဒိယကို လောလောဆယ် အားမရဘူးလို့ ပြောလို့ရတာပေါ့၊ တဖက်က ဘယ်လိုချိန် ဘယ်လိုမျိုးမှာ အားရလာမလဲဆိုတာ ပြောရခက်ပြန်တယ်၊ ကျွန်တော်တို့အနေနဲ့ ရိုးရိုးရှင်းရှင်းတွေးမယ်ဆိုရင် အိန္ဒိယနိုင်ငံအနေနဲ့ လေယာဉ်ပစ်လက်နက်တွေ လာပုံပေးလိုက်၊ လက်နက်ခဲယမ်းတွေအကုန်ပေးဆိုရင်တော့ စစ်ကောင်စီက လေယာဉ်သာ မသုံးနိုင်တော့ဘူး ဆိုရင်တော့ (၄၊၅၊၆)လအတွင်း လုံးဝကျသွားမှာပဲ၊ ကျွန်တော်တို့ရဲ့ နိုင်ငံရေး အဖွဲ့အစည်း တွေက အစပေါ့နော် တကယ့်တော်လှန်ရေးရဲ့အနှစ်သာရတွေအပေါ်မှာ ဘယ်လောက် သစ္စာစောင့်သိကြမလဲ၊ ဘယ်လောက်မှန်ကန် စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သလဲ၊ ကျွန်တော်တို့ ပန်းတိုင် ဘယ်လောက် Serious ဖြစ်သလဲ၊ ကျွန်တော်တို့ ဘယ်လောက် committed ဖြစ်သလဲ သူတို့တဖက်က ပြန်စောင့်ကြည့်ကြအုံးမယ်ထင်ပါတယ်၊ အဲ့တွက် ကြောင့် မပြောချင်ဘူးပေါ့နော်၊ တဖက်ကလည်း သူတို့အနေနဲ့ တွေဝေနေတာကိုလည်း နားလည်တဲ့သဘောမျိုးပါ၊ အထူးသဖြင့် အိန္ဒိယလိုမျိုးပေါ့နော်။
၉။ Salai Dokhar – ကျွန်တော်တို့သုံးသပ်သူတွေရဲ့ အမြင်တော်တော်များများမှာလည်း မြန်မာနိုင်ငံ တော်လှန်ရေးက နောက်ဆုံးပိတ်ရလာဒ်ထွက်တဲ့အပေါ် အိန္ဒိယနှင့်တရုတ်က ကျေကျေနပ်နပ် ရှိနိုင်ဖို့လိုတယ်၊ လောလောဆယ်အခြေအနေအရ အိန္ဒိယရဲ့အခြေအနေက တော်တော်လေး နှေးနေတဲ့အခြေအနေဖြစ်နေတော့ ဒီအပေါ်မှာ ကူညီခြင်း၊ မကူညီခြင်းဆိုတဲ့နေရာမှာလည်း တရုတ်ရဲ့ Interest ကိုလည်းမထိခိုက်ဘဲနဲ့ အိန္ဒိယက ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံလည်းဖြစ်တယ်၊ နယ်စပ်ဒေသထိစပ်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် အိန္ဒိယက သူလိုချင်တဲ့ ကဏ္ဍတချို့တော့ရှိမှာပဲ၊ သူလိုချင်တဲ့နိုင်ငံရေးရလာဒ်တချို့ရှိနေမှာပဲ၊ အိန္ဒိယအနေနဲ့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအပေါ်မှာ လက်တွဲချိတ်ဆက်လုပ်ကိုင်လို့ရတဲ့ ဟာမျိုးက ဘယ်လောက်ထိရှိမလဲ။ ကောင်းကင်က လေယာဉ်ကိုထိန်းနိုင်ဖို့အတွက် ပစ္စည်းကို ရောင်းပေးရုံနဲ့တင် တော်တော်လေး အလုပ်ပြီးမယ့်အနေအထားမျိုးဖြစ်တယ်၊ ဆိုတော့ တရုတ်Interest ကိုလည်းမထိ မြန်မာနိုင်ငံမှာ တရုတ်လိုချင်တဲ့အရာကော ၊ မြန်မာ ပြည်သူတွေလိုချင်တဲ့ဟာကော၊ အိန္ဒိယလိုချင်တဲ့ဟာရော အကုန်လုံးရလဒ်မှန်မှန်ကန်ကန် ထွက်နိုင်ဖို့အတွက် အိန္ဒိယအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းတယ်ဆိုရင် ဘာအကျိုးရလဒ်ရနိုင်ချေရှိသလဲဆိုတာကိုလည်း သုံးသပ်ပေးပါအုံး။
၁၀။ ဆလိုင်းယောမာန် – ကျွန်တော်တို့ တကယ့်တကယ်ရေရှည်တည်တံ့ခိုင်မြဲတဲ့ နှစ်ဖက်လုံးကို ဘယ်တော့မှ အလျော့မပေးရမယ့် Principle တချို့ ၊ နှစ်ဖက်လုံးနဲ့ အလျှော့အတင်း လုပ်လို့ရမယ့် Principle တချို့ကို ရှင်းရှင်းလင်းလင်းနားလည်ထားဖို့လိုမှာပေါ့နော်၊ ဒါပေမယ့် တဖက်မှာက ကျွန်တော်တို့အနေနဲ့ ဒီနယ်မြေကို ကောင်းကောင်းထိန်းသိမ်းနိုင်ချေမရှိဘူး၊ မရသေးဘူးဆိုရင်တော့ ဒီလိုမျိုးဟာတွေထွက်လာမှာမဟုတ်ဘူး၊ အရှင်းဆုံးပြောရရင် ကျွန်တော်တို့ territories နဲ့ People ပဲ၊ ပြည်သူတွေနဲ့ နယ်ပယ်တေကိုသာ ကောင်းကောင်း နယ်မြေစိုးမိုးမှုရတယ်၊ ပြည်သူတွေနဲ့စည်းလုံးမှု ထောက်ခံမှုရတယ်ဆိုတဲ့အပိုင်းမှာ တကယ့် ရေရှည် consistency ဖြစ်လာတယ်၊ long-term ဖြစ်လာတယ်ဆိုရင်တော့ ဥပမာ – အိန္ဒိယအခုနောက်ပိုင်း နည်းနည်းစကားပြောလာတယ်၊ နည်းနည်းချိတ်ဆက်လာတယ်၊ ဘာကြောင့်လဲဆိုတော့ control area တွေရှိလာလို့ပဲ၊ ကျယ်ပြန့်လာလို့ပဲ၊ အဲ့ဒီတွက်ကြောင့်ပဲ အရင်ကထက် ပိုစိတ်ဝင်စားလာတာ၊ တရုတ်ဖြစ်ဖြစ်၊ အိန္ဒိယဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ပြည်တွင်းမှာပဲ တကယ့် Solid ဖြစ်လာတယ်၊ consolidated ဖြစ်လာတယ်၊ မြေပြင်မှာ ဖရိုဖရဲကနေ စနစ်ကျတဲ့အဖွဲ့ကို တဖြေးဖြေးပြန်သွားမှာပဲ၊ order ကိုပြန်သွားတဲ့ခါ စစ်ကောင်စီက အားလုံးထိန်းသိမ်းထားရင် စစ်ကောင်စီက order ကို လုပ်သွားမှာပဲ၊ တော်လှန်ရေးအင်အားစုက နိုင်သွားရင်လည်း တဖြေးဖြေးကျရင် order ဖက်ကို ပြန်သွားမှာပဲ၊ ဗိုလ်တစ်ထောင်နိုင်ငံလိုဖြစ်လို့မရဘူး၊ အဲ့ဒီလို ပြန်သွားပြီးတဲ့နောက်ပိုင်းမှာ အိန္ဒိယကိုလည်း ဒီမိုကရေစီအင်အားစုဆိုပြီးမှ တအားကြီး ဝမ်းပန်းတသာ အားကိုးစရာမဟုတ်ဘူး၊ တရုတ် သည်လည်း ကွန်မြူနစ် အာဏာရှင်ဆိုပြီး အနောက်နိုင်ငံရဲ့ ပုံဖော်မှုအတိုင်း ကျွန်တော်တို့ အမြင်ကပ်ဖို့မဟုတ်ဘူး၊ တဖွဲ့လုံးနှင့်ကောင်းကောင်းမွန်မွန်ချိတ်ဆက်ပြီးတော့ အလုပ်ဖြစ်နိုင် တာ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ “နွားရှေ့ထွန်ကျိုးမဖြစ်ဖို့” ပြောချင်တာက နိုင်ငံခြားကနေပဲ အစိုးရလှမ်းလုပ်နေတာမျိုး၊ နိုင်ငံခြားကနေပဲ Zoom Meeting နဲ့ နိုင်ငံကို စီမံခန့်ခွဲနေတာမျိုးတော့မရဘူး၊ ဒေသန္တရထိန်းချုပ်နယ်မြေ၊ စိုးမိုးမှုနဲ့ တကယ် institution တွေ တည်ဆောက်ပြီးမှ ပြည်သူ့ဝန်ဆောင်မှုတွေပေးရင်း တဖြေးဖြေး On ground မှာပဲ consolidated ဖြစ်တဲ့အဖွဲ့အစည်းတွေ နဲ့ သဘောထား ကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ တရုတ်၊ အန္ဒိယ၊ မြန်မာ အကုန်လုံး Win-Win ဖြစ်နိုင်တဲ့ အခြေအနေ မျိုးတွေ အများကြီးရှိတယ်လို့ ကျွန်တော်မြင်ပါတယ်၊ ခုချိန်မှာ ကျွန်တော်တို့အဲ့လိုရှိပါတယ်လို့ ကတိပေးလည်း ယုံချင်မှ ယုံမှာကိုး၊ ကိုယ့်မြို့နယ်ကို ကိုယ်ပြန်မထိန်းနိုင်၊ ပြန်မရနိုင်သေးဘဲနဲ့ လို့ပဲ မြင်မှာပဲ၊ NUG ကို အဲ့လိုမြင်တာနဲ့လည်းတူပါတယ်။ ကိုယ့်ကိုယ်ကို သက်သေပြရမယ့် အပိုင်းကို ဦးစားပေးပြီးတော့ တကယ့်ထိုက်တန်ပြီ တကယ်သက်သေပြပြီးပြီ၊ သက်သေ ထူပြီးပြီဆိုရင်တော့ အားလုံးအပြန်အလှန်အကျိုးရှိတဲ့ဖက်ကို ကျွန်တော်တို့ သွားကိုသွားရ မယ်၊ သွားကို သွားနိုင်ရမယ်ပေါ့နော်၊ အဲ့လိုမျိုး ကျွန်တော်မြင်ပါတယ်။
၁၁။ Salai Dokhar – ကျွန်တော်တို့ စကစနဲ့ တော်လှန်ရေးအင်အားစုတွေ စားပွဲပေါ်မှာ ညှိနှိုင်းတဲ့ အဆင့်ဖြစ်ရင် သေချာတာက တရုတ်ရဲ့ကိုယ်ကျိုးစီးပွားအခြေခံတဲ့ နိုင်ငံရေးရလဒ် ထွက်နိုင်ချေ အင်မတန်များတယ်၊ စကစ ကလည်း ရပ်တည်ပေးမယ်၊ နောက်ပြီးတော့ အင်အားကောင်းတဲ့ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တရုတ်ရဲ့ စိတ်ဝင်စားမှုကို တနည်းတဖုံ ထောက်ခံကြမှာပဲဆိုတဲ့ဟာမျိုးပေါ့နော၊ သို့သော် ဒီတော်လှန်ရေးအင်အားစုဖက်ကဆိုရင် စကစနဲ့ EAOs တချို့ ပေါင်းပြီးတော့ တရုတ် Interest ကိုရပ်တည်ပေးမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတောင် အနှစ်သာရ ပြည့်ပြည့်ဝဝရနိုင်ခြေအလားအလာ တအားနည်းတယ်ဆိုတဲ့ နယ်ပယ်တစ်ခုရှိမှာပေါ့နော်၊ အိန္ဒိယက မြန်မာနိုင်ငံမှာဖြစ်စေချင်တဲ့ နိုင်ငံရေးစနစ် အထူးသဖြင့် အိန္ဒိယအနေနဲ့ ဒီမိုကရေစီ ပါတ်တနာနိုင်ငံ လိုချင်မှာပဲ၊ ဖြစ်ချင်တဲ့ဟာ အပြည့်အဝရမှာမဟုတ်ဘူး၊ ဒုတိယတခုက စကစမရှိတဲ့ နိုင်ငံရေးအခင်းအကျင်း ကျွန်တော်တို့ထိုင်ကြတဲ့အခါ တရုတ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အင်အားကြီးတဲ့သူတေရှိတယ်၊ သို့သော် အိန္ဒိယက လက်တွေ့ ကျကျသူ Train ထားတဲ့ အင်အားစုလည်း မရှိသလို၊ သူ People to People အချင်းချင်း ပေးတာမျိုး၊ အိန္ဒိယက မူအပေါ်အခြေခံပြီးတော့ ရေရှည်လက်တွဲဖို့အတွက် ဆွဲခေါ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းမရှိ၊ တော်လှန်ရေးအဖွဲ့အသစ်လည်းမရှိဘူး၊ အခု NUG တို့နဲ့တောင်မှ ဆက်ဆံရေးက မရှိသလောက်ဖြစ်နေတဲ့အနေအထားဖြစ်တယ်၊ တော်လှန်ရေးအင်အားစုတေ သီးသန့်ဆွေးနွေးရမယ့်နိုင်ငံရေးအခင်းအကျင်းလာတဲ့ခါ အိန္ဒိယက သူ့အနေနဲ့ မြန်မာနိုင်ငံရေးအပေါ်မှာ ဒီလိုဖြစ်သင့်တယ်ဆိုတဲ့ဟာမျိုး အကြံပြုခွင့် ရဖို့တောင် ရနိုင်ချေ အလားအလာအရမ်းနည်းနေတယ်၊ အိန္ဒိယအနေနဲ့ အခုချိန်မှာ အနည်းဆုံး ချင်း၊ စစ်ကိုင်းတို့ လူသားချင်းစာနာထောက်ထားမှုဖွင့်ပေးတဲ့ဟာမျိုး မဖြစ်သင့် ဘူးလား၊ အိန္ဒိယကို ပွင့်ပွင့်လင်းလင်းနဲ့ အချက်တချို့ကို အကြံပြုနိုင်မယ်ဆိုရင် အန္ဒိယ အနေနဲ့အခုချိန်မှာ ဘယ်လိုမျိုး ခြေလှမ်းလှမ်းသင့်ပြီလို့ထင်ပါသလဲ၊
၁၂။ ဆလိုင်းယောမာန် – တရုတ်လည်းပါလာမယ် စကစနဲ့ဝိုင်းညှိကြမယ်ဆိုတာ ဒါလည်း ဖြစ်လည်း ဖြစ်လာနိုင်တာပဲ၊ စကစလုံးဝမရှိတော့ဘူး တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဝိုင်းစုပြီးထိုင်ကြမယ်၊ မြန်မာနိုင်ငံရဲ့ အနာဂတ် ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ခု ပေါ့နော် ဖက်ဒရယ်အသစ်ဖြစ်တော့မယ်ဆိုရင် အဲ့လိုမျိုး တာဆူပြီ ဆိုရင်တော့ အိန္ဒိယတော့ ကျွန်တော်တို့က ဘာမှတော့ အကြံပေးစရာမလိုပါဘူး အဲ့ဒီလို မျိုးသာ သူတွေ့ရပြီဆိုရင်လေ ငါနောက်ကျတော့မှာပဲဆိုပြီးတော့ မြန်မြန်လာကူ မယ်ထင် တယ်။
၁၃။ Salai Dokhar – ဆရာဆွေးနွေးထဲ တော်လှန်ရေးအင်အားစုတွေထဲ စနစ်တကျချိတ်ဆက်မှု အားနည်းနေသေးတဲ့အချက်တွေလည်း အတွင်းမှာ ရှိနေတယ်၊ အဲ့ဒီအပေါ်မှာ နိုင်ငံတကာက သိပ်ယုံကြည်မှုမရှိနိုင်သေးတဲ့အနေအထား ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်တယ်၊ ဒါပေမယ့် ဆရာကအတွင်းလူဖြစ်တဲ့ခါကျတော့ အဲ့ဒီအပေါ်မှာ ကိုယ့်ဟာကို ကြည့်ရသလောက် Confidence ဘယ်လောက်ရှိသလဲ၊ နိုင်ငံတကာအနေနဲ့အဝေးကနေ စကစ ပြိုလဲသွားတဲ့ခါ မြန်မာနိုင်ငံတော်လှန်ရေး အင်အားစုတွေ အချိတ်အဆက်မမိဘဲနဲ့ တိုင်းပြည်ဖရိုဖရဲ ဖြစ်နိုင်ချေ ရှိတယ်ဆိုတဲ့ဟာမျိုး သုံးသပ်မှုတွေလည်းရှိနေတယ်၊ အဲ့ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်ချင် ပါသလဲ။ ဆရာလည်း သုံးသပ်တဲ့ထဲပါတဲ့ခါကျတော့ အဲ့ဒီအပေါ်မှာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွက် ယုံကြည်မှုဘယ်လောက်ရှိသလဲ။
၁၄။ ဆလိုင်းယောမာန် – ကိုယ့်ဒေသနဲ့ကိုယ်တော့ ယုံကြည်မှုအပြည့်အဝရှိပါတယ်၊ မင်းတပ်မြို့ပေါ် ကလွဲလို့ ကျေးရွာပေါင်း ၁၉၅ ရွာကို ဒီလေးနှစ်အတွင်းမှာ တောက်လျှောက်ကိုင်တွယ် တာလာပဲ၊ ချိတ်ဆက်မှု၊ သွားလာမှု အားနည်းတဲ့အပိုင်းတွေရှိတယ်၊ ဒါပေမယ့် ဒီလေးနှစ် အတွင်းမှာ ကျွန်တော်တို့ဒေသအတွင်းမှာ တရားဥပဒေစိုးမိုးမှုရှိအောင် အုပ်ချုပ်မှုလေဟာနယ် တွေမဖြစ်အောင် ပြည်သူတွေက လာရောက်တိုင်တန်းအားကိုးရတဲ့ အတိုင်းအတာတစ်ခုထိ ဖြစ်အောင်တော့ ကျွန်တော်တို့ သွားလာလုပ်ကိုင်နေကြတာပဲ၊ အခု စကစသာ တောက်လျှောက်ဗုံးမကြဲနေဘူးဆိုရင် ပြန်လည်သွားလာ၊ စည်ပင်၊ လည်ပတ်၊ အလုပ်တွေ ရှေ့မှာ တလပုံကြီးရှိတယ်၊ ကျွန်တော်တို့လုပ်မှာပဲ၊ ကျွန်တာ်တို့မှာ အားနည်းချက်တွေ အများကြီးရှိတယ်၊ အားသာချက်တွေလည်းအများကြီးရှိတယ်၊ အဲ့ဒါတွေအားလုံးကို မှန်မှန် ကန်ကန် ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးမှ အဲ့ဒါတွေကို ကျွန်တော်တို့က ကျော်လွှားနိုင်ဖို့ ဖြေရှင်းနိုင်ဖို့ ငွေကြေးအကူအညီ၊ နည်းပညာအကူအညီ၊ အရင်းအမြစ်အကူအညီ လိုအပ်ပါတယ်၊ ကျတော်တို့အားနည်းချက်တွေဆိုတာ ကျော်လွှားဖို့ ဖြေရှင်းဖို့ ပိုကောင်းတာ လုပ်ဖို့ပဲဖြစ်တယ်၊ ကျွန်တော်တို့နယ်မှာ အတိုက်အခံတွေဖြစ်ခဲ့တာ အကုန်လုံးကို ဖြေရှင်းခဲ့ ရတယ်၊ ပြောချင်တာက လက်နက်အားကိုးဖြေရှင်းချင်တယ်၊ အဖွဲ့အစည်းပုံရိပ်ကို ကိုယ်ကျိုး အတွက် အသုံးချချင်တယ်၊ ထင်ရာစိုင်းချင်တယ်ဆိုတာမျိုးတွေကို ကျွန်တော်တို့က ပုဂ္ဂိုလ်ရေး အရ ဖြေရှင်းဆွေးနွေးညှိနှိုင်းလုပ်လို့မရတော့တဲ့အဆုံး ကျွန်တော်တို့ စည်းကမ်းအရ အရေးယူ ရမယ်၊ တင်းမာမှုတွေအကုန်လုံးကျော်ဖြတ်ခဲ့ရတယ်လေ၊ အောက်ပြည်အောက်ရွာတွေမှာ အဲ့လိုမျိုးမကျော်ဖြတ်ရသေးဘူး၊ ပြဿနာရှိတာတော့ အားလုံးကသိလာပြီ၊ အကြောင်း အမျိုးမျိုးကြောင့် ပါးစပ်က ပြောရုံပဲပြောတယ်၊ ပြောရုံနဲ့တော့ ပြဿနာက ပြေလည်သွားမှာ တော့မဟုတ်ဘူး။ လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းဖို့ကျတော့ သူလုပ်ရမလိုလို ငါလုပ်ရ မလိုလိုဖြစ်နေကြတယ်ပေါ့နော်၊ အဲ့လိုမျိုးအချက်တေကို ကြည့်ခြင်းအားဖြင့်တော့ နိုင်ငံတကာကတော့ ယုံကြည်မှာမဟုတ်ဘူး၊ ဒီနိုင်ငံရေးမှာ ဖြတ်လမ်းမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်၊ ရေတိုနည်းလမ်းနဲ့ကြီးပွားစရာ ဖြတ်လမ်းမရှိဘူး၊ အောက်ခြေကနေ တဖြည်းဖြည်း တဆင့်တဆင့် တည်ဆောက်လာမယ့် မဟာမိတ်တွေနဲ့တကွ ယုံယုံကြည်ကြည် တိုင်တိုင်ပင်ပင် လုပ်လာမယ့်ဟာကိုပဲ ကျွန်တော်တို့ ယုံကြည်တယ်၊
၁၅။ Salai Dokhar – ဆရာ့သုံးသပ်ချက်ထဲမှာ နိုင်ငံတကာရဲ့အမြင်ကလည်း ကျွန်တော်တို့အပေါ်မှာ သိပ်ပြီးတော့ အမြင်မကြည်သေးဘူးဆိုတာ မမှားဘူး၊ ကျွန်တော်တို့မှာလည်း ပြင်ဆင်စရာ တွေအများကြီး ရှိနေသေးတယ်ဆိုတဲ့ ရှုထောင့်ကလည်းပါတယ်ဆိုတော့ မြေပြင်မှာလည်း ဦးဆောင်သူဖြစ်တဲ့အတွက် တော်တော်လေးမှတ်ယူစရာ ဖြစ်ပါတယ်၊ ပြီးတော့ တစ်ဖက်က တော်လှန်ရေးက ဘယ်အတိုင်းအတာထိ သွားမလဲဆိုတဲ့ဟာက ပြောလို့မရသေးပေမယ့် အခွင့်လမ်းကောင်းတွေရှိနေပြီဆိုတာ ဆွေးနွေးသွားတော့ တဖက်မှာ ခွန်အားရစရာရှိပါတယ်၊ ဆရာ့အနေနဲ့ နောက်ဆုံးပိတ်အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေ အခုချိန်မှာ တော်တော် လေးလည်း မောလာကြပြီ၊ တချို့ကျတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ နည်းနည်းမပြေမလည်ဖြစ်တဲ့ဟာတွေအပေါ်မှာ စိုးရိမ်စိတ် တအားကြီး လွန်းပြီးတော့ စကစလည်းမထောက်ခံ ငြိမ်သွားပြီးတော့ ပုန်းသွားတဲ့သူတွေပုံစံမျိုး အခင်းအကျင်းတွေကို မြင်နေရတယ်၊ ဒီဟာတွေအားလုံး စိုးရိမ်စိတ်မရှိဖို့ ဆရာ့အနေနဲ့ ဘယ်လိုခွန်အားပေးချင်ပါသလဲ၊ နိုင်ငံတကာကလည်း ကျွန်တော်တို့ကို လစ်လျှူရှုထားတဲ့ ပုံစံဖြစ်တဲ့အတွက် စကစက ငလျင်ဖြစ်ပွားပြီးတဲ့နောက် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့လာတဲ့ချိန် စကစ က ပိုရက်စက်လာတယ်၊ စကစ ကို နိုင်ငံတကာ အသိအမှတ်ပြု လာပြီဆိုတဲ့ ယူဆချက်တွေကလည်း ရှိလာတဲ့အတွက် ဒီအပေါ်မှာ ပြည်သူတွေရဲ့စိတ်က အမျိုးမျိုးဖြစ်ကုန်တယ်၊ တော်လှန်ရေးဦးဆောင်သူတွေထဲမှာတောင်မှ တချို့သုံးသပ်ချက်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်လာတဲ့ခါ အားလျော့သွားတဲ့ဟာ တချို့ရှိနေတာကိုလည်း မြင်နေရတယ်၊ အဲ့ဒီအရာတွေကို ခြုံငုံပြီး အခွင့်အလမ်းအနေနဲ့ ဘယ်လိုအသုံးပြန်ချသင့်လဲ။ ပြည်သူတွေကို ဘယ်လိုအားပေးချင်ပါသလဲ။
၁၆။ ဆလိုင်းယောမာန် – နိုင်ငံတနိုင်ငံနီးပါးစစ်တပ်ကြီးကို Run ရတဲ့ စကစ အတွက် နိုင်ငံတကာ အကူအညီ ဒေါ်လာ သန်း ၁၀၀ ကျော်ဆိုတာက ဘယ်လောက်မှ အရာထင်မှာမဟုတ်ဘူး၊ ငလျင်ဘေးဒဏ်ကြားက ဗုံးဒဏ်ကြဲနေတယ်၊ ဘယ်လိုဘယ်လို လုပ်နေတယ်ဆိုတာကို နိုင်ငံတကာက ပိုသိသွားတယ်၊ ပိုမြင် သွားတယ်ဆိုတော့ တချို့နိုင်ငံတွေဆိုရင် မြန်မာနိုင်ငံကို ကူညီပေးမယ် ဒါပေမယ့် စကစလက်ထဲကို လုံးဝမရောက်အောင် စကစလက်ထဲကနေတဆင့် မဟုတ်ဘဲနဲ့ ပြည်သူတွေလက်ထဲကိုရောက်အောင် ကျွန်တော်တို့ ကူညီပေးမယ်ဆိုပြီး ပေါ်တင်ပြောလာတဲ့နိုင်ငံတွေရှိလာတယ်လေ၊ အဲ့ဒါမျိုးတွေက ကမ္ဘာ့မီဒီယာရှေ့မှာရောက် လာတယ်၊ စကစ ရက်စက်ပုံကိုလည်း နိုင်ငံတကာ မျက်ဝါးထင်ထင် တွေ့လာကြတယ်၊ တချို့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်းမြင်လာကြတယ်၊ သူတို့ရဲ့အမြင်မှာက ကျွန်တော်တို့ကို ဗုံးကြဲလို့၊ ကျွန်တော်တို့က ကြောက်သွားမယ်၊ ဆက်မတော်လှန်တော့ဘူးလို့ပဲ ထင်နေကြတာ လားမသိဘူး၊ ကျွန်တော်တို့က ပြည်သူတွေတအားပင်ပန်းနေပြီ စစ်ကောင်စီနဲ့လက်ဝါးချင်း ရိုက်ပြီးမှ လက်ဆွဲနှုတ်ဆက်ပူးပေါင်းရမလိုလို လုပ်လို့မရဘူးလေ၊ ပြည်သူတွေက ပင်ပန်းနေပါပြီ စစ်ကောင်စီကတော့ မကြည့်ရက်တော့ပါဘူး ဆိုပြီးမှ ဗုံးတေထပ်မကြဲ တော့မှာမျိုး၊ လက်နက်ကြီးတေ မပစ်တော့မှာမျိုး၊ ရွာတွေကို မီးမရှို့တော့မှာမျိုး မလုပ် တော့မှာမျိုး မဟုတ်ဘဲကိုး၊ ကျွန်တော်တို့မှာက ပင်ပန်းနေပြီ အင်အားလျော့နေပါပြီ မောဟိုက် နေပါပြီဆိုပြီးမှ အနားယူဖို့ ခဏထွက်သွားဖို့ ရှောင်ဖယ်ဖို့ ဥပေက္ခာပြုလိုက်လို့တော့မရဘူး ဆက်ပြီးတော့ သွားရမှာပဲ၊ ဆက်ပြီးရုန်းကန်မှာပဲ၊ ဘယ်လောက်မှောင်မိုက်လဲဆိုတာက နောက်နောင် ဘယ်လောက်လင်းဖို့အတွက် လောင်စာတွေပဲဖြစ်မှာပါ၊ ဥရောပတို့ကို လည်းကြည့်ပါ၊ ဂျပန်တို့ ကိုးရီးယားတို့ကိုပဲ ကြည့်ပါ၊ ဒီလိုမျိုးငရဲတွေကို ကျော်ဖြတ်ခဲ့ပြီးမှပဲ ကောင်းကင်ကို ရောက်တဲ့အပိုင်းပေါ့လေ၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ ဖြတ်သန်း ခဲ့တဲ့ဟာတွေ သမိုင်းကိုကြည့်မယ်ဆိုရင် စစ်ကောင်စီကို ဖြုတ်ချဖို့ ဒီလောက်အခွင့်အရေး ဘယ်တုန်းကမှ မနီးစပ်ဖူးဘူး၊ ကျွန်တော်တို့ ဒီလောက်နယ်မြေတွေ ထိန်းချုပ်လာြပီ၊ ဒီလောက်ခြိမ်းခြောက်နိုင်ပြီ စကစ ဒီလောက်ယိုင်နဲ့လာအောင် ဒီလောက်အောင်မြင်မှု ရပြီးမှတော့ ဒီအခွင့်အရေး လက်ထဲကနေ လွတ်ကျသွားလို့၊ လက်ကြားထဲကနေ ရေလို လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူး၊ စစ်ကောင်စီက လှေခါးထစ် လေးငါးထစ် ဘယ်တော့မှ တောင် မကျော်လောက်ဘူး လှေခါးထစ် သုံးထစ်လေးထစ်လောက်တောင်မှ ရောက်မလာနိုင် လောက်ဘူး သူတို့လုံးဝထင်ခဲ့ကြတာ အခု လှေးခါးထစ်ကိုးထစ်၊ ဆယ်ထစ်တောင် ရောက်နေပြီ၊ တရားဥပဒေစိုးမိုးတဲ့၊ ပြည်သူတေ တကယ်လိုလားတောင့်တတဲ့၊ အကျင့်ပျက် ချစားမှု ကင်းတဲ့၊ တကယ့်အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုသစ်တစ်ခု Society တစ်ခု ဆိုတာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအိပ်မက်တစ်ခုလို့မြင်ပါတယ်။
၁၇။ Salai Dokhar – အိန္ဒိယက လုံခြုံရေးကိစ္စအကြောင်းပြပြီးတော့ ခြံစည်းရိုးခတ်ဖို့လုပ်နေတယ်၊ ဒီခြံစည်းရိုးခတ်ဖို့ဆိုတာကလည်း သူ့နိုင်ငံသားတွေကိုယ်တိုင်က ဆန့်ကျင်တဲ့ဟာ ဖြစ်တယ် ပေါ့နော်၊ ဒီခြံစည်းရိုးခတ်ဖို့အတွက် ဘီလီယံ (3 TO 5) ဘီလီယံ ကုန်ကျနိုင်တယ်ဆိုပြီးတော့မှ ခန့်မှန်းချက်ဖြစ်တယ်၊ ဆရာ့အမြင်မှာ အဲ့ဒီထက် ပိုကောင်းတဲ့ တော်လှန်ရေးအင်အားစုနဲ့ လက်တွဲပြီးလုပ်မယ့် တခြား ပိုကောင်းတဲ့ရွေးချယ်မှု အိန္ဒိယမှာ ရှိတယ်လို့ထင်ပါသလား အဲ့ဒီအပေါ်မှာ နည်းနည်းသုံးသပ်ပေးပါအုံး။
၁၈။ ဆလိုင်းယောမာန် – ချင်းပြည်နယ်သာ ကောင်းကောင်းတည်ငြိမ်မယ်၊ ကိုယ့်ဟာနဲ့ကိုယ် ကောင်းကောင်း Trade တေ လည်ပတ်နေမယ်ဆိုရင် မီဇိုရမ်ကို တကူးတက သွားမယ့်လူတွေ နယ်စပ်ကို တကူးတက ဖြတ်ကျော်မယ့်လူတေ တယောက်မျှမရှိပါဘူး၊ တဖက်ကတော့ ဒီ culture အရ Ethnic အရ ဘာသာရေးအရ ကူးလူးမှုတော့ရှိမှာပဲ၊ နိုင်ငံရေးအရ အခြေအနေ ကောင်းပြီဆိုတာနဲ့တင် အပြန်အလှန် အိန္ဒိယဖက်မှာလည်း စိုးရိမ်မှုတွေရှိမှာမဟုတ်ဘူး၊ အိန္ဒိယက မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီးမှ စိုးရိမ်စရာရှိတယ်ဆိုရင် ချင်းပြည်နယ် အတွင်းက ဥပမာဆိုပါစို့ pdf Zoland လိုဟာမျိုး local authority နဲ့ချိတ်ဆက်ပြီးတော့ drug control ဘာတေညာတေ လုပ်ဖို့အတွက် ဒီပိုက်ဆံကို အများကြီး အိန္ဒိယပြည်သူတေ တကယ် လည်းအကျိုးရှိအောင် သုံးစရာတေ အများကြီးရှိတယ်ပေါ့နော် ၊ အိန္ဒိယနယ်စပ်ဖက်ကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တေပေါ့ သူတို့ကို တတ်နိုင်သမျှကူညီတဲ့အပိုင်း ဒါမှမဟုတ် အိန္ဒိယနယ်စပ် မီဇိုရမ်နယ်စပ်အတွင်းမှာရှိတဲ့ ကြပ်တည်းနေတဲ့ မီဇိုရမ် ပြည်နယ်သူ/ သား တွေကိုပဲ ကောင်းကောင်းမွန်မွန် ကူညီလိုက်ခြင်းအားဖြင့် ဒီထက်ပိုအများကြီး အကျိုးကျေးဇူး ရနိုင်တယ်လို့ ကျွန်တော်တို့မြင်တယ်၊ ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်သူ/သားတေက တောင်မှ ကန့်ကွက်နေတယ်ဆိုတာက တွက်ချက်မှုလွဲမှားတဲ့ ဘယ်သူ့ကိုမှ အကျိုးမရှိစေတဲ့ အထောက်အကူမပြုစေတဲ့ လုပ်ရပ်၊ ငွေကြေးသုံးစွဲမှုတစ်ခုလို့ပဲမြင်ပါတယ်၊
၁၉။ Salai Dokhar – အခု ကျွန်တော်တို့ ပြောကြလာတာတွေ့တယ် အာဆီယံဥက္ကဌက စစ်ကောင်စီနဲ့ တွေ့တယ်၊ ငြိမ်းချမ်းရေးကိစ္စ တွန်းနေတဲ့ဟာတွေရှိတယ်လို့ ကျွန်တော်တို့ကြားထားတယ်၊ အနောက်နိုင်ငံတေနဲ့ တရုတ်နဲ့ နားလည်မှုယူပြီးတော့မှ တော်လှန်ရေးအင်အားစုတွေကို စားပွဲဝိုင်းပေါ် အတင်းအဓမ္မ ဆွဲခေါ်ပြီးတော့မှ ဆွေးနွေးစေတဲ့ဟာတွေ ဘာတွေ ဖြစ်လာနိုင် ချေ အလားအလာရှိတယ်ဆိုတဲ့ဟာမျိုး တကယ်လို့ အဲ့လိုဖြစ်လာတယ်ဆိုရင် လက်ခံမလား ဆိုတဲ့မေးခွန်းတွေ ရှိနေတယ်၊ ဆရာ့အနေနဲ့ကော အဲ့လိုအခင်းအကျင်းဖြစ်လာတယ်ဆိုရင် ဆရာကိုယ်စားပြုတဲ့ CB အနေနဲ့ကော ဆရာ့ရဲ့ကိုယ်ပိုင်အမြင်နဲ့ကော အဲ့လိုအခင်းအကျင်း လက်ခံဖို့ အဆင်သင့်ဖြစ်မလား။
၂၀။ ဆလိုင်းယောမာန် – အနောက်အုပ်စုတွေ တရုတ်တွေက ဝိုင်းပြီးတော့မှ Pressure ပေးပြီးတော့မှပေါ့နော် အဲ့လိုမျိုးဆွေးနွေးမယ်ဆိုရင်တော့ သူ့အခြေအနေကို သူမသိဘဲနဲ့ အဆွေးနွေးခံမှာ မဟုတ်ဘူးထင်တယ်၊ ဒါ ငါ တနိုင်ငံလုံးလက်ဝါးအုပ်ထားမယ်၊ အကုန်လုံး စစ်တပ်ပိုင်ပဲ၊ တိုင်းရင်းသားတေ ပြည်နယ်တေ ဘာတေ ညာတေ အကုန်လုံးငါအပိုင်ပဲ၊ ငါယူရမယ့်နေရာပဲ၊ ငါရတဲ့နေရာပဲ ဘယ်သူ့မှမပေးနိုင်ဘူး၊ လုံးဝအလျှော့မပေးနိုင်ဘူးဆိုတဲ့ ခေါင်းမာမှုမျိုးပဲ ဖြစ်မှာ တကယ်လို့ NUG တို့ တော်လှန်ရေးအဖွဲ့အစည်းတို့က အတိုင်းတာ တစ်ခုထိ ဆွေးနွေးချင်တယ်ဆိုရင်တောင်မှ ပေါင်းစပ်ညှိနှိုင်းဖို့ စားပွဲဝိုင်းအတူထိုင်ဖို့ ခက်မယ် လို့ ကျွန်တော်မြင်ပါတယ်။