ဖေဖေါ် ၂၁

The Kaladan Postဥရောပ မျိုးဆက်သစ် တိုက်လေယာဉ် စီမံကိန်းကို လက်လျှော့ပြီး အမေရိကန်ထုတ် F-35 တိုက်လေယာဉ်များ ထပ်မံဝယ်ယူရန် စီစဉ်နေသည်ဆိုသည့် သတင်းများအပေါ် ဂျာမနီအစိုးရက ငြင်းဆိုလိုက်သည်။

ဂျာမနီသည် ပြင်သစ်နှင့် စပိန်တို့နှင့် ပူးပေါင်းကာ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်များ ထုတ်လုပ်ရန် ရည်ရွယ်သည့် Future Combat Air System (FCAS) စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် စီမံကိန်းအတွင်း ပါဝင်သည့် ကာကွယ်ရေး နည်းပညာကုမ္ပဏီများကြား တာဝန်ခွဲဝေမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကြောင့် တိုးတက်မှုများ နှောင့်နှေးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မကြာသေးမီက သတင်းတစ်ရပ်တွင် ဂျာမနီသည် FCAS ကို လက်လျှော့လိုက်ပြီး အမေရိကန် ကုမ္ပဏီ Lockheed Martin ထုတ်လုပ်သည့် F-35 Lightning II တိုက်လေယာဉ်များကို ထပ်မံမှာယူရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။

ဂျာမနီသည် ၂၀၂၂ ခုနှစ်တွင် F-35 စုစုပေါင်း ၃၅ စီးကို မှာယူထားပြီး နောက်ထပ် ၃၅ စီးခန့် ထပ်မံဝယ်ယူနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ သို့ရာတွင် ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနက အီးမေးလ်မှတစ်ဆင့် တုံ့ပြန်ရာတွင် လက်ရှိအချိန်တွင် မူလမှာယူထားသည့် အရေအတွက်ထက် ပိုမိုတိုးမြှင့် ဝယ်ယူရန် တိကျခိုင်မာသည့် အစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးဌာနကလည်း လက်နက်ဝယ်ယူရေးဆိုင်ရာ ဆုံးဖြတ်ချက်များသည် လွှတ်တော်၏ အတည်ပြုမှု လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး အနာဂတ်တွင် F-35 များ ထပ်မံဝယ်ယူမည့် အစီအစဉ် ရှိမရှိကိုတော့ တိတိကျကျ ဖြေကြားခြင်း မရှိခဲ့ပေ။

FCAS စီမံကိန်းကို ဥရောပနိုင်ငံများက အမေရိကန် စစ်လက်နက်များအပေါ် မူတည်နေမှု လျှော့ချရန် ရည်ရွယ်၍ စတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စီမံကိန်း ရှေ့ဆက်ရန် ခက်ခဲမှုများကြောင့် ဂျာမနီနှင့် စပိန်တို့သည် အီတလီ၊ ဂျပန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့ ပူးပေါင်း အကောင်အထည်ဖော်နေသည့် Global Combat Air Programme (GCAP) စီမံကိန်းသို့ ပါဝင်ရန် စဉ်းစားနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

တစ်ဖက်တွင် ရုရှား၏ စစ်ရေး ခြိမ်းခြောက်မှုများကြောင့် ဂျာမနီသည် ကာကွယ်ရေး စွမ်းရည်များကို မြှင့်တင်တည်ဆောက်ရန် လိုအပ်နေပြီး အမေရိကန်ထုတ် လက်နက်များ ထပ်မံဝယ်ယူပါက ကာကွယ်ရေးကဏ္ဍတွင် အမေရိကန်အပေါ် မှီခိုမှု ပိုမိုမြင့်တက်လာနိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိနေသည်။

 

Source – GuruFocus

Photo – Reuters