ဖေဖေါ် ၂၈
The Kaladan Post
Italy နိုင်ငံ မြောက်ပိုင်းရှိ မီလန်မြို့တွင် လျှပ်စစ်ရထား (Tram) တစ်စီး လမ်းချော်ကာ အဆောက်အအုံတစ်ခုကို ဝင်တိုက်ခဲ့သဖြင့် လူ ၂ ဦး သေဆုံးပြီး လူ ၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြု ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုသည် လူစည်ကားရာ ဧရိယာတစ်ခုဖြစ်သော ဗီယာလီ ဗစ်တိုရီယို ဗီနီတို (Viale Vittorio Veneto) နားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရီးသည် အများအပြား လိုက်ပါလာသည့် ရထားသည် သံလမ်းမှ ချော်ထွက်သွားပြီး မီးပွိုင့်တိုင်တစ်ခုကို ဦးစွာ ဝင်တိုက်ခဲ့ကာ ထို့နောက် အဆောက်အအုံအောက်ထပ်တွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ကို ထပ်မံ ဝင်တိုက်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ရထားစီး ခရီးသည်တစ်ဦးနှင့် လမ်းသွားလမ်းလာ တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများစုမှာ ခရီးသည်များဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။
ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံခဲ့သည့် ခရီးသည်တစ်ဦးက ရထားသည် ရုတ်တရက် အပြင်းအထန် တုန်ခါသွားပြီး ဝရုန်းသုန်းကား ဖြစ်သွားခဲ့ကြောင်း၊ ထိုအချိန်တွင် ငလျင်လှုပ်နေသည်ဟု ထင်မှတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
အခင်းဖြစ်ပြီးချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့များ သွားရောက်ကူညီခဲ့ပြီး ဒဏ်ရာပြင်းထန်သူများကို ဆေးရုံများသို့ ပို့ဆောင်ကုသပေးခဲ့သည်။
ရထားသည် ထောင့်ချိုးတစ်နေရာတွင် အရှိန်မြင့်စွာ မောင်းနှင်နေစဉ် လမ်းချော်ခဲ့နိုင်ကြောင်း သတင်းများ ပျံ့နှံ့နေသော်လည်း အာဏာပိုင်များက မတော်တဆဖြစ်ရခြင်း၏ အကြောင်းရင်းကို တိတိကျကျ မသတ်မှတ်ရသေးဘဲ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောကြားထားသည်။
အီတလီ ဝန်ကြီးချုပ် Giorgia Meloni က သေဆုံးသူများ၏ မိသားစုများနှင့်အတူ စာနာဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။ မီလန် မြို့တော်ဝန် Giuseppe Sala နှင့် အခြား အုပ်ချုပ်ရေး အရာရှိများလည်း အခင်းဖြစ်ရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ကြသည်။
မြို့တော်ဝန် ဆာလာက ဖြစ်စဉ်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရထားမောင်းနှင်သူမှာ အတွေ့အကြုံရှိသူဖြစ်ကြောင်း၊ အချိန်ပို အလုပ်ဆင်းထားခြင်း မရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ဖြစ်နိုင်ခြေများအားလုံးကို ဆန်းစစ်လျက်ရှိကြောင်း သိရသည်။
Source — BBC
ဓာတ်ပုံ — Reuters