———————————————————————-
ဇွန် ၆
The Kaladan Post

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲအတွက် “ကျားမဲဟိန်းသံမြို့သို့ညံ” ကမ်ပိန်းကို ပြုလုပ်ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က တရားဝင်ထုတ်ပြန် ကြေညာထားသည်။ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် End Point ကမ်ပိန်းမှ မြို့သိမ်းတိုက်ပွဲအတွက် လိုအပ်သော အဝေးပစ်လက်နက်များ၊ ဘန်ကာဖြိုချရန် လက်နက်ကြီးများကို အတော်အသင့်ပြည့်စုံစွာ ဝယ်ယူဖြည့်တင်းထားပြီဖြစ်ကြောင်း အသိပေးထားသည်။

သို့သော် လက်ရှိအချိန်တွင် မြို့သိမ်းတိုက်ပွဲအတွက် အရေးပါသည့် အဓိကချေမှုန်းရေး ကွန်မန်ဒိုအသေခံတပ်ခွဲအတွက် ကျည်ကာ Level 4 အစုံ ၅၀၊ ကျည်ကာဦးထုပ် ၅၀ လုံးနှင့် AK47 ရိုင်ဖယ် ၅၀ လိုအပ်နေသေးသောကြောင့် ဤကမ်ပိန်းကို ထပ်မံလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကမ်ပိန်းစာတွင် ဖော်ပြထားသည်။

Myingyan Black Tiger (MBT) တပ်ဖွဲ့များသည် တိုင်းရင်းသားမဟာမိတ်များနှင့်အတူ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သလို၊ လက်ရှိတွင် အမည်ဖော်ပြလို့မရသေးသည့် အထူးစစ်ဆင်ရေး တစ်ခုတွင်လည်း စစ်ကြောင်း ၂ ကြောင်းဖြင့် ပါဝင်တိုက်ခိုက်နေကြောင်း အသိပေးထားသည်။

အဆိုပါ ကမ်ပိန်းနှင့် ပတ်သက်ပြီး MBT အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ “ကျွန်တို့ End Point ကမ်ပိန်းမှာ မြို့သိမ်းမယ်လို့ ကတိပြုခဲ့တယ် တကယ်လည်း ဖလမ်းမြို့သိမ်းတိုက်ပွဲကိုညီနောင်မဟာမိတ်တွေနဲ့ လက်တွဲပြီး သိမ်းခဲ့တယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာဆို ကျွန်တော်တို့က အိမ်ရှင်ပြီးရင် ဒုတိယအင်အားအများဆုံးလို့ ပြောရလောက်အောင်အထိ လူအင်အားသုံးပြီး သိမ်းခဲ့တယ်။ အဲ့မှာ ကုန်ကျစာရိတ်လည်း ကျွန်တို့ဘက်က ကုန်တာအများကြီးရှိတယ် ပြီးတော့ ကြားမှာ ဌာနချုပ်လက်လွှတ်လိုက်ရတဲ့ အနေအထားလည်းရှိခဲ့တဲ့အတွက် ဘတ်ဂျတ်များစွာ ဆုံးရှုံးခဲ့တာတွေရှိတယ်။ အဲ့အတွက်ကြောင့်မို့လို့ ကျားမဲတွေ ဦးဆောင်တဲ့ မြို့သိမ်းတိုက်ပွဲတော့ မဖြစ်လာဘူးဒါပေမယ့် တခြားမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး ပြည်သူလူထုကို မြို့တစ်မြို့ကို လက်ဆောင်ပေးနိုင်ခဲ့တယ်။ အခု “ကျားမဲဟိန်းသံမြို့သို့ညံ” ကတော့ အဲ့လိုမဟုတ်တော့ဘဲ ကျားမဲတွေကို ဦးဆောင်တဲ့ မြို့သိမ်းတိုက်ပွဲ‌ဖော်ဆောင်ဖို့ဖြစ်တယ်။ ကမ်ပိန်း ပြည့်မီဖို့လည်း မျှော်လင့်တယ်။ ပြည်သူလူထုကလည်း ကျားမဲအဖွဲ့ကို ယုံကြည်တယ်လို့ မျှော်လင့်တယ်။ ဒီတခါ မြို့တစ်မြို့မဟုတ် နှစ်မြို့ကို ပြည်သူတွေ လက်ဆောင်ပေးနိုင်ဖို့ ကြိုးစားသွားမည်” ဟု ပြောကြားခဲ့သည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း MBT မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး၊ ရဲဘော် ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ လက်ရှိ “ကျားမဲဟိန်းသံမြို့သို့ညံ” ကမ်ပိန်းအတွက် MBT သည် သိန်း ၇၀၀၀ ရည်မှန်းထားပြီး ကမ်ပိန်းကာအဖြစ် ၂၀၂၅ ဇွန်လ ၅ ရက်မှ သြဂုတ်လ ၅ ရက်အထိ ၂ လကြာ သတ်မှတ်ထားပြီး ပြည်တွင်းပြည်ပရှိ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ပြည်သူများကို ထုတ်ပြန်ချက်မှ တိုက်တွန်းထားသည်။