စက်တင် ၂
The Kaladan Post
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်အား ပါတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ပြင်းထန်သော အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဩဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့သော ပြည်နယ်နှင့်တိုင်း NLD ပါတီ ပုံမှန်အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဤဆုံးဖြတ်ချက်အား ဦးစည်သူမောင်က လုပ်ထုံးလုပ်နည်းနှင့် လုပ်ပိုင်ခွင့်အာဏာဆိုင်ရာ မေးခွန်းထုတ်မှုများဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဦးစိုးထက် (ခ) ဆလိုင်းမဲလုအား ပါတီမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်း၏ ထုတ်ပယ်ခြင်းကို တရားဝင် ကြေညာခဲ့သော်လည်း ဦးစည်သူမောင်ကို ပါတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည့် ကိစ္စမှာမူ ပြည်သူသို့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသည့်အပြင် ကာယကံရှင် ဦးစည်သူမောင်ထံသို့လည်း အကြောင်းကြားခြင်း မရှိသေးပေ။
၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး စစ်အာဏာ သိမ်းပြီးနောက် CRPH နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့တွင် တက်ကြွစွာ လှုပ်ရှားနေသူ ဦးစည်သူမောင်က ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ယင်းဆုံးဖြတ်ချက်သည် တရားမဝင်ကြောင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။ ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ စစ်ဆေးပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) မှသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ယခု “CWC” အမည်ခံအဖွဲ့တွင် ထိုသို့လုပ်ပိုင်ခွင့်မရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။
The Kaladan Post ၏ ဆက်သွယ်မေးမြန်းမှုတွင် ဦးစည်သူမောင်က NLD-CWC ၏ ဖွဲ့စည်းပုံနှင့် တရားဝင်မှုအပေါ် ထပ်မံမေးခွန်းထုတ်ခဲ့ပြီး ထိုသို့အရေးကြီးသည့် ဆုံးဖြတ်ချက် များချမှတ်ရန် အာဏာမရှိဟု ပြောကြားခဲ့သည်။ ၎င်း၏ရပ်ဆိုင်းမှုကို NLD-CWC ၏ အားနည်းချက်များ၊ ထုတ်ပြန်ချက်များနှင့် NLD လူကြီးအချို့၏ ပုဂ္ဂိုလ်စွဲ ဆုံးဖြတ်ချက် အမှားများကို Facebook မှတစ်ဆင့် ဝေဖန်ထောက်ပြခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့် လုပ်ရပ်အဖြစ် ရှုမြင်ကြောင်း ၎င်းက ဆိုသည်။ ” ငါတို့ မှန်မှန်မှားမှား ဘယ်လိုနည်းနဲ့မှ ဝေဖန်စရာမလိုဘူး ငါတို့ကိုမဝေဖန်နဲ့၊ ဝေဖန်ရင် အခုလို ထုတ်ပယ်ပစ်မယ်ဆိုပြီး ကျနော့်ကို နမူနာပြကာ ပါတီဝင်တွေထဲကိုပါ ခြိမ်းခြောက်ပြလိုက် တာလို့ မြင်တယ်” ဟု ၎င်းက ပြောကြားသည်။ လက်မှတ်နှင့် တံဆိပ်မပါဘဲ ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးလည်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နှင့်အညီ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ CWC အမည်ခံကာ လုပ်ချင်သလို လုပ်ဆောင်နေသည်ဟု ၎င်းက အလေးအနက် ထောက်ပြခဲ့သည်။
ဤအတွင်းပိုင်းအငြင်းပွားမှုသည် NLD ပါတီနှင့် နိုင်ငံအတွက် အရေးကြီးသော ကာလတစ်ခု တွင် ပါတီခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အတွင်းပိုင်း သဘောထားကွဲလွဲမှု ပိုမိုနက်ရှိုင်းလာနေကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။