———————————————————————-
ဇွန် ၄
The Kaladan Post
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အရှေ့၊ ပိတောက်မြိုင်ရွာသို့ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ အင်အား ၈၀ ခန့်ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် အဓမ္မစစ်သား စုဆောင်းရန် ဝင်ရောက်လာခဲ့ရာ YOMA GBK PDF ပူးပေါင်းအဖွဲ့က ထိရောက်စွာ တိုက်ခိုက်ခဲ့သည်။
ဇွန်လ ၁ ရက် မနက် ၈ နာရီတွင် စတင်ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုတွင် PDF အဖွဲ့က အကြမ်းဖက်စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဇွန်လ ၂ ရက် နေ့လယ် ၂ နာရီတွင် ရန်သူစစ်ကြောင်းထပ်မံထိုးဖောက်လာသောအခါ PDF အဖွဲ့က ဘော်ဘင်ဆယ် ရေလွှတ်မြောင်းဘောင်ပေါ်တွင် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
တိုက်ပွဲအပြီး အကြမ်းဖက်စစ်တပ်သည် သေဆုံးအလောင်းများကို ယူဆောင်ကာ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာသို့ ပြန်လည်တပ်ဆုတ်သွားပြီး ယာယီခံစစ်ပြင်ဆင်နေကြောင်း သိရသည်။ YOMA GBK PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ မှ ကရင်လေးက The Kaladan Post သို့ ပြောကြားရာတွင် “ ကျွန်တော်တို့အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အထိအခိုက်မရှိဘဲ ဘေးကင်းလုံခြုံပါတယ်၊ စစ်ကောင်စီတပ်ဖွဲ့တွေက ဘော်ဘင်ရွာမှာ ယာယီတပ်ဆုတ်သွားကြပြီ မကြာခင် ထပ်မံထိုးစစ်ဆင် လာနိုင်တဲ့တွက် ကျွန်တော်တို့ဖက်ကလည်း နောက်ထပ် တပ်ဖွဲ့အင်အားတိုးချဲ့စုဖွဲ့ပြီးတော့ အကောင်းဆုံးပြင်ဆင်မှုတွေ အဆင်သင့်ပြုလုပ်ထားပါပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။
ဤတိုက်ပွဲတွင် PDF တပ်ရင်း ၃၇၀၁ တပ်ခွဲ (၂) BTZM GBK PDF၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) YOMA GBK PDF နှင့် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၁) Dragon Brother တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့သည်။