ဖေဖေါ် ၂၈

The Kaladan Post

 

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား စစ်ရေးတင်းမာမှုများ အရှိန်မြင့်လာနေသည့်အခြေအနေတွင် အာရပ်နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေးဘီးယားနှင့် ကာတာတို့က ပဋိပက္ခ ပိုမိုဆိုးရွားမသွားမီ ကြားဝင်ညှိနှိုင်းပေးရန် အရေးတကြီး ကြိုးပမ်းလျက်ရှိကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။

ယခုသီတင်းပတ်အတွင်း အာဖဂန်-ပါကစ္စတန် ဆက်ဆံရေးသည် စစ်ရေးအရ ပိုမိုတင်းမာလာခဲ့ပြီး ပါကစ္စတန်ဘက်မှ အာဖဂန်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲခဲ့ခြင်းကြောင့် အပြန်အလှန် လက်တုံ့ပြန်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ ပါကစ္စတန်က အာဖဂန်ဘက်မှ စစ်သွေးကြွအဖွဲ့များကို ခိုလှုံခွင့်ပေးထားသည်ဟု စွပ်စွဲထားသော်လည်း အာဖဂန်ဘက်က ငြင်းဆိုထားသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပဋိပက္ခသည် နယ်စပ်ဒေသများကိုသာမက မြို့ကြီးများသို့ပါ ကူးစက်လာခဲ့ပြီး မြို့တော် ကဘူးလ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း အာဖဂန်ကို အုပ်ချုပ်နေသည့် တာလီဘန်အဖွဲ့က အတည်ပြုခဲ့သည်။

ပါကစ္စတန်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် ပါကစ္စတန် တာလီဘန်အဖွဲ့ကို အာဖဂန် တာလီဘန်အစိုးရက ကူညီထောက်ပံ့နေသည်ဟု ပါကစ္စတန်ဘက်မှ စွပ်စွဲထားပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ပါကစ္စတန်အစိုးရက တာလီဘန် နှစ်ဖွဲ့လုံးနှင့် စစ်ဖြစ်နေပြီဟု သဘောထားထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းနှင့် ၂၇ ရက် မနက်အစောပိုင်းတွင် ပါကစ္စတန်က ဆင်နွှဲခဲ့သည့် လေကြောင်းစစ်ဆင်ရေးများသည် ၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဏာပြန်လည်ရယူခဲ့ပြီးနောက်ပိုင်း အာဖဂန် တာလီဘန်အစိုးရ ကြုံတွေ့ခဲ့သမျှအတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုများဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

အရှေ့အလယ်ပိုင်း သံတမန်သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ဆော်ဒီနှင့် ကာတာတို့သည် အခြေအနေ ပိုမိုဆိုးရွားမသွားမီ တင်းမာမှု လျော့ကျစေရန် အရေးတကြီး ကြားဝင်စေ့စပ်မှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။ ထိုကိစ္စသည် ထိလွယ်ရှလွယ် ဖြစ်နေသဖြင့် သတင်းရင်းမြစ်များက မိမိအမည် မဖော်ပြလိုကြောင်းလည်း ဆိုသည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် အာဖဂန် ယာယီ နိုင်ငံခြားရေးဝန်ကြီး မော်လဝီ အမီးရ် ခန်း မတ်တာကီသည် ကာတာအစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ မိုဟာမက် အယ်လ်-ခူလိုင်ဖီနှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာဟန်သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အီရှက် ဒါးနှင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ဆော်ဒီအစိုးရက ထုတ်ပြန်ခဲ့သည်။

အာဖဂန်-ပါကစ္စတန် ဆက်ဆံရေးသည် စစ်သွေးကြွအဖွဲ့များအပေါ် စွပ်စွဲချက်များကြောင့် နှစ်ရှည်လများ တင်းမာနေခဲ့ပြီး မနှစ် အောက်တိုဘာလတွင်လည်း နှစ်နိုင်ငံကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင် ကာတာနှင့် တူရကီတို့က အပစ်ရပ်ရေးအတွက် ကြားဝင်စေ့စပ်ပေးခဲ့ရသည်။

 

Source — Agence France-Presse (AFP)

ဓာတ်ပုံ — Associated Press / Reuters / EPA