ဖေဖေါ် ၂၈
The Kaladan Post
 
ပြင်သစ် ရေတပ်၏ လေယာဉ်တင် သင်္ဘောကြီး Charles de Gaulle နားသို့ ချဉ်းကပ်ပျံသန်းလာခဲ့သည့် ဒရုန်းတစ်စီးကို ရုရှားဘက်မှ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင် စစ်တပ်က ထုတ်ပြန်ပြောကြားသည်။
Charles de Gaulle သင်္ဘောကြီးသည် NATO ၏ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တစ်ခုတွင် ပါဝင်ရန် ဆွီဒင်သို့ ပထမဆုံးအကြိမ် ရောက်ရှိနေခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် မယ်လ်မို ဆိပ်ကမ်းအနီး ရပ်နားထားစဉ် သင်္ဘောနှင့် ၁၃ ကီလိုမီတာခန့် အကွာအဝေးအထိ ချဉ်းကပ်လာသည့် ဒရုန်းတစ်စီးကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ပြင်သစ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။
နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ဒရုန်းကို အနီးအနား ရေပြင်တွင် ရှိနေသော ရုရှား သူလျှိုသင်္ဘော Zhigulevsk မှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဆွီဒင် စစ်တပ်က ဆိုသည်။ ထို့အပြင် ဆွီဒင် ရေတပ်သင်္ဘောတစ်စီးက ဒရုန်းကို ထိန်းချုပ်နေသော ရေဒီယိုလှိုင်းများကို ကြားဖြတ်နှောင့်ယှက်မှု (jamming) နည်းလမ်းဖြင့် တုံ့ပြန်ဟန့်တားခဲ့ကြောင်းလည်း ဖော်ပြထားသည်။
သို့သော် ရုရှားအစိုးရက ဆွီဒင်ဘက်၏ စွပ်စွဲချက်များမှာ အခြေအနေမှန်မဟုတ်ကြောင်း ပြန်လည် ဝေဖန်ထားသည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် သင်္ဘောကြီးသို့ သွားရောက်ခဲ့သည့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ဆွီဒင်၏ မြန်ဆန်ပြီး ထိရောက်သော တုံ့ပြန်ကိုင်တွယ်ပုံကို ချီးကျူး အသိအမှတ်ပြုခဲ့သည်။
မကြာသေးမီ လများအတွင်း NATO အဖွဲ့ဝင် နိုင်ငံများသည် စစ်ရေးအရေးကြီးသော စစ်ဌာနချုပ်များနှင့် လေဆိပ်များအနီးတွင် အမျိုးအမည်မသိ ဒရုန်းများ ပျံသန်းနေမှုများကို ထောက်လှမ်းတွေ့ရှိခဲ့ကြသည်။ ယခင် ဒီဇင်ဘာလတွင်လည်း ပြင်သစ်နိုင်ငံ ဘာတွန်မြို့ရှိ နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စခန်းအနီး ဒရုန်းများ ပျံသန်းနေမှုကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ ထိုဖြစ်စဉ်များတွင် ရုရှား ပါဝင်ပတ်သက်နိုင်ကြောင်း NATO နိုင်ငံများက ယူဆထားကြသည်။
Charles de Gaulle လေယာဉ်တင် သင်္ဘောကြီးတွင် ကိုယ်ပိုင် အခြံအရံ ရေတပ်သင်္ဘောများ လိုက်ပါလာပြီး Dassault Rafale တိုက်လေယာဉ်များနှင့် ကင်းထောက်လေယာဉ်များကို တင်ဆောင်ထားသည်။ သို့ရာတွင် နိုင်ငံခြား ဆိပ်ကမ်းတွင် ရပ်နားနေချိန်အတွင်း လုံခြုံရေးနှင့် ပတ်သက်သည့် အဓိကတာဝန်ကို အိမ်ရှင်နိုင်ငံဘက်မှ ဦးဆောင် ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။
 
Source — BBC
ဓာတ်ပုံ — EPA