————————————————————————-
မေ ၄
The Kaladan Post
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မဟာမိတ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး၊ ၎င်းတို့ သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးရန် အစီအစဉ်မရှိကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တာပန်းလက မေ ၄ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း ထုတ်ဖော်ပြောကြားသည်။
ဗိုလ်မှူးကြီး တာပန်းလက စစ်အာဏာရှင်စနစ်ကို ယခုမဖယ်ရှားနိုင်ပါက နောင်မျိုးဆက်များအထိ စစ်ပွဲ၊ အပစ်ရပ်နှင့် ဆွေးနွေးမှုတို့၏ သံသရာထဲ ဆက်လည်နေရမည်ဖြစ်ကြောင်း သတိပေးသည်။ “ကျွန်တော်တို့မျိုးဆက်မှာ စစ်အာဏာရှင်ကို အမြစ်ဖြတ်မထုတ်နိုင်ရင်၊ နောင်လာနောင်သားတွေလည်း စစ်ဘေးဒဏ်ကို ဆက်ခံရမယ်။ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို ဖယ်ရှားရေးအတွက် NUG နဲ့ မဟာမိတ်တွေနဲ့ ဆက်လက်လက်တွဲသွားမယ်” ဟု ၎င်းက အခိုင်အမာဆိုသည်။
TNLA သည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသော မြို့နယ်များကို စစ်ကောင်စီထံ ပြန်လွှဲပေးရန် တရုတ်နိုင်ငံ၏ ဖိအားများရှိသော်လည်း၊ ပြန်လည်လွှဲပေးမည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။ “ကျွန်တော်တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေရဲ့ အသံ၊ ပြည်သူတွေရဲ့ အသံကို အလေးထားရမယ်။ ဒါကြောင့် မြို့နယ်တွေ ပြန်ပေးဖို့ လောလောဆယ် မရှိဘူး” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ဗိုလ်မှူးကြီး တာပန်းလက လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရသည့် ဖြစ်စဉ်ကို ရည်ညွှန်းပြီး၊ ထိုသို့ဖြစ်ပွားမှုမျိုး ထပ်မဖြစ်စေရန် ပြည်သူများအနေဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန် တိုက်တွန်းသည်။ “လားရှိုးလို မဖြစ်ရေးအတွက် ပြည်သူတွေ မြို့ကာကွယ်ရေးတွေမှာ ပါဝင်ပေးကြပါ” ဟု ၎င်းက ပန်ကြားသည်။
တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်တလျှောက် လူထု၏ စားဝတ်နေရေးကို ကြပ်တည်းစေရန် ဖိအားပေးနေကြောင်း၊ “နယ်စပ်ပိတ်လိုက်လို့ ရောင်းစရာ၊ ဝယ်စရာ ပစ္စည်းတွေ မရတော့ဘူး။ လူထုရဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်” ဟု TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တာပန်းလက ထောက်ပြသည်။
တရုတ်၏ ဖိအားများသည် TNLA ထက် လူထုကို ဖိနှိပ်သည့်ပုံစံဖြစ်ပြီး၊ နယ်စပ်တည်ငြိမ်ရေးနှင့် စီးပွားရေးဦးမော့ရေးအတွက် ကြားဝင်စေ့စပ်နေသော်လည်း၊ ၎င်းတို့၏ ချဉ်းကပ်ပုံသည် မြန်မာပြည်သူများ၏ တော်လှန်ရေးရည်မှန်းချက်နှင့် ကွဲလွဲနေသည်ဟု TNLA က သုံးသပ်သည်။
“လားရှိုးဖြစ်စဉ်က ပြည်သူတွေကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ကျွန်တော်တို့ သိမ်းထားတဲ့ မြို့နယ်တွေကို ပြန်ပေးဖို့ မရှိဘူး”
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ (TNLA၊ MNDAA၊ AA) သည် အပစ်အခတ်ရပ်စဲရေး ကြေညာထားသဖြင့် ထိုးစစ်မဆင်ဘဲ ခုခံကာကွယ်စစ်ကိုသာ ဆောင်ရွက်နေသည်။ TNLA သည် ၎င်းတို့ထိန်းချုပ်နယ်မြေများရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့် လုံခြုံရေးကို အဓိကထားလုပ်ဆောင်နေကြောင်း အသိပေးသည်။
ဧပြီလ ၂၈-၂၉ ရက်တွင် တရုတ်စီစဉ်မှုဖြင့် ကူမင်းမြို့၌ စစ်ကောင်စီနှင့် TNLA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့သည်။ TNLA က “နှစ်ဖက်အပစ်ရပ်ရေး၊ ထိုးစစ်ရပ်ဆိုင်းရေး၊ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်ပြုရေး” အချက် ၃ ချက်ကို တင်ပြခဲ့သော်လည်း၊ စစ်ကောင်စီက ၎င်းတို့ သိမ်းပိုက်ထားသော မြို့နယ်များ ပြန်လွှဲပေးရန် တောင်းဆိုခဲ့သည်။ ဆွေးနွေးမှုမှာ သဘောတူညီမှုမရရှိခဲ့ဘဲ သြဂုတ်လတွင် ဆက်လက်ညှိနှိုင်းမည်ဟု သိရသည်။
TNLA ၏ မဟာမိတ် ကိုးကန့်တပ်မတော် (MNDAA) သည် ဧပြီလတွင် လားရှိုးမြို့ကို တရုတ်၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရသည်။ ဤဖြစ်စဉ်ကြောင့် ဒေသခံတအာင်းလူမျိုးများအပါအဝင် ပြည်သူများ စားဝတ်နေရေးနှင့် လုံခြုံရေးအခက်အခဲများ ရင်ဆိုင်နေရကြောင်း ဗိုလ်မှူးကြီး တာပန်းလက ထောက်ပြသည်။ “လားရှိုးဖြစ်စဉ်က ပြည်သူတွေကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ကျွန်တော်တို့ သိမ်းထားတဲ့ မြို့နယ်တွေကို ပြန်ပေးဖို့ မရှိဘူး” ဟု ၎င်းက အခိုင်အမာ ထပ်လောင်းပြောကြားသည်။