ဖေဖေါ် ၂၈

The Kaladan Post

 

အီရန်ကို တိုက်ခိုက်နေသည့် အစ္စရေး စစ်ဆင်ရေးတွင် အမေရိကန်လည်း တိုက်ရိုက် ပါဝင်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ကြေညာလိုက်သည်။

အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေသည့် အချိန်တွင် အမေရိကန်၏ မဟာမိတ်နိုင်ငံဖြစ်သည့် Israel က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်ကို လက်ဦးမှုယူ စတင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် အီရန်၏ မြို့တော် တဟီရန်၌ ပေါက်ကွဲသံများ ဆက်တိုက် ကြားနေရကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

ထိုအချိန်နီးပါးတွင် သမ္မတ ထရမ့်က ၎င်း၏ ကိုယ်ပိုင် လူမှုကွန်ရက်ပလက်ဖောင်းဖြစ်သည့် Truth Social ပေါ်တွင် မိနစ် ၈ ခန့်ကြာ ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့ပြီး အစ္စရေးနှင့်အတူ အမေရိကန်ကလည်း အီရန်ကို စစ်ဆင်ရေးများ စတင်ဆောင်ရွက်နေပြီဟု အတည်ပြု ပြောကြားခဲ့သည်။

ထရမ့်က အမေရိကန်သည် အီရန်အတွင်း “အကြီးစား စစ်ဆင်ရေး (major combat operations)” များကို ဆင်နွှဲနေကြောင်း ပြောဆိုခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက်အထိ အီရန်၏ နျူကလီးယား ထိန်းချုပ်ရေး ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း သဘောတူညီချက် မရရှိခဲ့ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။

ထိုနောက်ပိုင်းတွင် အီရန်၏ ဒုံးကျည်စနစ်များကို ဖျက်ဆီးကာ ဒုံးကျည် ထုတ်လုပ်နိုင်စွမ်းကို လုံးဝရပ်တန့်စေရန် အရေးယူသွားမည်ဟုလည်း ထရမ့်က ပြောသည်။ အီရန်သည် နျူကလီးယား နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တာဝေးပစ် ဒုံးကျည် ထုတ်လုပ်ရေးကို ဆက်လက် အားထုတ်နေကြောင်း၊ ထိုဒုံးကျည်များသည် ဥရောပရှိ အမေရိကန် မဟာမိတ်နိုင်ငံများအထိ ခြိမ်းခြောက်နိုင်ကြောင်းလည်း စွပ်စွဲခဲ့သည်။

ထို့အပြင် အီရန်အစိုးရပိုင် မီဒီယာဌာနများ အပါအဝင် နေရာအချို့တွင် ဆိုက်ဘာ တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယခုဖြစ်ရပ်ကြောင့် အရှေ့အလယ်ပိုင်း ဒေသအတွင်း စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာနိုင်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်လျက်ရှိသည်။

Source — BBC
ဓာတ်ပုံ — Associated Press / Agence France-Presse / Reuters