The Kaladan Post
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့
နေပြည်တော်တွင် WFP မှ ထောက်ပံ့ပေးသော အာဟာရဖြည့်ဘီစကွတ်မုန့်များ ကိုယ်ကျိုးအတွက် ရောင်းချမှုများရှိနေသည်ဟု လူမှုကွန်ယက်စာမျက်နှာများမှာ လွန်ခဲ့သည့်ရက်ပိုင်းများတွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး United Nations Myanmar မှ သိရှိထားပြီ ဖြစ်ကြောင်းနှင့် ခိုင်လုံသော သက်သေအထောက်အထားများ တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေတွင် ထုတ်ပြန်အသိပေးထားပါသည်။ အဆိုပါ ထုတ်ပြန်အသိပေးချက်တွင် နေပြည်တော်တွင် အာဟာရဖြည့် ဘီစကွတ်တွေ နောက်ဆုံးဖြန့်ဝေမှုကို ဧပြီလ ၁ ရက်နေ့တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အခမဲ့အထောက်အပံ့ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။
ထို့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပြန်လည်ရောင်းချခြင်း မပြုလုပ်သင့်ကြောင်းနှင့် WFP အနေဖြင့် ထောက်ပံ့ကြေးများကို ပုံမှန် စောင့်ကြည့်နေပြီး ရောင်းချခြင်းများ တွေ့ရှိပါက ချက်ချင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ ဤသို့ နိုင်ငံတကာ အထောက်အပံ့များအား ပြန်လည် ရောင်းချခြင်း သတင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သော်လည်း နိုင်ငံတကာ ထောက်ပံ့ကြေးများအား စစ်ကောင်စီမှ အလွဲသုံးစား မကြာခဏလုပ်နေခြင်းများနှင့် စပ်လျဉ်းပြီးမူ ယနေ့တိုင် WFP အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထုတ်ပြန် ဖြေရှင်းပေးခြင်း မရှိသေးပေ။ ဤသို့ စစ်ကောင်စီမှ နိုင်ငံတကာ အထောက်အပံ့ပစ္စည်းများအား စစ်မျက်နှာပြင်တွင် အသုံးပြုနေမှုများအား မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေး အင်အားစုများ အောင်မြင်မှု ရလာကြသည်နှင့်အမျှ သက်သေများနှင့်တကွ ထုတ်ဖော်ပြော ဆိုလာကြခြင်းဖြစ်သည်။
“ ဒါပေမဲ့ လူသားစာနာထောက်ပံ့ ကူညီတာတွေ အကုန်လုံးက လိုအပ်နေတဲ့ ဒေသခံပြည်သူတွေဆီ လုံးဝမရောက်ဘဲ.. အဲဒီ စားနပ်ရိက္ခာတွေကို မြို့နေပြည်သူတွေဆီ ရောင်းစားဖို့၊ ဒေသခံတွေကို မဟုတ်မမှန် ဝါဒဖြန့်မြူဆွယ်တာမှာ အသုံးချဖို့နှင့် စစ်ကောင်စီက ဒေသခံပြည်သူတွေကို စစ်ကြောင်းထိုး၊ ဖမ်းဆီးသတ်ဖြတ်တဲ့နေရာမှာ သူတို့ရဲ့ရိက္ခာအဖြစ်သာ အသုံးပြုခဲ့ကြတယ်။”
အဆိုပါ သက်သေများအနက် မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များမှ တွေ့ရှိထားသော သက်သေများနှင့် စပ်လျဉ်းပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သူ ဆလိုင်း ယောမာန်မှ ၂၀၂၅ ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် သူ့ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာတွင် ဤသို့ ရေးသား ထုတ်ပြန်ခဲ့ပါသည်။
“မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စကစ အထိုင်ချခဲ့တဲ့ ရုံးတွေ၊ စခန်းတွေ၊ ဘုရားစေတီကုန်းတွေ လိုက်ကြည့်တုန်းက UN ဘာညာ စားနပ်ရိက္ခာတွေ တွေ့မိသလိုပဲ ဆိုပြီး.. စကစ အထိုင်ချခဲ့တဲ့ နေရာတစ်ခုမှာ ပြန်သွားကြည့်ရင်း တွေ့ရတာ။ အဲဒီ စခန်းကုန်းက စကစတွေဟာ UNHCR က ထောက်ပံ့ထားတဲ့ ဆန်တွေ၊ ဆီတွေနဲ့ အသက်ဆက်နေခဲ့ကြတာ။ အာဏာသိမ်းပြီးစ မင်းတပ်မှာ စစ်ပွဲတွေ စဖြစ်တဲ့ ၂၀၂၁၊ ၂၀၂၂ ခုနှစ် ဝန်းကျင်က UNDP, UNHCR, ICRC လို အဖွဲ့အစည်းတွေက မင်းတပ်အထိရောက်အောင်လာပြီး ဒုက္ခရောက်သူ စစ်ဘေးရှောင်တွေကို လာထောက်ပံ့ကူညီတယ်။ ဒါပေမဲ့ လူသားစာနာထောက်ပံ့ ကူညီတာတွေ အကုန်လုံးက လိုအပ်နေတဲ့ ဒေသခံပြည်သူတွေဆီ လုံးဝမရောက်ဘဲ.. အဲဒီ စားနပ်ရိက္ခာတွေကို မြို့နေပြည်သူတွေဆီ ရောင်းစားဖို့၊ ဒေသခံတွေကို မဟုတ်မမှန် ဝါဒဖြန့်မြူဆွယ်တာမှာ အသုံးချဖို့နှင့် စစ်ကောင်စီက ဒေသခံပြည်သူတွေကို စစ်ကြောင်းထိုး၊ ဖမ်းဆီးသတ်ဖြတ်တဲ့နေရာမှာ သူတို့ရဲ့ရိက္ခာအဖြစ်သာ အသုံးပြုခဲ့ကြတယ်။ စစ်ကောင်စီသည် နိုင်ငံတကာ အထောက်အပံ့များကို တော်လှန်ရေး အင်အားစုများမှ ပိတ်ဆို့တိုက်ခိုက်ခြင်းခံရချိန်တွင် ကြာရှည်ခုခံနိုင်ရန် WFP တံဆိပ်ပါ ဆန်၊ ဆီ များကို အဓိက အသုံးပြုကြကြောင်း ဓာတ်ပုံသက်သေများ ဖော်ထုတ်မှုအရ သိရှိနိုင်ပါသည်။ နေပြည်တော်တွင် ရောင်းချမှုရှိသည်ဟု သတင်းထွက်နေသော အာဟာရဖြည့် ဘီစကစ်မုန်တွင် “ဒီဘီစကွတ်တွေက စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရပြည့်စားစရာတစ်ခု ဖြစ်ပြီး ပါဝင်ပစ္စည်းတွေအနေနဲ့ ဂျုံမှုန့်၊ ပဲပိစပ်မှုန့်၊ သကြား၊ အဆီထုတ်ထားတဲ့ နို့မှုန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့- ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1၊ B2၊ B6၊ B12 နဲ့ အခြားဓာတ်တွေများစွာ ပါဝင်ကြောင်း United Nations Myanmar မှ ထုတ်ပြန်ထားပါသည်။