မေးမြန်းသူ- Program Host, RAIN
ဖြေဆိုသူ – ကဗျာဆရာဟာရှိန်း
Program Host, RAIN – မင်္ဂလာပါဆရာ ပထမဦးဆုံး ဒီ The Kaladan Post ရဲ့ Youth and Women’s Affairs Program မှာ လာရောက်ပြီးတော့မှ မေးမြန်းခန်းအစီအစဉ်မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာက CDM တယောက်လည်းဖြစ်တဲ့အပြင် ကဗျာဆရာလို့လည်း ကျွန်မတို့ သိရတယ်ပေါ့နော် ဆိုတော့ CDM မဝင်ခင်မှာ ဘယ်ဌာနမှာ အလုပ်လုပ်ခဲ့ပြီးတော့မှ CDM ဝင်လာသလဲဆိုတာရယ် ဒီတော်လှန်ရေးမတိုင်ခင်မှာ ကဗျာဆရာအဖြစ်နဲ့ ဘယ်လိုရပ်တည်ခဲ့သလဲဆိုတာရယ်ပေါ့နော် အခုလက်ရှိကာလအချိန်မှာ ဘယ်လိုတေလှုပ်ရှားနေသလဲဆိုတာကို အရင်ဦးဆုံးမိတ်ဆက်ပေးပါအုံးရှင်
ကဗျာဆရာဟာရှိန်း – ဟုတ်ကဲ့ပါ ကျွန်တော်ကတော့ ကဗျာဆရာဟာရှိန်းပါ အရင်တုန်းကတော့ ကလေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနလို့ခေါ်တဲ့ မြေစာရင်း ဦးစီးဌာနမှာ လက်ထောက်ဦးစီးမှူး စိစစ်ရေးတာဝန်နှင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ် အာဏာသိမ်းလိုက်တဲ့ခါကျတော့ ကျွန်တော်တို့က ကဗျာဆရာလည်းဖြစ်ပြီးတော့ ကလေးမြို့ဆိုတာက နိုင်ငံရေးလှုပ်ရှားမှုတေ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတေ အားကောင်းတဲ့နယ်မြေဖြစ်တဲ့အတွက် အာဏာသိမ်းတာနဲ့ကျွန်တော်တို့ စာပေအသိုင်းဝိုင်းနဲ့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်နှင့် ခစယလို့ခေါ်တဲ့ ချင်းစာပေနှင့် ယဉ်ကျေးမှုအသင့် စသဖြင့်ပေါ့ ကျောင်းသားနိုင်ငံရေးသမားတေနဲ့ ကျွန်တော်တို့က နဂိုရှိရင်းစွဲကတည်းက ခင်မင်ရင်းနှီးကြတယ် နေကြတယ်ခါကျတော့ အာဏာသိမ်းတာနဲ့ ကျွန်တော်တို့ကတော့ ပြောစရာကိုမလိုဘဲနဲ့ တော်လှန်ရမယ် ကဗျာဆရာ ဆိုတော့ လက်ဝဲယိမ်းတယ်ပေ့ါနော ကွန်မြူနစ်ဖက်ယိမ်းတယ်ဆိုတော့ အာဏာမသိမ်းခင်က တည်းက NLD အစိုးရလက်ထက်မှာကော ဦးသိန်းစိန် အစိုးရလက်ထက်မှာကော ကျွန်တော်တို့က ၂၀၀၈ ခြေဥ နာဂစ်ခြေဥကြီးကို တော်လှန်ခဲ့ကြတယ် ဒါတွေကို ပြင်ဆင်သင့်တယ် ဆိုပြီးတော့မှ တောက်လျှောက်ပြောဆိုဝေဖန်ပြောဆို တော်လှန်လာခဲ့ကြတာ ၂၀၁၅ စတုတ္ထကျောင်းသားသပိတ်လို့နာမည်ကြီးတဲ့ ပညာရေးသပိတ် ၂၀၁၅ လက်ပန်တန်း အရေးခင်းတို့ ဘာတို့မှာလည်း ကျွန်တော်တို့ ဝန်ထမ်းတပိုင်းအနေနဲ့ ကဗျာဆရာ တပိုင်းအနေနဲ့ ဝန်းရံခဲ့ကြတာ CDM လုပ်လာဖို့ အကြောင်းရင်းတေ အများကြီးထဲက ဒါ အဓိကကျတဲ့ အကြောင်းအရာကျမယ်လို့တော့ ကျွန်တော်ထင်ပါတယ်၊ CEM ကျွန်တော်မလုပ်ခင် စာပေအသိုင်းအဝိုင်းအနေနဲ့ ကျွန်တော်တို့လှုပ်ရှားခဲ့တဲ့အပေါ်မှာ တော့ အဓိကအချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ချင်းတောင်အနေနဲ့ ကဗျာဆုတစ်ခု တူတူတန်တန်ပေါ့လေနော မြန်မာပြည်မှာဆိုရင် အမျိုးသားစာပေဆု ဘာတို့ပေးနိုင်တယ် ပျဉ်းမနားမှာလည်း ရိုးမစာပေဆု၊ ကျောက်ဆည်မှာလည်း ဧရာဝတီကဗျာဆု စသည်ဖြင့် ကဗျာဆုတေ အများကြီးအများကြီးပေးကြတဲ့အပေါ်မှာ ချင်းပြည်နယ်ကနေ ကဗျာဆု တစ်ခုမှ မပေးရသေးဘူး ပေးနိုင်လောက်တဲ့ အင်အားတွေရှိကြတယ် ချင်းတောင်ကနေထွက်တဲ့ ချင်းလူမျိုးကဗျာဆရာတွေ အများကြီးပဲ ဒါပေမယ့် ဆုတစ်ခုမျှ ဖြစ်ဖြစ်မြောက်မြောက် မပေးနိုင်ခဲ့ကြတဲ့အပေါ်မှာ ချင်းကဗျာဆ၇ာတေ တောင်ဇလပ်မြေကဗျာဆု ခေါင်းစဉ်နဲ့ ကဗျာဆုတခု ပေးနိုင်အောင် ကြိုးစားခဲ့ကြတယ် ဆောင်ရွက်ခဲ့ကြတယ် နောက်တော့ တကယ်လည်းပေးနိုင်ခဲ့ကြတယ် နောက်ထပ်ကျတော့ COVID မတိုင်ခင်လေးမှာ ပလက်ဝသား ကဗျာဆရာ ဆရာမြကဗျာနှင့်ကျွန်တော်နဲ့ပေါင်းပြီးမှ ပလက်ဝစစ်ဘေးရှောင် ပြည်သူတေကို ကဗျာအားဖြင့် ချင်းတိုင်းရင်းသားကဗျာဆရာတွေအနေနဲ့ ဘယ်လို ကူညီပေးနိုင်မလဲ ကူညီဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ခံစားရတယ် ညီအစ်ကိုတေ ဆိုတော့ ကဗျာအားဖြင့်လည်းဖြစ်မယ် ချင်းကဗျာဆရာတေ စုစည်းမှုကဗျာစာအုပ်တအုပ် လုပ်ရအောင်ဆရာ ငြိမ်းချမ်းရေးခေါင်ရည်များဆိုတဲ့ ချင်းတိုင်းရင်းသားကဗျာဆရာတွေ အကုန်လုံးစုစည်းထားတဲ့ ကဗျာစာအုပ် ကျွန်တော်တို့နှစ်ယောက် ထုတ်လိုက်နိုင်တယ်ပေါ့ ဒါကတော့ အာဏာမသိမ်းခင်မှာပေါ့ အမှတ်ရစရာကောင်းတဲ့ ကဗျာနှင့်ပတ်သက်တဲ့ စာပေဖြတ်သန်းမှုဖြစ်ပါတယ် ကျွန်တော့်ရဲ့ တကယ်စာပေဖြတ်သန်းမှု ပြန်ပြောရရင်တော့ ၂၀၀၇ ခုနှစ် Youth Magazine မှာ ကုန်ဘုံးဆိုတဲ့ကဗျာ ကျွန်တော် ပရင်းတက်စာမူအဖြစ်နဲ့ စတင်ဖော်ပြခံရတယ် ဒါကတော့ ကျွန်တော့်ရဲ့ ပထမဆုံး ပရင်းတက် ၂၀၀၇ ပေါ့ တော်တော်များများ ကျွန်တော့်ကို တမျိုးတမည်လေးပြောနေကြလို့ ထည့်ပြောတာ ဖြစ်ပါတယ် အခုလက်ရှိ ကျွန်တော် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာသမ္မဂ ဗလကသမှာ အမှုဆောင် အဖွဲ့ဝင်တယောက်အနေနဲ့ ပါဝင်လှုပ်ရှားလျက်ရှိပါတယ်
Program Host, RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ၂၀၂၁ခုနှစ် အာဏာသိမ်းတဲ့ခါမှာ ဆရာ (CDM)လှုပ်ရှားမှုမှာ ပါဝင်ဖို့ရန်အတွက် ဆုံးဖြတ်ချက်ချတဲ့အခါမှာပေါ့နော် ဆရာ့ရဲ့ ဘယ်လိုကိုယ်ပိုင် ယုံကြည်ချက်တွေ လူမှုရေး ဖိအား ဒါမှမဟုတ် နိုင်ငံရေးအခြေအနေတေက အဓိကလှုံ့ဆော် ခဲ့တာ ဖြစ်မလဲပေါ့နော် အဲ့ဒီလိုဆုံးဖြတ်ချက် အကောင်အထည်ဖော်တဲ့ခါမှာရော စစ်အုပ်စု ဆီကနေပြီးတော့မှ ဖိနှိပ်မှုတေ ဘဏ္ဍာရေး အခက်အခဲ ဒါမှမဟုတ် မိသားစုဆိုင်ရာ စိုးရိမ်မှုစတဲ့ ဘယ်လိုစိန်ခေါ်မှုတေနှင့် ရင်ဆိုင်ခဲ့ရပါသလဲ။
ကဗျာဆရာဟာရှိန်း – နတလလို့ခေါ်တဲ့ NYRDDC နဲ့ NRDC ကျောင်းသူ/သားတေကိုယ်စား ဆန့်ကျင်ကန့်ကွက်ကြောင်း ကျွန်တော်Statement ထုတ်တယ်၊ Statement ထုတ်တော့ အပတ်စဉ် (၁)၊ (၂)က လူတေ ဝိုင်းဆဲကြတယ် လမ်းမှာတွေ့ရင် ပါးရိုက်မယ်ဆိုတဲ့ စီနီယာတေလည်း အများကြီး တကယ်တမ်း CDM ကိုဘာလို့ဝင်သလဲဆိုတော့ ၂၀၀၈ ခြေဥကြောင့် CDM ဝင်တာ 2008 က ပြင်မလားဖျက်မလား ပြင်ရင်လည်း ၈၀ ရာခိုင်နှုန်းလောက်ပြင်ရမယ် အဲ့လောက်မှ မပြင်ပေးရင်လည်း ကျွန်တော်တို့အတွက်က အဆင်မပြေဘူး အဲ့လိုနဲ့ တော်လှန်ရေးထဲကို ရောက်လာတယ် အဓိက အခက်အခဲက သပိတ်ကာလ ငြိမ်းချမ်းစွာစီတန်းလှည့်လည်တာကိုက သူတို့ကန့်သတ်အနေနဲ့ ပစ်ကြ တားကြဆိုတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းဆီရွေ့လာတာ အဲ့ဒီ CDM အစဦးကာလမှာ တကယ်ဒုက္ခရောက်တာဘာလဲဆိုရင်တော့ နိုင်ငံရေးနှပ်ကြောင်းတွေးတဲ့ ဆရာ့ဆရာကြီးတေက အဓိက အန္တရာယ်ဖြစ်နေတာ တော်လှန်ရေးမနက်ဖြန်ပြီးပါတော့မယ် CDMတေ တပတ်ပဲ တောင့်ခံထား အဲ့ဒါဆိုရင် နိုင်ပြီဆိုတဲ့ဟာမျိုးတေက CDMလုပ်ထားတဲ့ ဝန်ထမ်းတေအတွက် တကယ့် လုံးဝကို အကြပ်အတည်းဖြစ်တယ် သို့လောသို့လောပေါ့လေ နော တချို့ဆိုရင် တော်လှန်ရေးကိုအားမပေးဘူး စစ်တပ်ကို အားပေးတယ် ဒါပေမယ့် ဒီဖက်မှာလည်း လူ့အခွင့်အရေးအရ ရိုက်တေအရဆိုရင် လူများတဲ့ဖက်လိုက်လာတယ် မနက်ဖြန်ပြီးတော့မယ် တပတ်CDMလုပ်ရင် တော်လှန်ရေးပြီးပြီ တော်လှန်ရေးပြီးရင် ကောင်းပြုခံရမယ် ဒါမျိုးတေနဲ့ CDM ဝင်လာကြတယ် တကယ့်ယုံကြည်ချက် ရပ်တည်ချက် အခိုင်အမာနဲ့ ဝင်လာကြတာ မဟုတ်တဲ့အတွက် တော်တော်ဒုက္ခရောက်တယ် နောက်ထပ် တခုကဘာဖြစ်သလဲဆိုရင် ဝန်ထမ်းအိမ်ရာနေရတာ ကလေးဆိုရင် တောင်ဖီလာ ဂေါက်ကွင်းဘေးနား ဝန်ထမ်းအိမ်ရာ CDMလုပ်တဲ့ခါကျတော့ ဝန်ထမ်းအိမ်ရာ နေရတာ မလုံခြုံဘူး ၁၀ ရက်နေ့လောက်ဖြစ်မယ်ထင်တယ် စစ်တပ်က ဝန်ထမ််းအိမ်ရာမှာ တပ်စွဲတယ် ဝန်ထမ်းအိမ်ရာက အိုးအိမ်က ကိုင်တာ အဲ့မှာ သူတို့အရာရှိက စစ်တပ်က ထွက်ထားတဲ့ ဘဲကြီး CDMဝင်တဲ့ကောင်တေ ဘယ်ခန်းဘယ်ခန်းဘယ်ခန်း ဘယ်အဆောင်က ဘယ်ဌာန ဘယ်ဝန်ထမ်း CDMဝင်တယ် ဆိုတာမျိုးအထိ သူတို့လိုက်လုပ်နေ ပြီးတော့ ကျွန်တော်တို့ က ပိုဆိုးတာပေါ့ သပိတ်ကော်မတီထဲ ပါသလိုလို မပါသလိုလို ဦးဆောင်ကော်မတီထဲ ကိုယ့်လူတေကြီးထဲ အဲ့ဒီလိုနဲ့ ဝန်ထမ်းအိမ်ရာက ကျွန်တော်တို့ CDMဝန်ထမ်းတေက ဖယ်ပေးရမှာလိုလို မဖယ်ပေးရဘူးလိုလို ဖယ်ပေးရမယ်ဟေ့ ဆိုရင်လည်း အပေါက်ဝမှာ စစ်တပ်က တပ်စွဲထားတဲ့ခါကျတော့ ကျွန်တော်တို့က အထုပ်နဲ့အထည်နဲ့ထွက်သွားရင် ကျွန်တော် CDMပါလို့ ကြေညာလိုက်သလိုဖြစ်မယ် အဲ့ဒါနဲ့ သူကဆွဲမှာပဲ အဲ့လိုနဲ့ ကျွန်တော် ဝန်ထမ်းအိမ်ရာကနေ သိုသိုတိတ်တိတ် အဝတ်တထည် ကိုယ်တခုပုံစံနဲ့ ဆင်းရတယ် မိသားစုလိုက် ဆင်းကြပြီးတော့ မကြာဘူး မင်းတပ်မြို့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပါပြီးဆိုတဲ့ဟာတေ မြင်ရကြားရတော့ ကျွန်တော်က အဲ့လိုဆိုရင်တော့ ကိုယ့်မွေးရပ်မြေကို ပြန်မယ် တကယ်အားသာတာကလည်း အုပ်ချုပ်ရေး ပိုင်း ရုံးစတပ်ပိုင်းပေါ့လေနော ရုံးစတပ်ပိုင်းကတော့ ကျွန်တော်ပြန်ကူမယ်ဆိုပြီး ကျွန်တော် ထွက်လာတယ် ကျွန်တော်ပြန်ရောက်လာတော့ ပအဖအဖွဲ့ထဲမှာ ကိုယ့်လူတေကြီးထဲဆိုတော့ အဲ့လိုပဲ ပထမတော့ အပြင်ကနေကူလိုက် နောက်တော့ ကဗျာဆရာစိုပြေရဲ့ ရုံးအဖွဲ့ထဲမှာ ရုံးအဖွဲ့မှူးအနေနဲ့ အလုပ်လုပ်လိုက်သေးတယ် ပြီးတော့ အင်တာနက်လိုင်းတေ ဖြတ်လိုက်တဲ့ အခါကျတော့ ကျွန်တော်တို့က ဘာလုပ်ရသလဲဆိုတော့ ကျွန်တော်တို့က Ng’kawn cha ဆိုတဲ့ ကိုယောမာန်တို့နဲ့ နွေဦးသတင်းစာစောင်လိုင်းရတဲ့ နေရာ တယောက်ကပြေး ခိုဖြူကနေ သတင်းအချက်အလက်တေ Note ထဲကို copy paste လုပ်မလား ပြီးတော့ ကွန်ပျူတာ စာပြန်စီ သတင်းစာစာထုတ်တယ် သတင်းစာ စာပို့တယ် ဒါက ကျွန်တော့်ရဲ့ တော်လှန်ရေး ဇာတ်ခုံ ပထမ အစပိုင်းတေ အခု ကာလမှာ ပိုပြီးကြုံရတာက မင်းတို့ CDMတေက တော်လှန်ရေးသမားတေမဟုတ်ဘူး တော်လှန်ရေးသမားဆိုရင်တော့ လက်နက်ကိုင် တော်လှန်ရေးရဲ့ တဆင့်နိမ့်တော်လှန်ရေးသမားတေဖြစ်ကောင်းဖြစ်မယ် ဒါမှမဟုတ် တဆင့်နိမ့်တော်လှန်ရေးသမား သို့မဟုတ် မင်းတို့ လုံးဝတော်လှန်ရေးသမားတေ မဟုတ်ဘူး ငါတို့လက်နက်ကိုင်တဲ့ကောင်တေကမှ တော်လှန်ရေးသမားတေဆိုတဲ့ အပြောတေခံရတယ် မျက်လုံးတေ အကြည့်ခံရတယ်ဆိုတော့ ငါတို့ကတော်တော်ဝမ်းနည်းစရာကောင်းတာပေါ့ အခက်အခဲတေကြားထဲ ဘာလို့လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရောက်ဖို့က သပိတ်ထွက်ကြရတယ် သပိတ်ဆိုတာက CDM ဝန်ထမ်းတေပါမယ် CDMလူထုတေပါမယ် အကုန်လုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ လက်နက်ကိုင်လမ်းကြောင်းပေါ် တင်ပေးလိုက်တယ် ကျွန်တော်တို့ ပုခုံးတင်ပေးလိုက်တဲ့ဟာကို အခုကျမှ မင်းတို့ CDMသမားတေ တော်လှန်ရေးသမားမဟုတ်ဘူး ဆိုတဲ့ အပြောတေ အကြည့်တေကတော့ တော်တော်ခံရခက်တာ
Program Host, RAIN – ဟုတ်ကဲ့ပါ ဆိုတော့ နောက်ထပ်မေးချင်တာကတော့ ကဗျာဆရာတဦးအနေနဲ့ ဆရာရဲ့ စိတ်ခံစားမှုတေ အတွေ့အကြုံတေနှင့် ပြည်သူတေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ထင်ဟပ်စေတဲ့ ကဗျာမျိုး ရေးသားခဲ့တာမျိုးရှိပါသလားပေါ့နော်။ ဆိုတော့ ရေးခဲ့တဲ့ကဗျာတေ ထဲမှာမှ ဆရာ့အတွက် အမှတ်တရဖြစ်စေခဲ့တဲ့ ကဗျာတစ်ပုဒ်ရဲ့ အကြောင်းအရာနှင့် ရေးသားခဲ့ရတဲ့ နောက်ခံအကြောင်းအရင်းကိုလည်းပဲ မျှဝေ ပေးပါအုံးရှင်
ကဗျာဆရာဟာရှိန်း – တော်လှန်ရေးကာလဆိုတော့ အများဆုံးရေးဖြစ်တာက တော်လှန်ကဗျာတေပေါ့ ၂၀၂၁ အာဏာသိမ်းတဲ့နေ့ကစပြီး ၂၀၂၃ လောက်ထိ ဖြစ်မယ်ထင်တယ် အကြည်ဓါတ်လေး အချစ်ကဗျာလိုမျိုး အလွမ်းအဆွေးထဲ ဘဝကိုဖော်သလား ကျန်တဲ့ ဆဲင်းစ်လေးတေ ရလိုက်ရင် လုံးဝမရေးဖြစ်ဘူး တော်လှန်ကဗျာကိုပဲ ရေးမယ်ဆိုတဲ့ စိတ်က တအားတက်ကြွနေတာကိုး တော်လှန်ရေးကဗျာရေးမှဖြစ်မယ် တော်လှန်ရေးကဗျာမဟုတ်ရင် လုံးဝမရေးဘူးဆိုတဲ့ စိတ်ခံစားမှုအထိပါ တော်တော်ဖြစ်လိုက်သေးတယ် ၂၀၂၁ စက်တင်ဘာလမှာ ကျွန်တော့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော်က အာဏာသိမ်းတဲ့နေ့ကနေစပြီးမှ ပုံမှန်ရေးဖြစ်တဲ့ တော်လှန်ရက်စွဲတေတောက်လျှောက်တပ်ပြီးရေးလာတာ အဲ့ဒီထဲကနေ စက်တင်ဘာလမှာ တော်လှန်မင်းတပ်ဆိုတဲ့ကဗျာစာအုပ်ကို E-book Version နဲ့ ထုတ်လိုက်သေးတယ် အဲ့ဒီတုန်းကတော့ တော်တော်လေးရောင်းရတာပေါ့လေ Ebook တစ်အုပ်ကို ၂၀၀၀ နှုန်းနဲ့ရောင်းတာ CDF-Mindat ကို ကျွန်တော် ၁၅သိန်း ပံ့ပိုးပေးနိုင်ခဲ့တယ် အဲ့လိုနဲ့ နောက်တနှစ်ကျတော့ ၃၂ ကောဋ္ဌာသဆိုတဲ့ ကဗျာစာအုပ် E-book Version ပဲ သူလည်း ထုတ်လိုက်သေးတယ် စက်တင်ဘာလမှာ ရေးဖြစ်တဲ့ကဗျာများစုကတော့ တော်လှန်ကဗျာတေကြီးပါပဲ အဲ့ဒီနောက်ပိုင်းမှာရေးတာကတော့ နဲနဲ ပြန်စဉ်းစားရင်တော့ အဆိပ်တေပါလာတယ်လို့ခံစားရတာပဲ ဘာလို့လဲဆို အားမလိုအားမရဖြစ်တဲ့ တော်လှန်ရေးအရွေ့တေ ကျွန်တော်နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ Friend ဖြစ်တဲ့ သူတေ တော်တော်တွေ့မှာ အရွေ့ဆိုတဲ့ စီးရီးတေ တောက်လျှောက်ရေးဖြစ်တယ် ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ခုချိန်ထိ Volunteer ကျောင်းဆရာတယောက်အနေနဲ့ မြန်မာ ဘာသာရပ်ကို သင်ကြားပေးနေတဲ့ခါကျတော့ တော်လှန်ကျောင်းကဗျာကို NUG ရဲ့ PVTV မှာ ကိုစိုးရက ရွက်လိုက်သေးတယ် ဒီကဗျာက ပိုပြီးအမှတ်ရစရာကောင်းမယ်ထင်တယ် တော်လှန်ကျောင်းကဗျာကို စပြီးရေးဖြစ်တာက ကျွန်တော်တို့ချစ်တဲ့ ရဲဘော်ချီပေါ့လေနော ချီကွေဗားရားပြောဖူးတဲ့ The first duty of revolution is to be educated လို့ သူပြောတယ် နိုင်ငံရေးမှာ တော်လှန်ရေးရဲ့ ပထမဆုံးတာဝန်က ပညာတတ်တယောက်ဖြစ်ဖို့ပဲဆိုတော့ အဲ့ဒီကနေ အဲ့ဒီကဗျာကို ရလိုက်တာ နောက်ထပ် အကြောင်းအရာထဲမှာ တောက်လျှောက် ရတာက အကြမ်းဖက်စစ်တပ်ကို တော်လှန်ကြတဲ့အခါမှာ ကျွန်တော်တို့ပြည်သူလူထုတေက ကျရာတာဝန်ကို ထောက်ပို့ဆိုလည်းထောက်ပို့ စသဖြင့် လူတိုင်းက ပြည်သူလူထုက ရောက်တဲ့နေရာမှာ ရှိတဲ့အရာနဲ့ မဖြစ်ဖြစ်အောင်တော်လှန်ကြတာဆိုတော့ အကုန်လုံးက တော်လှန်ရေးသမားတေဆိုတဲ့ အကြောင်းအရာကို ကျွန်တော်ခံစားရတယ် ပြီးတော့ စာသင်နေတာဆိုတော့ ကလေးတေကို အမြဲတမ်းပြောဖြစ်တာက မင်းတို့ အသက်အရွယ် ငယ်သေးလို့ ပညာမစုံသေးလို့ အသိဉာဏ်မရင့်ကျက်သေးလို့ လက်နက်မကိုင်ရတာ ဒါပေမယ့် မင်းတို့က ရဲဘော်တေ ဘယ်လိုရဲဘော်တေလဲဆိုတော့ မင်းတို့က တော်လှန်ကျောင်းသားတေ မင်းတို့တက်နေတာက တော်လှန်ကျောင်း နှစ်အတန်းပညာမှာ သင်ရတဲ့ပညာကို မင်းတို့အပြည့်အဝရလိုက်နိုင်ရင် မင်းတို့ ဖက်ဆစ်တပ်ကို အနိုင်ရတာ ဖက်ဆစ်တပ်က မင်းတို့ကို ပညာမတတ်စေချင်ဘူး မင်းတို့က ပညာတတ်ဖြစ်အောင် ကြိုးစားနိုင်ရင် မင်းတို့ အနိုင်ရတာ တော်လှန်ရေးတစ်ရပ်မှာ အနိုင်ရဖို့က သေနတ်ကိုင်စရာမလိုဘူး သေနပ်ကိုင်တဲ့သူက ကိုင်မယ် သေနတ်မကိုင်နိုင်တဲ့သူက မြေဖြူကိုင်မယ် ထောက်ပို့လုပ်မယ် နောက်ကနေ တတ်နိုင်သလောက် ထမင်းဟင်းချက်ပေးမယ် ထမင်းဟင်းမချက်နိုင်တဲ့သူက ထင်းမီးဖိုရှာပေးမယ် ထင်းတေရှာပေးမယ် စသဖြင့် အဲ့လိုလူတိုင်း ရောက်တဲ့နေရာမှာ ကျတဲ့ တာဝန် ကိုယ်လုပ်နိုင်တဲ့ဟာကို အကုန်လုံးလုပ်နေကြတဲ့အတွက် အကုန်လုံးက တော်လှန်ရေးသမားတေ ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို ယူပြီး တော်လှန်ကျောင်းကို ကျွန်တော်ရေးဖြစ်ခဲ့ပါတယ်
Program Host, RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဆရာဆိုလို့ရှိရင် ဒီတော်လှန်ရေးကာလအတွင်းမှာ ဒီမြေပြင် စာသင်ကျောင်းတေမှာ ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ပညာသင်ကြားပေးနေတယ် ဆိုတာကိုလည်း သိရှိရတယ် ဆိုတော့နော် ဆိုတဲ့ခါကျတော့ ချင်းပြည်နယ်လိုမျိုး ဒေသ တွေမှာ ပုံမှန်အခြေအနေတွေတောင်မှ ပညာရေးဆိုင်ရာ အခက်အခဲတွေ ရှိခဲ့တာဆိုတော့လေ လက်ရှိ တော်လှန်ရေးကာလအတွင်းမှာ မြေပြင်စာသင်ကျောင်းတွေမှာ စစ်ရေးအန္တရာယ်တေ သင်ထောက် ကူပစ္စည်း အရင်းအမြစ်မလုံလောက်မှုပေါ့နော် ဒီဆရာ/ဆရာမတေရဲ့ လုံခြုံရေး ဆိုင်ရာစိုးရိမ်မှုတေ ဒါမှမဟုတ်ရင် ဘယ်လိုမျိုး အဓိကစိန်ခေါ်မှုတေနဲ့ ရင်ဆိုင် ကြုံတွေ့နေရ သလဲပေါ့နော် ဒီ စိန်ခေါ်မှုတေ ကြုံတွေ့လာတဲ့ခါမှာရော ဘယ်လိုမျိုး ရင်ဆိုင်ကျော်လွှား ခဲ့လဲရှင့်
ကဗျာဆရာဟာရှိန်း – အဓိက ကတော့ ကျွန်တော်တို့ဆီမှာရှိတာက လုံခြုံရေး လေကြောင်းအန္တရာယ်ပေ့ါ မြို့သိမ်းကာလမတိုင်ခင်ကတော့ လေကြောင်း အဓိကကြောက်ရတယ် ပြီးတော့ လက်နက် ကြီးဒဏ်ကြောက်ရတယ် တကယ်က ကျွန်တော်တို့ လေကြောင်းတိုက်ခိုက်မှုတေက နှစ်ကြိမ် သုံးကြိမ်လောက် ခံရတဲ့ခါကျတော့ ကလေးတေက အကုန်လုံးက ရှေ့မှာ အပေါက်ဝကနောက်ထဲမှာ ကျွန်တော်က ရှေ့ဆုံးမှာနေပြီးတော့ ရှေ့ဆုံးမှာ White board ပေါ်မှာ စာစသင်နေတဲ့ချိန်မှာ လေကြောင်းဆိုတဲ့ တခါတလေ ကလေးတေအသံနဲ့ လေကြောင်းအသံ မကြားရဘူး တခါတလေ လှည့်ကြည့်ရင် ကလေးတေ မရှိတော့ဘူး ဟဘာလဲဟ ဆိုပြီး ထွက်ကြည့်မှ ဆရာလေကြောင်းလေကြောင်းလေကြောင်းဆိုပြီး အဲ့ဒီဟာ ခဏခဏဖြစ်တယ် လေယာဉ်တခေါက်လာဝဲသွားပြီဆိုရင် AS လုပ်ခဲ့သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ လေကြောင်းတခေါက်လာတဲ့ခါတိုင်း ကလေးတေကို အခန်းထဲ ပြန်သွင်းတဲ့ခါ စာသင်လို့မရတော့ဘူး သူတို့ရဲ့စိတ်က လေကြောင်းတိုက်ခိုက်မှုကိုပဲ တောက် လျှောက်ရောက်သွားတာဆိုတော့ ကျွန်တော်တို့ကျောင်းကို AS လုပ်ခဲ့တဲ့ကာလတေဆိုရင် ကလေးတေအကုန်လုံးကို ဘာမှလုပ်လို့မရတော့ဘူး ချော့လို့မရ ခြောက်လို့မရတော့ဘူး ဘယ်လောက်ပဲ ဇာတ်တိုက်ပြီးလေ့ကျင့်ထားသည်ပဲပြောပြော တကယ်ရောက်လာပြီဟေ့ ဆိုရင် လေ့ကျင့်ထားသလို ဘယ်သူမှ လိုက်မလုပ်နိုင်ဘူး တကယ်တမ်းလက်တွေ့ကြုံလာရင် ဘေးလွတ်ရာကိုပဲ အကုန်လုံးကစဉ့်ကလျားထွက်ပြေးတယ် အဓိကအခက်အခဲကတော့ အဲ့ဒါပေ့ါလေနော နောက်ထပ် သင်ထောက်ပစ္စည်းတေကတော့ ကာလဒေသအရ ရှိတာမရှိတာထက်တော့ ရှိရင်တော့ပိုကောင်းတာပေါ့ မရှိရင်လည်း ကြံဖန်ပြီးပြင်ဆင်ကြမယ် ပြင်ဆင်လို့မဖြစ်နိုင်တဲ့အရာတေကို ကျွန်တော်တို့ ထားခဲ့ရတယ် ကျွန်တော့်အတွက် သင်ထောက်ကူပစ္စည်းက သင်တဲ့ဘာသာရပ်အရကော သိပ်ပြီးတော့ အခက်အခဲမရှိဘူး စာသင်တဲ့အချိန်မှာ နောက်ထပ်အခက်အခဲ တစ်ခုရှိတာက ဝါရင့်တဘာရင့် ဆရာဆရာမတေ CDM လုပ်ထားတဲ့ ဆရာ/မတေက သင်ကြားရေးဖက်ကို မလှည့်လာကြဘူး တချို့ဆို တောင်ယာခင်းထဲရောက်သွားတယ် တချို့ပြည်မရောက်သွားတယ် တချို့ပြည်ပရောက်သွား တယ် စသဖြင့်ပေါ့ တချို့ ကျန်ခဲ့တဲ့လူတေကလည်း ပညာရေးကို အားမသန်ကြတော့ဘူး အဲ့လိုနဲ့ဆိုတော့ Volunteer လေးတေခေါ်ရတယ် ကျွန်တော်တို့က မြန်မာစာသမားဆိုတော့ သိပ်ပြီးမသိသာပေမယ့် တချို့ကျောင်းတေမှာ Volunteer တေနဲ့ပဲ Run ရတဲ့ခါကျတော့ အခက်အခဲတော်တော်တွေ့တယ် ပိုပြီးခက်ခဲတာက G1ကလေးတေ KG ကလေးတေပေါ့လေ အဓိက သင်ပေးတဲ့ဆရာမကိုယ်တိုင်က ဝလုံးမရေးတတ်ဘူး ဝလုံးရေးခိုင်ရင် အိုရေးသလား ဇီးရိုးရေးသလား စသဖြင့်ဖြစ်လာတယ် အငယ်အဆင့်ကတော့ သင်ထောက်ကူ တော်တော်လေးလိုအပ်တယ် နောက်ထပ် ကျောင်းသားမိဘတေက နည်းနည်းအရွယ်ရောက် လာတဲ့ကလေးတေကို ကျောင်းမထားချင်တော့ဘူး တောင်ယာထဲခေါ်သွားမလား ဥယျာဉ် လုပ်ငန်းထဲထည့်မလား ဒါမှမဟုတ်ရင် နိုင်ငံရပ်ခြားစေလွှတ်မလား ကိုးတန်းဆယ်တန်း လောက်ရောက်ရင် ကျောင်းမထားချင်တော့ဘူး ကျောင်းထားလို့ G-12 ထိ ပြီးသွားပြီဆိုရင် အဆင့်မြင့်ပညာရေးကို တက်လှမ်းနိုင်ဖို့ ပြည်နယ်အဆင့်မှာ အဆင့်မြင့်တက္ကသိုလ်မရှိဘူး ပိုက်ဆံရှိတဲ့လူတေက အနီးစပ်ဆုံးဆိုရင် မီဇိုးရမ်း၊ နယူးဒေလီသွားကြတာကိုး ချင်းပြည်နယ်က အဲ့လောက်ကြီးဖွံ့ဖြိုးမှုမရှိဘူး ပြီးရင် ငွေရေးကြေးရေးအရ ဆင်းရဲနုံချာတဲ့ တောင်တန်းဒေသဆိုတော့ ကျောင်းသားမိဘတေက ပိုမသေချာဘူးလို့ထင်တဲ့ ပညာရေးထဲ ရင်နှီးမြှုပ်နှံဖို့ စိတ်မဝင်စားကြဘူး ဝဥလုပ်ရင် သုံးနှစ်လုပ်ရင် သိန်းတစ်ရာလောက်ရတယ် ဒါက သူတို့အတွက် တွက်ချေကိုက်တယ် ကုန်ဈေးနှုန်းအရ အစစအရာရာ ဈေးကြီးတာကို အသားငါးစာချင်ရင်တောင် တော်ရုံတန်ရုံ မိသားစုတေက မစားနိုင်ဘူး အဓိက အခက်အခဲတေက ကျောင်းသားမိဘတေလည်း ပါတယ် ဝါရင့်တဘာရင့် ဆရာ/မတေ သင်ကြားရေးထဲပြန်မပါလာတာပါမယ် လေကြောင်းအန္တရာယ်ကတော့ အဓိကပေါ့လေနော နောက်ထပ်ကတော့ သင်ထောက်ကူပစ္စည်းမစုံတာပါမယ် အဲ့ဒီဟာတေအတွက်ကို အဓိကစိန်ခေါ်မှုက ဘာဖြစ်လဲဆိုတော့ လေကြောင်းအတွက်ကတော့ ကျွန်တော်တို့ဘာမှ လုပ်လို့မရဘူး ကျောင်းသားမိဘတေကိုတော့ ကျွန်တော်တို့ စည်းရုံးဖို့ ကျောင်းသားတေ ကိုယ်၌ကို ပညာရေးကို စိတ်ဝင်စားဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်ဖို့လိုသလဲဆိုတော့ တိကျတဲ့ ပန်းတိုင်ကို ကျွန်တော်တို့ ပြောပြပေးနိုင်ဖို့လိုတယ် 12 တန်းပြီးရင် ချင်းတောင်ဘယ်နေရာမှာ တက္ကသိုလ်ဖွင့်မလဲ တက်လို့ရမလဲ စသဖြင့် အာမခံချက် ပြည့်ပြည့်ဝဝ ရာနှုန်းပြည့်တဲ့ အာမခံချက် ကျွန်တော်တို့ကိုယ်တိုင်လည်းမပေးနိုင်ဘူး ဒီအတွက်ကို တကယ့်ကောင်းမွန်တဲ့ အဆင့်မြင့်တဲ့ ပညာရေးအတွက်ကို မဟာဗျူဟာ နည်းဗျူဟာတေ ဌာနဆိုင်ရာအလိုက် လူကြီးတေ ရေးဆွဲကြမလား ချမှတ်ပြီးမှရေးဆွဲရေးဆွဲ ရေးဆွဲပြီးမှပဲချမှတ်ချမှတ် ဘယ်လိုပဲ လုပ်လုပ် မြေပြင်မှာ အကောင်အထည်ဖော်ပေးနိုင်ဖို့ ပြည်သူကို အာမခံချက်ပေးနိုင်ဖို့ တော်တော်လေးကို လိုအပ်နေတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်
Program Host, RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီတော်လှန်ရေးကာလအတွင်းမှာ ကျောင်းနေ အရွယ်လူငယ် တွေကို အတင်းအကျပ် စစ်မှု ထမ်းဖို့အတွက် ခေါ်ဆောင်နေတာတွေ ရှိတယ်ပေါ့နော် ဆိုတော့ အဲ့ဒီလိုမျိုးလုပ်ရပ်တေဟာ ၎င်းတို့ရဲ့ ပညာသင်ယူခွင့်ဆုံးရှုံးပြီးတော့ နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ဘယ်လိုမျိုး ထိခိုက်စေနိုင်တယ်လို့ ဆရာ့အနေနဲ့ သုံးသပ်ပါသလဲ ဒီလိုစိန်ခေါ်မှုတေကို ရင်ဆိုင်ဖို့နှင့် မြန်မာ နိုင်ငံရဲ့ အနာဂတ်ဒီပညာရေးနဲ့ တည်ဆောက်ဖို့ ဘယ်လိုမူဝါဒတေ အစီအမံတေ ဒါမှမဟုတ်ရင် ဦးစား ပေးဆောင်ရွက်မှုတေကို အကြံပြုနိုင် မလဲဆရာ
ကဗျာဆရာဟာရှိန်း – နယ်တိုင်းနယ်တိုင်း ကျောင်းတိုင်းကျောင်းတိုင်းမှာ ကျွန်တော်တို့ကတော့ ပညာသင်ကြားရမယ့် အရွယ် အကုန်လုံးကို စာသင်ခန်းထဲမှာ ရှိစေချင်တယ် သင်ကြားပေးတဲ့ ဆရာ ဆရာမတေကိုယ်တိုင်ကလည်း ဒီခေတ်ကြီးထဲမှာ အကုန်လုံး ကျောင်းသားတေမှာ စွန့်လွှတ်ရတာမဟုတ်ဘူး ဆရာ/မတေလည်း အပေါ်မှာ ပြောခဲ့တဲ့ ဘေးအန္တရာယ် တေ စိန်ခေါ်မှုတေကို ရင်ဆိုင်ဖြတ်သန်းကြရင်းနဲ့ပဲ ကိုယ့်မှာ ရှိတဲ့ အကောင်းဆုံးအရာတေကို ကလေးတေကို လက်ဆင့်ကမ်းပေးနေကြတာ ကျောင်းတက်ရမယ့် လူငယ်လူရွယ်တေကို ကျောင်းစာသင်ခန်းထဲ ကျွန်တော်တို့ ထည့်မထားနိုင်သ၍ နောက်လာမယ့် အနာဂတ်မှာ မျိုးဆက်အနည်းဆုံး မျိုးဆက်တစ်ခုစာ ကျွန်တော်တို့ ခေတ်နောက်ကျ ကျန်ခဲ့မယ် တော်တော်များများ လူတေကို သိစေချင်တယ် မျိုးဆက်တစ်ခု Gap တစ်ခု တော်တော်လေးကို မျိုးဆက်ပြတ်သွားပြီ ဖွံ့ဖြိုးရေးနောက်ကျသွားပြီဆိုတာနဲ့ အခုတောင်မှ နောက်ကျနေတဲ့ ချင်းတောင်က နောက်ထပ်နောက်ကျအုံးမှာပဲ လူလူသူသူဖြစ်လာဖို့ကတော့ စာသင်ခန်းထဲ မရောက်လာတဲ့ ကလေးတွေရဲ့ လက်ထဲကို နောင်တချိန် ကျွန်တော်တို့ရဲ့ ချင်းတောင်နဲ့ ပြောရင်တော့ ချင်းတောင်တန်းတစ်ခုလုံး နိုင်ငံအနေနဲ့ပြောရင်တော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့တာဝန်တေကို ပညာမတတ်တဲ့ ကလေးတေရဲ့ ပုခုံးပေါ်ကို ကျွန်တော်တို့ ပစ်တင်ပေးလိုက်ကြမှာလား ဒါကတော့ ကျွန်တော်မေးခွန်းထုတ်ချင်တာပေါ့ ကျွန်တော် ပြောတဲ့ပညာက အတန်းပညာတခုထဲတော့မဟုတ်ဘူးပေါ့လေ အကျိုးအကြောင်းကို ဝေဖန်ပိုင်းခြားနိုင်တာ အဆိုးအကောင်းဝေဖန်ပိုင်းခြားနိုင်တာ ဓမ္မနဲ့ အဓမ္မကို ဝေဖန်ပိုင်းခြား နိုင်တာ အစရှိသဖြင့်ပေါ့ ပညာကတော့ စကားပုံမှာတောင်ရှိတယ် ငါးပိဖုတ်တာတောင်မှ ဆရာမပြရင် နည်းမကျဘူးလို့ပြောတာ ကျောင်းတက်ရမယ့် လူငယ်လူရွယ်တိုင်းကို ကျောင်းစာသင်ခန်းထဲမှာ ရှိစေချင်တယ် အခုက ကျွန်တော်တို့မင်းတပ်က မြို့သိမ်း တိုက်ပွဲပြီးသွားပြီ မြို့ကို ကျွန်တော်တို့ ပြန်ရပြီးပြီဆိုတော့ စစ်မှုမထမ်းမနေရထက် ကျောင်းနေရမယ့်လူ အရွယ် ကလေးလူငယ်လူရွယ်အထိ စာသင်ခန်းထဲရှိရမယ့်လူအကုန်လုံး စာသင်ခန်းထဲ ကျောင်းမတက်မနေရဆိုတဲ့ဟာမျိုးပဲ ကျွန်တော်တို့ ပိုပြီးမှ လိုချင်ပါတယ် ဒါအတွက် ကျွန်တော်တို့က အုတ်မြစ်ချနေတာ ရင်းနှီးမြှုပ်နှံနေတာ ဒါကလုံးဝအရှုံးမရှိဘူး ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာကတော့ လုံးဝအရှုံးမရှိဘူးဆိုတော့ ကျွန်တော်တို့ကတော့ စာသင်ခန်းထဲကိုပဲ ကျွန်တော်တို့ကတော့ ထည့်ထားစေချင်ပါတယ်၊ကျွန်တော်တို့ အခု မြင်နေတဲ့စနစ်ထက် ပိုကောင်းတဲ့စနစ်ကို သွားချင်ရွေ့ချင်ရင် ကလေးတေကို ကျောင်းခန်းထဲ ထည့်ထားမှ ရွေ့နိုင်ပါမယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်
Program Host, RAIN- ဟုတ်ကဲ့ပါ ဆိုတော့ နောက်တခု ဆက်ပြီးတော့ မေးချင်တဲ့ မေးခွန်းကတော့ ဒီတော်လှန်ရေးကာလမှာ ဒီလူငယ်နှင့် အမျိုးသမီးတွေရဲ့ပါဝင်မှု အခန်းကဏ္ဍတေ တော်တော် လေး တွေ့မြင်နေရတယ်ပေါ့ဆိုတော့ လူငယ်နဲ့အမျိုးသမီးတေရဲ့ ဦးဆောင်မှုနှင့် ပါဝင်မှုကို ဆရာလူငယ် တစ်ဦးအနေနဲ့ ဘယ်လိုတေ သုံးသပ်ပါသလဲ။ ဒီနိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ဒါမှမဟုတ် လူမှုရေး ကဏ္ဍတေမှာ ၎င်းတို့ရဲ့ အခန်းကဏ္ဍက ကျွန်မတို့ရဲ့ အနာဂတ် တိုင်းပြည်နဲ့ ဖွံ့ဖြိုးဖို့အတွက်ပေါ့နော် ဘယ်လို အကျိုးသက်ရောက်နိုင်တယ်လို့ ယူဆပါ သလဲရှင့်
ကဗျာဆရာဟာရှိန်း – အဓိက ဦးဆောင်နေတာကိုက လူငယ်လူရွယ်တေနဲ့ အမျိုးသမီးထုပါတယ်ပေါ့လေနော ဆိုတော့ ကျွန်တော်တို့ကတော့ ဒီအပေါ်မှာ လူငယ်လူရွယ်နဲ့အမျိုးသမီးထုဆိုတာ ခွဲခြားပြီး တော့ ပြောရတာကိုက ကျွန်တော့်အတွက် အဆင်မပြေဘူး ကျွန်တော့်အမြင်ကတော့ Gender ခွဲတာ ဘာတေက ဟိုးရှေးရှေးတုန်းက သမိုင်းထဲမှာ စွန့်ပစ်ရမယ့် ထားခဲ့ရမယ့် အရာတေ ဆိုတော့လေနော့ ကျွန်တော်တို့မြင်နေတာကိုက အမျိုးသမီးတေ တော်လှန်ရေးထဲမှာ တော်တော်ပါတယ် လူကြီးတေ ပါတယ်ဆိုပေမယ့်လည်း လူငယ်လူရွယ်တေနဲ့ အမျိုးသမီးတေ အဲ့ဒီထဲမှာ ရာခိုင်နှုန်းအားဖြင့်က ခေါင်းဆောင်မှုအပိုင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးတေ တော်တော်အားနည်းတယ် စစ်ရေးနှင့်ပတ်သက်ပြီး ပြန်ပြောရမယ် ဆိုရင်တော့ အမျိုးသမီး ခေါင်းဆောင်တေ တော်တော်ရှားတယ် ချွင်းချက်အနေနဲ့ အမျိုးသမီး တေ ရှားတယ် နည်းတယ်ဆိုတာက တဖက်ကကြည့်ရင် ညံ့တယ်လို့ တချို့က မြင်လိမ့်မယ် ဒါပေမယ့် အမျိုးသမီးတေက ဘယ်တုန်းကမှ မညံ့ပါဘူး တချို့နေရာတေမှာ အမျိုးသား ယောကျာ်းလေးတေထက်တောင်မှ သူတို့မှာ ပိုပြီးထက်မြက်တယ် ကြံ့ခိုင်တယ် ဒီနေရာမှာ ကျွန်တော်တခု မှတ်မိတာ ပြောမယ်ဆိုရင် ကလေးမှာလား ချင်းမလေးတေ အများကြီး အဖမ်း ခံရတယ်လေနော ထောက်ပို့လုပ်လို့ အဖမ်းခံရတယ် သူတို့အကြည့်တေ ခုထိ မျက်လုံးထဲက မထွက်ဘူး တချို့ယောက်ျားလေးတေ စစ်ကြောရေးမှာ ရောက်တာနဲ့ အရည်ပျော်မှာ ကောင်မလေးတေ လုံးဝကို မင်းဘာလဲ ငါဘာလဲ ကဲ တောက်ပတဲ့ စူးရှတဲ့ ရဲဝံ့တဲ့ အကြည့်တေ နဲ့ အများကြီးပဲ ဒီဖက်မှာ ချင်းတောင်အနေနဲ့ ပြန်ပြောမယ်ဆိုရင် ဒီဖက်မှာ CNO/CNDF မှာ ကျွန်တော်တို့ Oliver က Smart ဖြစ်တယ် ရဲရင့်တယ် တက်ကြွတယ် ထက်မြက်တယ် ကြံ့ခိုင်တယ် ရမ်ရိန်းတောင်မှ ကြည့်ပါလား ထက်မြက်တာ မိန်းမညံ့သလား မညံ့ဘူး ကျွန်တော်တို့ ယောက်ျားလေးတေက ကျွန်တော်တို့နဲ့ တန်းတူ ရဲရဲဝံ့ဝံ့ နေရာပေးရဲဖို့လိုတယ် မိန်းမတေ ငါတို့ကို ကျော်သွားမှာ ကြောက်နေရင်တော့ အမြဲတမ်းကြောက်နေရမှာပဲ ရဲရဲဝံ့ဝံ့နေရာပေးကြပါ ကျွန်တော်တို့လုပ်နိုင်တာတေထက် ပိုပြီးလုပ်နိုင်တာတေရှိတယ် ဖြတ်ထိုးဉာဏ်ဆိုရင် မိန်းခလေးတေပိုကောင်းတယ် အလုပ်တခု လုပ်ရင် စေ့စပ်သေချာတာ မိန်းခလေးတေ ပိုပြီးစေ့စပ်သေချာတယ် စရှိသဖြင့်လေနော သူ့မှာလည်း အားသာချက်တေ အများကြီးဆိုတော့ အဲ့ဒီအားသာချက်တေကို တော်လှန်ရေးမှာ ရအောင် အသုံးပြုနိုင်ဖို့လိုတယ် လူငယ်လူရွယ်တေ အကုန်လုံးရဲ့လက်ထဲ ကျွန်တော်တို့က တိုင်းပြည်ရဲ့ အနာဂတ် ကျွန်တော်တို့ရဲ့ အနာဂတ် ကျွန်တော်တို့ရဲ့ မျိုးဆက်တေရဲ့ အနာဂတ်ကို ကျွန်တော်တို့ အကုန်လုံးကို နေရာပေးထား ရဲရဲဝံ့ဝံ့ကို နေရာပေးကြပါ ဒါပေမယ့် နေရာယူကြမယ့်သူတေကလည်း အဓိကပါလိုသလဲဆိုရင် တော်လှန်ရေးမှာ ရိုးသားဖို့ တစ်ခုတည်းပဲလိုတာ လူငယ်လူရွယ်မှမဟုတ်ဘူး အဘိုးကြီးတေ ဦးဆောင်ရင်ပဲဖြစ်ဖြစ် မရိုးသားရင်တော့ နိုင်ငံရေးရဲ့အရွေ့က ဘယ်တော့မှ လှမှာမဟုတ်ဘူး
Program Host, RAIN – ဟုတ်ကဲ့ပါ တော်လှန်ရေးကာလ ဒီမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဒီအိမ်နီးချင်းနိုင်ငံများ အနေနဲ့ ၎င်းတို့ရဲ့ မြန်မာ့နွေဦးတော်လှန်ရေး ချဉ်းကပ်မှုအပေါ်မှာပေါ့နော် ဒီအငြင်းပွားမှု ဖြစ်နေတယ်လို့ တချို့ကလည်း သုံးသပ်တယ် ဆိုတော့ ဆရာရဲ့အမြင်မှာကော ဒီတရုတ်တို့ အိန္ဒိယ၊ ထိုင်းတို့ရဲ့ လက်ရှိ မူဝါဒများနှင့် ဆောင်ရွက်ချက်တေအပေါ်မှာ ဘယ်လိုတေ သုံးသပ်ပါသလဲ။ ဆိုတော့ အိမ်နီးချင်း နိုင်ငံများ အနက်မှာ ဘယ်နိုင်ငံရဲ့ တုံ့ပြန်မှုက မြန်မာ့တော်လှန်ရေးအတွက် အကျိုးရှိဆုံးဖြစ်မယ်လို့ ဆရာယူဆပါသလဲ။
ကဗျာဆရာဟာရှိန်း – နိုင်ငံတိုင်း နိုင်ငံတိုင်း လူမျိုးတိုင်းလူမျိုးတိုင်းက အကျိုးစီးပွားကိုပဲကြည့်တယ် ပထမ ကမ္ဘာစစ်ဖြစ်တယ် ဒုတိယကမ္ဘာစစ်ဖြစ်တယ် တိုင်းပြည်တိုင်း စစ်ပွဲတိုင်းပါဝင်နေတဲ့ တိုင်းပြည်တိုင်းက သူ့အကျိုးစီးပွားတွက် ပါဝင်တာပဲ စစ်မဖြစ်တဲ့ စစ်ထဲကို ဝင်မပါတဲ့ တိုင်းပြည်ကလည်း သူ့အကျိုးစီးပွားကိုပဲကြည့်တယ် နွေဦးတော်လှန်ရေးမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း သူတို့အကျိုးစီးပွားကိုပဲ သူတို့ကြည့်တယ် တရုတ်ဆိုရင် မြန်မာပြည်ကထွက်တဲ့ အဖိုးတန်သစ်တေ ကျောက်မြက်ရတနာတေ ဘယ်လောက်ထိ ဒီတော်လှန်ရေးပြီးသွားရင် တက်လာမယ့်အစိုးရက သူ့အတွက် အကျိုးရှိနိုင်သလား ဒါကိုပဲ ကြည့်တာ ဆိုတော့ သူ့အတွက် ကောင်းကျိုးရှိဖို့က ရာခိုင်နှုန်းသိပ်မရှိဘူးဆိုတော့ စစ်တပ်နဲ့သူက အဆင်ပြေတယ် စစ်တပ်အုပ်ချုပ်ရင် သူ့အတွက် အကျိုးရှိတယ် အိန္ဒိယကလည်း အတူတူပဲ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကိုး ကျွန်တော်တို့အတွက် အနီးစပ်ဆုံးပါ သူတို့ကတော့ သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ကြည့်တာ မှန်တယ် ထိုင်းလူမျိုးတေက ကျွန်တော်တို့ နွေဦးတော်လှန်ရေးကို အားပေးတယ် ထောက်ခံတယ် ဝိုင်းရံတယ် ဒါပေမယ့် ထိုင်းအစိုးရက ကျွန်တော်တို့ကို အားမပေးဘူး ဘာလို့လဲ ရှင်းရှင်းလေးပဲ ဒီတော်လှန်ရေးပြီးသွားရင် ထိုင်းက ဘာသယံဇာတမှမသိပ်ထွက်ဘူး မြန်မာပြည်က ထွက်တဲ့ မြေပေါ်မြေအောက် သယံဇာတအားနဲ့ ဆယ်နှစ်လောက်အတွင်းမှာ ခေတ်ကောင်း စနစ်ကောင်း အစိုးရကောင်းလက်ထက်ဖြစ်လာရင် ဆယ်နှစ်လောက် အတွင်းမှာ ထိုင်းကို ကျော်တက်သွားမှာ ဒါကို ထိုင်းကလက်မခံဘူး လက်မခံနိုင်တော့ ကျွန်တော်တို့ကို အားမပေးဘူး သူ့အကျိုးစီးပွားနဲ့သူက တော်လှန်ရေးအစကနေ ဒီလောက်အထိ ကျွန်တော်တို့ကိုယ်တိုင်ကြိုးစားရတယ် ကြိုးစားရတဲ့ အသီးအပွင့်တေ ခံစားရတယ် ပန်းတိုင်ကို ရောက်တဲ့အထိ ကျွန်တော်တို့ ကြိုးစားရမယ် ကြိုးစားတဲ့နေရာမှာ သံတမန်နည်းလမ်းတေနဲ့ ဒီအိမ်နီးချင်းနိုင်ငံတေနဲ့ သူ့အကျိုးစီးပွား သူ့အကျိုးစီးပွား နှစ်ဖက်အကျိုးစီးပွားမျှအောင် ကျွန်တော်တို့လုပ်ဖို့ဆိုရင် ဘာလုပ်နိုင်သလဲဆိုရင်တော့ အဓိကကတော့ အစိုးရလို့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့သူတေအနေနဲ့ သူတို့စိုးမိုး နယ်မြေတေမှာ အစိုးရဆိုရင် အစိုးရနဲ့တူတဲ့အလုပ်ကိုလုပ် NUG ကအစိုးရဆိုရင် သူက အစိုးရနဲ့တူတဲ့အလုပ်ကို တူအောင်လုပ်နိုင်ရင် အိမ်နီးချင်းနိုင်ငံတေက လက်ခံလာပါလိမ့်မယ် ကျွန်တော်တို့ တော်လှန်ရေးအတွက်ကတော့ အိမ်နီးချင်းနိုင်ငံတေရဲ့ အကျိုးကျေးဇူးရှိလား မရှိလားဆိုတာထက် တော်လှန်ရေးအတွက် ကျေးဇူးအရှိဆုံးလူတေက ဘယ်သူတေလည်း ဆိုရင် ပြည်သူလူထုက ဒီတော်လှန်ရေးအတွက် ကျေးဇူးအရှိဆုံးလူတေဖြစ်တယ် ဒါကို တော်လှန်ရေးအဖွဲ့အစည်းတိုင်းက အမြဲတမ်းနှလုံးသွင်းထားရမယ် တော်လှန်ရေးအဖွဲ့ အစည်းတေက ပြည်သူလူထုက ဘာမှမဟုတ်ပါဘူးဆိုရင် အဲ့ဒီတော်လှန်ရေးက ပြီးပြီပဲ ကျွန်တော်တို့ကြိုးစားခဲ့သမျှ တရက်ထဲနဲ့ ပုံးဆိုပြီး ပြိုကျသွားမယ်
Program Host, RAIN – ကျေးဇူးတင်ပါတယ် ကျွန်မတို့ ဒီဓမ္မနဲ့အဓမ္မတိုက်ပွဲဖြစ်ပြီး အခုနောက်ပိုင်း တော်လှန် ရေးအင်အားစုတေမှာ နိုင်ငံရေးရပ်တည်ချက်တေကြောင့် အချင်းချင်းကွဲပြား လာတာ ကိုလည်း တွေ့မြင်လာရတယ်ပေ့ါနော် အဲ့ဒီအပေါ်မှာ ဆရာဘယ်လိုမျိုးမြင်သလဲပေါ့နော် အချင်းချင်းညီညွတ်ဖို့အတွက် ဘာတွေကို ရှောင်ပြီးတော့ ဘယ်လိုအရာတွေကို ဆောင်ပြီး တော့မှ လုပ်ဆောင်သင့်သလဲဆိုတဲ့ ဆရာ့ရဲ့အမြင်လေးကိုလည်း ပြောပြပေးစေလိုပါတယ် ပြီးတော့ တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG အနေနဲ့ရော ဘာတေပြောင်းလဲဖို့လိုတယ်လို့ ဆရာမြင်ပါသလဲရှင်
ကဗျာဆရာဟာရှိန်း – တော်လှန်ရေးအဖွဲ့အစည်းတေကြား သဘောထားမတိုက်ဆိုင်မှုတေ ဘယ်လိုနည်းနဲ့ ပြန်ပြီးတော့ တည့်မတ်နိုင်မလဲဆိုရင် ပြည်သူလူထုအားနဲ့ပါပဲ ကွဲပြဲနေတဲ့ အဖွဲ့အစည်းတေ ဘယ်နှဖွဲ့ပဲကွဲကွဲ ကွဲတယ်ဆိုကတည်းကိုက ပြည်သူလူထုအသံကို နားမထောင်လို့ကွဲတာပါပဲ ပြည်သူလူထုကတော့ သူတို့ခံစားတဲ့ဟာပြောမယ် ဒါကိုနားထောင်ပေးဖို့ ကျွန်တော်တို့ ချင်းအရေးမှာဆိုရင်လည်း အဓိက ပြည်သူလူထုအသံကို နားထောင်ဖို့ ဘာကိုရှောင်သင့် သလဲဆိုရင်တော့ ငါတကောကောတာတေ အတ္တတေလျှော့ ဘာကိုဆောင်သင့်သလဲဆိုရင် ပြည်သူ့အသံကို နားထောင်ဖို့ NUG ကတော့ဘာလုပ်ဖို့ လိုသလဲဆိုရင် လေလှိုင်းအစိုးရကနေ မြေပြင်အစိုးရဖြစ်လာအောင်လုပ်ဖို့ NUG က ဘာကို အဓိကလုပ်ရမလဲဆိုရင် သူ့ရဲ့ အဓိက ပ(၃)လုံးကို နိုင်အောင်ကိုင်ဖို့ ပ(၃)လုံးကို နိုင်နိုင်ရင်တော့ အဓိကကတော့ အညာမြေ တကျောမှာ NUG က တော်တော်လေး ဒုက္ခရောက်မှာ ဆိုတော့ကျွန်တော်တို့က အဖွဲ့အစည်း တေကြားထဲမှာလည်း အတုယူသင့်တာကို အတုယူ ဘယ်အဖွဲ့မှာ ခြောက်ပစ်ကင်း သဲလဲစင် မနေဘူးဆိုရင်တောင်မှ အဲ့ဒီအဖွဲ့ တဖွဲ့ချင်းစီရဲ့ ကောင်းတာတေကို ကိုယ်က လိုက်ပြီးအတုယူ ခြင်းဖြင့် ပြည်သူတေ စိတ်ချမ်းသာစရာဖြစ်လာမှာပါ
Program Host, RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်မတို့ရဲ့ ဒီနေ့အစီအစဉ်မှာ အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့ အတွက် ဆရာ့ကို အများကြီးကျေးဇူးတင်ပါတယ်ရှင်
ကဗျာဆရာဟာရှိန်း – ကျေးဇူးပါခဗျာ