ကမ္မမြို့ရပ်ကွက်ဆေးခန်းကို စစ်တပ်က ဗုံးကြဲ

မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် ၆ နာရီ ၁၇ မိနစ်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက် ဂျိုးပျံရပ်ကွက်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးခန်းအဆောက်အအုံပျက်စီးကာ အနီးရှိ ထန်းပင်တစ်ပင်လည်း ထက်ဝက်ခန့် ပြတ်ထွက်သွားသည်။ ဆိပ်ဖြူတကိုယ်တော်ကျားဇိုးက ဆေးခန်းမှာ ကြာရှည်ပိတ်ထားခဲ့ရပြီး ဒဏ်ရာရသူတစ်ဦးမှာ ဦးခေါင်းပေါက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ စစ်ကောင်စီက မေလအတွင်း အပစ်ရပ်ရေး ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။