ဇွန် ၂၂၊ ၂၀၂၆

The Kaladan Post

 

ကိုလံဘီယာနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ (အဆုံးအဖြတ်မဲခွဲပွဲ) မှာ လက်ယာယိမ်း ကိုယ်စားလှယ်ဖြစ်သူ အဘယ်လာဒို ဒေ လာ အက်စ်ပရီရဲလား (Abelardo De La Espriella) ဟာ ပြိုင်ဘက်ဖြစ်သူကို မဲအနည်းငယ်အသာနဲ့ အကြိတ်အနယ် အနိုင်ရရှိသွားခဲ့ပါတယ်။ သူဟာ မှုခင်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းပြီး စီးပွားရေးကို ပြန်လည်မြှင့်တင်မယ်လို့ ကတိပေးထားသူဖြစ်သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

နိုင်ငံတော် ရွေးကောက်ပွဲကော်မရှင်ရဲ့ ကနဦး မဲရေတွက်မှုရလဒ်တွေအရ De La Espriella က မဲခိုင်နှုန်း ၄၉.၆၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်တဲ့ လက်ဝဲယိမ်း အထက်လွှတ်တော်အမတ် အိုင်ဗန် ဆီပီဒါ (Ivan Cepeda) ကတော့ ၄၈.၇၀ ရာခိုင်နှုန်းနဲ့ ကပ်လျက်လိုက်နေကာ မဲအရေအတွက်အားဖြင့် ၂ သိန်းခွဲခန့်သာ ကွာဟခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်ခွင့်ရှိသူ ၄၁.၄ သန်းအနက် ၂၆.၃ သန်းကျော် လာရောက်မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဘာရန်ကီလာ (Barranquilla) မြို့မှာ စုဝေးနေတဲ့ ထောက်ခံသူတွေကို အနိုင်ရကိုယ်စားလှယ် De La Espriella က “ကျွန်တော့်ကို မဲပေးခဲ့သူတွေအတွက်ရော၊ တခြားကိုယ်စားလှယ်ကို ရွေးချယ်ခဲ့သူတွေအတွက်ပါ ကိုလံဘီယာပြည်သူအားလုံးအတွက် ကျွန်တော် အုပ်ချုပ်သွားမှာပါ။” လို့ ပြောကြားခဲ့ပြီး နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးကို လေးစားလိုက်နာမယ့်အကြောင်း ကတိပြုခဲ့ပါတယ်။

De La Espriella ဟာ အမေရိကန်နဲ့ အီတလီ နိုင်ငံသားခံယူထားသူဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိသမ္မတ ပက်ထရို (Petro) ရဲ့ အစိုးရလက်ထက်မှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေး ကျဆင်းခဲ့ရတယ်လို့ အပြစ်တင်ထားပြီး လက်နက်ကိုင်တွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ရပ်တန့်ကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခြေခံလစာ ၂၃ ရာခိုင်နှုန်း တိုးမြှင့်ပေးထားတာ အပါအဝင် လူကြိုက်များတဲ့ လူမှုရေးအထောက်အပံ့တွေကိုတော့ ဆက်လက်ထားရှိသွားမယ်လို့ ဆိုပါတယ်။

ပြိုင်ဘက် အသက် ၆၃ နှစ်အရွယ် ဆီပီဒါ ကတော့ မဲပုံးပေါင်း ၁ သိန်း ၂ သောင်းကျော်အနက် ၃ သောင်း ၃ ထောင်ခန့်ရဲ့ ရလဒ်တွေအပေါ် ကန့်ကွက်ထားပြီး မဲရလဒ်တွေကို တစ်ရွက်ချင်း စိစစ်တဲ့ နောက်ဆုံးအတည်ပြုချက်ကို စောင့်ကြည့်သွားမယ်လို့ ဘိုဂိုတာ (Bogota) မြို့က သူ့ရဲ့ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆီပီဒါက “ကျွန်တော်တို့အနေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေလုပ်ဖို့ တံခါးဖွင့်ထားပါတယ်။ နိုင်ငံအတွက် အကျိုးရှိစေမယ့်၊ ကျွန်တော်တို့ ရရှိထားပြီးဖြစ်တဲ့ သမိုင်းဝင်တိုးတက်မှုတွေကို ထိန်းသိမ်းနိုင်မယ့် နိုင်ငံရေးလုပ်ဆောင်ချက်တွေမှာ အပြန်အလှန်လေးစားမှုရှိပြီး စစ်မှန်တဲ့ သဘောတူညီချက်တွေရယူဖို့ ဆန္ဒရှိပါတယ်။” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

De La Espriella သမ္မတဖြစ်လာချိန်မှာတော့ အစိုးရအကြွေးတွေ များပြားနေတဲ့ ပြဿနာနဲ့ သဘောထားကွဲလွဲနေတဲ့ လွှတ်တော်ရဲ့ စိန်ခေါ်မှုတွေကို အဓိကထား ရင်ဆိုင်ရဖို့ရှိနေပါတယ်။ အကြောင်းမှာ လွှတ်တော်နှစ်ရပ်စလုံးတွင် မည်သည့်ပါတီကမှ အများစုနေရာကို မရရှိထားသော်လည်း ပြိုင်ဘက် ဆီပီဒါရဲ့ ပါတီက အမတ်နေရာအများဆုံး ရရှိထားတာကြောင့် ဥပဒေပြုရေးပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်လို့ဖြစ်ပါတယ်။ သို့သော်လည်း စီးပွားရေးအသိုက်အဝန်းကတော့ သူ့ကို ကြိုဆိုလျက်ရှိပြီး ကိုလံဘီယာ-အမေရိကန် ကုန်သည်ကြီးများအသင်း၊ သတ္တုတူးဖော်ရေးအသင်းနဲ့ ဘဏ်လုပ်ငန်းရှင်များအသင်း အစရှိတဲ့ အဖွဲ့အစည်းများက ၎င်းတို့အနေဖြင့် “De La Espriella ၏ ရွေးကောက်ပွဲအောင်နိုင်မှုအတွက် ဂုဏ်ပြုပါကြောင်း” အသီးသီး ထုတ်ပြန်ထားကြပါတယ်။

ဒီရွေးကောက်ပွဲ အောင်နိုင်မှုအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က De La Espriella ထံ ဖုန်းဆက်ဂုဏ်ပြုခဲ့ပါတယ်။ ထရမ့်ဟာ တောင်အမေရိကဒေသတွင်းမှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို တိုးချဲ့ဖို့ ကြိုးပမ်းနေပြီး ဒီရွေးကောက်ပွဲရလဒ်ဟာ အမေရိကန်-ကိုလံဘီယာ ဆက်ဆံရေးအတွက် အလွန်အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။ မကြာသေးမီက ချီလီ၊ အာဂျင်တီးနား၊ ဘိုလီးဗီးယားနဲ့ အီကွေဒေါ အစရှိတဲ့ တောင်အမေရိကနိုင်ငံတွေမှာလည်း လက်ယာယိမ်းခေါင်းဆောင်တွေ ဆက်တိုက်ဆိုသလို ရွေးကောက်ခံလာရတာကို တွေ့ရပါတယ်။

သတင်း Source: Reuters