ဖေဖေါ် ၂၆

The Kaladan Post

 

Cuba ကမ်းရိုးတန်းအနီး ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော ထိတွေ့ပစ်ခတ်မှုတစ်ခုအတွင်း United States ဖလော်ရီဒါပြည်နယ်တွင် မှတ်ပုံတင်ထားသည့် အမြန်မော်တော်ဘုတ်တစ်စီးပေါ်မှ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြု ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် လှေပေါ်လိုက်ပါလာသူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိတွေ့ပစ်ခတ်မှုအတွင်း ကျူးဘားဖက်မှ ကမ်းခြေစောင့်တပ် ရေယာဉ်မှူးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျူးဘားပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါ ရေယာဉ်သည် ကျူးဘားပိုင် ကေယို ဖယ်လ်ကိုနက်စ်ကျွန်းအနီး ရေမိုင် ၁ မိုင်ခန့်အကွာထိ တရားမဝင် ချဉ်းကပ်ကျူးကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သွားရောက်စစ်ဆေးသည့် ကမ်းခြေစောင့်သင်္ဘောကို ရေယာဉ်ဖက်မှ ပထမဦးစွာ ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကျူးဘား ဘက်က စွပ်စွဲထားသည်။

သို့ရာတွင် လှေပေါ်တွင် သေဆုံးနှင့် ဒဏ်ရာရရှိခဲ့သူများ၏ နိုင်ငံသားအချက်အလက်များနှင့် ကျူးဘားရေပိုင်နက်အနီးသို့ ရောက်ရှိလာရသည့် အကြောင်းရင်းများကို ကျူးဘားဖက်က အသေးစိတ် မထုတ်ပြန်သေးပါ။

အဆိုပါဖြစ်စဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေသည့် အခြေအနေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ကျူးဘားသည် ကွန်မြူနစ်အစိုးရအုပ်ချုပ်မှုအောက်တွင် ရှိနေပြီး အမေရိကန်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ကြုံတွေ့နေရသည်။

Marco Rubio က ဖလော်ရီဒါတွင် မှတ်ပုံတင်ထားသည့် ရေယာဉ် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ အမေရိကန်အနေဖြင့် သီးခြား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သလို တုံ့ပြန်အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။ ကျူးဘားဖက်၏ ရှင်းလင်းချက်များကို အမေရိကန်က ယုံကြည်လက်ခံမည်မဟုတ်ကြောင်းနှင့် ဖြစ်စဉ်၏ အမှန်တရားကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း သူက ဆိုသည်။

ထို့အပြင် J. D. Vance ကလည်း အိမ်ဖြူတော်အနေဖြင့် အဆိုပါဖြစ်စဉ်ကို နီးကပ်စွာ စောင့်ကြည့်နေကြောင်း အတည်ပြုပြောကြားခဲ့ပြီး ဆိုးရွားသော တင်းမာမှုများ မဖြစ်ပေါ်လာစေရန် မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့သည်။ လက်ရှိအချိန်ထိ ဖြစ်စဉ်အပြည့်အစုံကို မသိရှိရသေးကြောင်းလည်း ၎င်းက ပြောသည်။

ကျူးဘားနှင့် ကီလိုမီတာ ၁၆၀ ခန့်သာ ဝေးကွာသည့် ဖလော်ရီဒါပြည်နယ်၏ ရှေ့နေချုပ်ကလည်း အဆိုပါဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။

ကျူးဘားအစိုးရက ယခင်ကလည်း အမေရိကန်မှ ရေယာဉ်များ တရားမဝင် ကျူးကျော်ဝင်ရောက်မှုများ ရှိနေကြောင်း စွပ်စွဲခဲ့ဖူးသည်။ အများအားဖြင့် ကျူးဘားမှ ဖလော်ရီဒါသို့ ခိုးဝင်ရွှေ့ပြောင်းသူများ သို့မဟုတ် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများနှင့် ဆက်စပ်၍ ထိုသို့ တရားမဝင် ခုတ်မောင်းမှုများ ဖြစ်ပေါ်တတ်ပြီး ကမ်းခြေစောင့်တပ်များကြား အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ကျူးဘားပြည်ထဲရေး ဝန်ကြီးဌာနက နိုင်ငံ၏ ရေပြင်လုံခြုံရေးကို ကာကွယ်ရန် လိုအပ်သည့် လုပ်ဆောင်ချက်များကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

 

Source: Agence France-Presse (AFP)

ဓာတ်ပုံ – Agence France-Presse