ဒီဇင် ၂

The Kaladan Post

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ လိပ်ဥကုန်းလမ်းဆုံရှိ ခမရ(၃၅) တပ်ရင်းမှ လာရောက်အထိုင်ချ ထားသော စစ်တပ်ဂိတ်စခန်းကို နိုဝင်ဘာ ၃၀ ရက် နံနက် ၈:၃၀ အချိန်တွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ် ၅ ဦးသေဆုံး ကာ ဂိတ်စခန်းတစ်ခုလုံး မီးရှို့ရှင်းလင်းနိုင်ခဲ့ကြေင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၂) က သတင်းထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၂)တာဝန်ရှိသူတစ်ဦးက ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ “စစ်တပ်ဂိတ်မှာ တပ်အင်အား ၃၀ခန့် အထိုင်ချထားတာဖြစ်ပါတယ် ဒီ စစ်တပ်ဂိတ်တိုက်ခိုက်မှုအတွင်း ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူ တွေရှိသောလည်း အရေအတွက်ကို မသိရသေးပါဘူး “ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် အဆိုပါဂိတ်သည် ကျေးရွာ ၄ ရွာဖြတ်သန်းသွားလာရာ လမ်းဆုံတွင်တည်ရှိပြီး ၎င်းဂိတ် စောင့် စစ်တပ်များသည် လူမဟုတ်ဘဲ ပြည်သူများကို အမျိုးမျိုးနှိပ်စက်ဒုက္ခပေးနေသဖြင့် ရှင်းလင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၂) တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။ တိုက်ခိုက်ရှင်းလင်းမှုတွင် ကာဘိုင်နက်ကျည်ကာ ၁ လက်၊ MA-1 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည် ၁၅၀ တောင့်နှင့် မိုဘိုင်းလ်ဖုန်း ၂ လုံး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ဂိတ်စခန်းကို စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်အထိုင်ချ ခြင်း မတွေ့ရသေးကြောင်း ဗိုလ်တိမ်တိုက်က ဆိုသည်။ စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၂)၊ သာယာဝတီခရိုင် ပကဖ (ရွှေတန်းမြေ) နှင့် လက်ပံတန်းမြို့နယ် ပကဖ (အထူး တိုက်ခိုက်ရေးအဖွဲ့) တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဗိုလ်တိမ်တိုက်က “ဒေသခံပြည်သူများ စစ်ရေးတင်းမာနေသဖြင့် စစ်ကောင်စီတပ်နှင့် ဝေးရာသို့ ယာယီရှောင်ရှားနေထိုင်ကြရန်” အသိပေး တိုက်တွန်းထားသည်။