နယူးဒေလီ၊ ဧပြီ ၁၆၊ ၂၀၂၅
ချင်းဒုက္ခသည်ကော်မတီ (CRC) ဥက္ကဌ ဦးဆောင်သော ကွန်မြူနတီအသီးသီးမှ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) Protection Unit မှ တာဝန်ရှိသူများနှင့် မနေ့က (ဧပြီ ၁၅) မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ နယူးဒေလီတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုတွင် အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည်များ၏ လက်ရှိအခက်အခဲများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ CRC မှ ထုတ်ပြန်ချက်အရ လက်ရှိ နယူးဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူများသာဖြစ်နေကြောင်း သိရသည်။ ထိုအချက်ကို ထောက်ပြ၍ ၎င်းတို့အတွက် လုံခြုံရေး၊ ကျန်းမာရေးနှင့် အကာအကွယ်ပေးမှုများ အထူးလိုအပ်နေသဖြင့် ဒုက္ခသည်အသိအမှတ်ပြုကဒ်များ အမြန်ဆုံးထုတ်ပေးရန် တောင်းဆိုခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့က လတ်တလော အိန္ဒိယနိုင်ငံတွင် အတည်ပြုထားသည့် နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ဥပဒေအရ ဘုရားကျောင်းအချို့တွင် စစ်ဆေးခံခဲ့ရပြီး ယာယီကဒ်ကိုင်ဆောင်သူများကို နေရပ်ရင်းပြန်လည်ပို့ဆောင်မည်ဆိုသော သတင်းများကြောင့် စိုးရိမ်ပူပန်မှုများရှိကြောင်း တင်ပြခဲ့သည်။ ထို့ကြောင့် UNHCR အနေဖြင့် လုံခြုံရေးအရ ခြိမ်းခြောက်ခံရနိုင်သည့် ခိုလှုံခွင့်တောင်းခံသူများကို အသိအမှတ်ပြုရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် ကျန်းမာရေးမကောင်းသူများ၊ နှစ်ရှည်လများ အိန္ဒိယတွင် နေထိုင်လာသူများနှင့် အသက်မွေးဝမ်းကျောင်းမှု အခက်အခဲရှိသူများကို တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
UNHCR Protection Unit မှ တာဝန်ရှိသူများက တင်ပြတောင်းဆိုမှုများကို သက်ဆိုင်ရာ အထက်အဆင့် တာဝန်ရှိသူများထံ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်းနှင့် လာမည့် မေလတွင် ဒုက္ခသည်များနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအပါအဝင် တာဝန်ရှိသူများပါဝင်သည့် “Open House” အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
CRC အနေဖြင့် မိမိတို့၏ တောင်းဆိုမှုများကို UNHCR က ဖြည့်ဆည်းလုပ်ဆောင်ပေးခြင်း ရှိမရှိကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ထူးခြားတိုးတက်မှုများ မရှိပါက လိုအပ်ချက်များ ရရှိနိုင်ရန် အခြားနည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
[ဓာတ်ပုံ – ဧပြီလ ၁၅ရက်နေ့တွင် UNHCR – Protection Unit မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည့် CRC President နှင့် ကွန်မြူနတီအသီးသီးမှ ဥက္ကဌများ]