ဖေဖေါ် ၂၁

The Kaladan Post

ဂျပန်နိုင်ငံကို အားကောင်း၊ ခိုင်မာပြီး ကြွယ်ဝချမ်းသာသည့် နိုင်ငံတစ်ခုအဖြစ် တည်ဆောက်သွားမည်ဟု ဝန်ကြီးချုပ် Sanae Takaichi က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် လွှတ်တော်မိန့်ခွန်းအတွင်း ကတိပြု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ Liberal Democratic Party (LDP) က ပြတ်သားသည့် အနိုင်ရလဒ် ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ သုံးပုံနှစ်ပုံနီးပါးကို ထိန်းချုပ်နိုင်ခဲ့သဖြင့် တကအိချိ ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့် အားကောင်းလာခဲ့ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားသည်။

လွှတ်တော်မိန့်ခွန်းတွင် ဝန်ကြီးချုပ်က ဒေသတွင်း လုံခြုံရေး အခြေအနေများအပေါ် စိုးရိမ်ချက်များကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် South China Sea နှင့် East China Sea တို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်များကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း၊ ထိုဒေသများအနီး စစ်ရေးလှုပ်ရှားမှုများကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။

ထို့အပြင် ယခင် ဝန်ကြီးချုပ်ဟောင်း Shigeru Ishiba ၏ အမြင်ကို ကိုးကားကာ ဂျပန်သည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အရေးအကြီးဆုံးနှင့် အရှုပ်ထွေးဆုံး လုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်းလည်း ထောက်ပြခဲ့သည်။

လက်ရှိအခြေအနေများအရ ကာကွယ်ရေးကဏ္ဍတွင် ပိုမို အားစိုက်ရမည်ဖြစ်ကြောင်း၊ စစ်ရေးဆိုင်ရာ နည်းလမ်းသစ်များ ရှာဖွေကာ ရေရှည်ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သွားရမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ ပြည်တွင်းထုတ် စစ်လက်နက်များ ပြည်ပသို့ တင်ပို့ရောင်းချမှုအပေါ် ပိတ်ပင်ထားသည့် မူဝါဒကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်း အမြင်ထုတ်ဖော်ခဲ့သည်။

ယခင်ကလည်း တကအိချိက တရုတ်နိုင်ငံနှင့် ပတ်သက်၍ ပြင်းထန်သည့် မှတ်ချက်များ ပြောကြားခဲ့ဖူးပြီး တရုတ်ကသာ ထိုင်ဝမ်ကို စစ်အင်အားဖြင့် တိုက်ခိုက်ပါက ဂျပန်အနေဖြင့် ထိုင်ဝမ်အား ကူညီရန် တပ်ဖွဲ့များ စေလွှတ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ ယင်းမှတ်ချက်အပေါ် တရုတ်ဘက်မှ ပြင်းထန်စွာ တုံ့ပြန်ခဲ့ကာ သံတမန်ရေးနှင့် ကုန်သွယ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကလည်း ဂျပန်အစိုးရသည် စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သော်လည်း ဂျပန်အစိုးရဘက်မှ ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

 

Source: Agence France-Presse (AFP)

ဓာတ်ပုံ – AP