ဖေဖေါ် ၉
The Kaladan Post
ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဝန်ကြီးချုပ် စနအဲ တကအိချိ (Sanae Takaichi) ဦးဆောင်သည့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party – LDP) သည် သမိုင်းဝင် အပြတ်သားဆုံး ရလဒ်ဖြင့် အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရပါသည်။
တကအိချိသည် လွန်ခဲ့သည့် လေးလကျော်ခန့်က အာဏာရ LDP ပါတီ၏ ခေါင်းဆောင်ရာထူးကို လက်ခံရယူခဲ့ပြီး ထိုမှတစ်ဆင့် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် တာဝန်ကို လွှဲပြောင်းယူခဲ့သူ ဖြစ်ကာ ဂျပန်သမိုင်းတွင် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
LDP ပါတီသည် အာဏာရပါတီအဖြစ် အုပ်ချုပ်နေသော်လည်း ယခင်က လွှတ်တော်အတွင်း အမတ်နေရာ အများစုကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်သည့် အနေအထား မရှိခဲ့ပါ။
သို့သော် တကအိချိသည် မိမိအပေါ် လူထုထောက်ခံမှု မြင့်တက်လာနေမှုကို အားကိုးကာ
လွှတ်တော် ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုဆုံးဖြတ်ချက်မှာ အကျိုးဖြစ်ထွန်းခဲ့ပြီး LDP ပါတီသည် အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာအနက် ၃၁၀ နေရာ ကို အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲရလဒ်များအရ သိရပါသည်။
ဤရလဒ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံတွင် ပါတီတစ်ခုတည်းက
လွှတ်တော် အမတ်နေရာ သုံးပုံနှစ်ပုံစာအထိ ပြတ်ပြတ်သားသား အနိုင်ရရှိသည့်
ပထမဆုံးဖြစ်ရပ် အဖြစ် သမိုင်းဝင်လာခဲ့ပါသည်။
ဂျပန်နိုင်ငံရေး အကဲခတ်များကတော့ ပြည်သူများအနေဖြင့် တကအိချိ၏ နိုင်ငံရေးဦးဆောင်မှုကိုသာမက တောင်ကိုရီးယား သမ္မတ လီဂျေမြောင် နှင့်အတူ
ဒရမ်တီးပြခဲ့သည့် လူထုနှင့် နီးကပ်သော ပုံရိပ်များကပါ မဲဆန္ဒရှင်များကို ပိုမို ဆွဲဆောင်နိုင်ခဲ့ကြောင်း သုံးသပ်ထားကြပါသည်။ ရှင်ဇိုအာဘေး လက်ထက်နောက်ပိုင်း
ဝန်ကြီးချုပ်တစ်ဦးအပေါ် လူထုထောက်ခံမှု အလွန်မြင့်မားလာခြင်းကို တကအိချိ လက်ထက်တွင် ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ရခြင်းဖြစ်ကြောင်း
လည်း ဆိုကြပါသည်။
LDP ပါတီသည် ယခင်ကတည်းက ညွန့်ပေါင်းအစိုးရ ဖွဲ့ဖက်နေသည့် မဟာမိတ်ပါတီနှင့် ဆက်လက် ပူးပေါင်းနိုင်ပါက လွှတ်တော် အမတ်နေရာ ၃၄၀ ကျော်အထိ ထိန်းချုပ်နိုင်ခြေရှိ
လာမည်ဖြစ်ပြီး အစိုးရ၏ လုပ်ပိုင်ခွင့်များ အလွန်အားကောင်းလာမည့် အခြေအနေကို
ညွှန်ပြနေပါသည်။ ထိုအခြေအနေသည် အတိုက်အခံပါတီများအတွက် ကြီးမားသော နိုင်ငံရေးစိန်ခေါ်မှုတစ်ရပ် ဖြစ်လာမည်ဟု သုံးသပ်ကြပါသည်။
NHK သတင်းဌာနနှင့် အင်တာဗျူးတွင် တကအိချိက အေးခဲလှသော ဆောင်းရာသီကာလအတွင်း မဲရုံများသို့ ထွက်လာကာ မဲပေးခဲ့ကြသည့်
ဂျပန်ပြည်သူများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် က မိမိအား ဝန်ကြီးချုပ်အဖြစ် ထောက်ခံကြောင်း ကြေညာခဲ့မှုအတွက် လူမှုကွန်ရက် X တွင် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်–ဂျပန် မဟာမိတ်ဆက်ဆံရေးသည် အကန့်အသတ်မရှိ ခိုင်မာနေမည်
ဟု ဆိုခဲ့ပါသည်။
ထရမ့်ကလည်း လူမှုကွန်ရက်မှတစ်ဆင့် ဂျပန်ရွေးကောက်ပွဲတွင် “သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်” ဟု ခေါ်ဆိုကာ တကအိချိအား ချီးကျူးဂုဏ်ပြုခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည့် သူမ၏ ရဲရင့်ပြီး ပညာသားပါတဲ့ ဆုံးဖြတ်ချက်သည် အကျိုးဖြစ်ထွန်းခဲ့ ကြောင်း အလေးပေး ပြောဆိုခဲ့ပါသည်။
ရွေးကောက်ပွဲရလဒ်အရ တကအိချိသည် လက်ရှိ ဂျပန်နိုင်ငံ ကြုံတွေ့နေရသည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာမှုများ၊ သက်ကြီးလူဦးရေ တိုးလာမှု၊ လူနေမှုစရိတ် မြင့်တက်မှု၊ ယန်းငွေတန်ဖိုး ကျဆင်းမှု စသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်
ယခင်ထက် ပိုမိုလွတ်လပ်သည့် လုပ်ပိုင်ခွင့်များ ရရှိလာမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ခန့်မှန်းထားကြပါသည်။
📌 သတင်းရင်းမြစ် (Source)
CNN
ဓာတ်ပုံ – Getty Images