ဇွန် ၁၃၊ ၂၀၂၆
The Kaladan Post
 
အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်ရရှိဖို့ နီးစပ်နေပြီလို့ နှစ်ဖက်စလုံးက ဇွန်လ ၁၂ ရက်နေ့မှာ အရိပ်အယောင်ပြလိုက်ပေမဲ့ ဟောမုဇ်ရေလက်ကြားအနီးမှာတော့ စစ်ရေးတင်းမာမှုတွေ ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
အမေရိကန် အစိုးရအဆင့်မြင့်အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ နှစ်ဖက်စလုံးဟာ သဘောတူညီချက်မူကြမ်း (Text) အပေါ်မှာ သဘောတူခဲ့ကြပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ကနဦးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ဝါရှင်တန်ဘက်က မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ အခုစာချုပ်မှာ ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အမေရိကန်ဘက်က ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးဖို့ အဓိက ပါဝင်နေတာ ဖြစ်ပါတယ်။
 
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီကလည်း ဒီသဘောတူညီချက်ဟာ အီရန်နိုင်ငံကို ပိုပြီးအင်အားတောင့်တင်းလာစေတယ်လို့ ဆိုပါတယ်။ “အမေရိကန်နဲ့ဖြစ်တဲ့ စစ်ပွဲမှာ အီရန်ဟာ အောင်နိုင်သူဖြစ်ပါတယ်” လို့ သူက အစိုးရရုပ်သံမှာ ပြောကြားသွားပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးစာချုပ်ထဲက အချက်အလက်တွေကိုတော့ အနည်းငယ် ပြင်ဆင်ပြောင်းလဲမှုတွေ ရှိနေနိုင်သေးတယ်လို့ သူက ဆက်ပြောပါတယ်။
 
ထူးခြားချက်အနေနဲ့ အဲဒီလို ပြောကြားပြီး နာရီပိုင်းအကြာမှာပဲ ဟောမုဇ်ရေလက်ကြားဘက်ကို ဦးတည်လာတဲ့ အီရန်ရဲ့ တိုက်ခိုက်ရေးဒရုန်းအများအပြားကို အမေရိကန်တပ်ဖွဲ့တွေက ပစ်ချခဲ့တယ်လို့ သိရပါတယ်။ ဒီဒရုန်းတွေဟာ ကုန်သွယ်ရေးသင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့အတွက် အခုလို တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်က အတည်ပြုထားပါတယ်။
 
တစ်ဖက်မှာလည်း အီရန်ရဲ့ စီရစ်ဆိပ်ကမ်းနဲ့ ကွက်ရှ်မ်းကျွန်းအနီးမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တော်လှန်ရေးအစောင့်တပ်ရဲ့ ခွင့်ပြုချက်မရဘဲ ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောတွေကို အီရန်တပ်တွေက သတိပေးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေနဲ့ အရာရှိတွေက ပြောပါတယ်။
 
အစ္စရေးဝန်ကြီးချုပ်ကတော့ ဒီငြိမ်းချမ်းရေး သဘောတူညီချက်မှာ သူတို့နိုင်ငံအနေနဲ့ ပါဝင်မှာမဟုတ်ဘူးလို့ အတိအလင်း ပြောကြားထားပါတယ်။ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ အလားအလာတွေ ရှိနေပေမဲ့ မြေပြင်မှာတော့ စစ်ရေးတင်းမာမှုတွေက ဆက်လက်ရှိနေဆဲ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
 
Source: Reuters (Parisa Hafezi, Phil Stewart and Steve Holland)