ဇွန် ၁
The Kaladan Post
ချင်းပြည်နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဘက်ပေါင်းစုံမှ ပြည်သူများ ဒုက္ခရောက်စေရန် စိတ်ဓာတ်စစ်ဆင်ရေးပါအဝင် ပြင်းထန်သောစစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး ထန်တလန်မြို့ကြီး တစ်ခုလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် မြို့ကြီးတချို့မှလွဲ၍ တခြားမြို့နယ်အားလုံးကို ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းများ နှစ်ချီဖြတ်တောက်ခဲ့ခြင်း၊ ကုန်သွယ်ရေးလမ်းများ ဖြတ်တောက်ကာ ချင်းပြည်နယ်သို့ ကုန်စည်စီးဆင်းမှု ခက်ခဲစေခြင်းဖြင့် ကုန်စျေးနှုန်းများ အဆမတန်တက်ရန် လုပ်ဆောင်ခြင်း၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုများအား ကန့်သတ်ခြင်းနှင့် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ဝဥအပါအဝင် ချင်းပြည်ထွက်ကုန်စည်များအား တင်ပို့ခွင့် ဖြတ်တောက်ခြင်းများကိုလည်း လုပ်ဆောင်နေသည်။ ထို့ကြောင့် ပြည်သူများသည် အခြေခံစားသောက်ကုန်နှင့် ပစ္စည်းများအား ရရှိရန်ခက်ခဲနေပြီး ကုန်စျေးနှုန်းများ အဆမတန်တက်ခြင်းကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံလာကြသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနှေးဆုံးအဖြစ် နှစ်ရှည်ရပ်တည်နေခဲ့သည့်အပြင် ဒေသထွက်ကုန် နည်းပါးမှုကြောင့် ခေတ်ကာလကောင်းချိန်တွင်ပင် မြန်မာနိုင်ငံ၏ တခြားနယ်မြေများထက် ကုန်စျေးနှုန်း ကြီးမားသည့် အခြေအနေကို ပြည်သူများ ခေတ်အဆက်ဆက် ရင်ဆိုင်လာခဲ့သည်။ သို့သော် “ဝဥ”စိုက်ပျိုးရေး ဖြစ်ထွန်းလာမှုကြောင့် ရွှေ့ပြောင်းတောင်ယာစိုက်ခြင်းများအား ရပ်တန့်ပြီး တည်မြဲစိုက်ပျိုးရေးလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားကောင်းလာသည့်အပြင် စားဝတ်နေရေးပုံစံပြောင်းလဲကာ ပြည်သူများသည် စီးပွားဖြစ်စိုက်ပျိုးရေးဖြင့် ပိုမိုလွယ်ကူသော အသက်မွေးဝမ်းကျောင်းမှုကို ရှာတွေ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး အာဏာရှင်စနစ် အပြင်းထန်ဆုံးဖြင့် ခုခံတွန်းလှန်သော ချင်းပြည်သူများအား ရန်ညိုးဖြင့် ကဏ္ဍပေါင်းစုံ ဖြတ်တောက်မှုအား စစ်ကောင်စီမှ ပြုလုပ်လာခြင်းကြောင့် ချင်းပြည်သူများ ၎င်းဒဏ်အား အပြင်းအထန် ရင်ဆိုင်လာရသည်။ အဆိုပါ အခြေအနေနှင့် စပ်လျဉ်း၍ နာမည်မဖော်လိုသည့် ဝဥစိုက်ပျိုးရေး သမားတစ်ဦးက “ယခင် NLD အစိုးရလက်ထက်မှာ ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ လုပ်ကိုင်စားသုံးသူများမှာ ၂၀% ခန့်သာရှိခဲ့ပြီး ရွှေ့ပြောင်းတောင်ယာစနစ်က ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့တယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အစိုးရယန္တရားအားလုံး ရပ်နားထားတဲ့အပြင် စီးပွားရေးလုပ်ငန်းရှင်အများစုကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ကာ ချင်းပြည်ထွက် ‘ဝဥ”ကို ဈေးနှိမ့်ဝယ်ယူစေခြင်းကြောင့် ‘ဝ’ ဥစိုက်ပျိုးရေးများ ရပ်တန့်လုနီးပါးဖြစ်ပြီး ရွှေ့ပြောင်းတောင်ယာအလုပ်နဲ့ဘဲ အသက်မွေးဝမ်းကျောင်းမှု ပြန်လည်လုပ်ကိုင်တဲ့ ပြည်သူများ များလာခြင်းဖြစ်တယ်” ဟု The Kaladan Post သို့ ပြောသည်။ နောက်ထပ် ချင်းပြည်နယ်အလယ်ပိုင်းမှ ပြည်သူတစ်ဦးကလည်း The Kaladan Post သို့ “စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ‘ဝ’ ဥဈေးနှုန်းများ ပြောင်းပြန်ဖြစ်ကုန်တယ်။ ယခင်က ‘ဝ’ ဥအခြောက် တစ်ပိဿာဈေးနှုန်းက ၁၃,၀၀၀ ကျပ်ခန့်ဖြစ်ပြီး၊ လူတစ်ဦးရဲ့ တစ်ရက်လုပ်အားခမှာ ၄,၀၀၀ ကျပ်ခန့်သာရှိခဲ့တယ်။ ယခုမူ ‘ဝ’ ဥအခြောက် တစ်ပိဿာဈေးနှုန်းက ၄,၀၀၀ ကျပ်ခန့်သာရှိပြီး၊ လူတစ်ဦးရဲ့ တစ်ရက်လုပ်အားခမှာ ၁၈,၀၀၀ ကျပ်ခန့်အထိ ရှိလာတဲ့အတွက် ‘ဝ’ ဥစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းဖို့ မဖြစ်နိုင်တော့ဘူး” ဟု ဆိုသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ‘ဝဥ” လုပ်ငန်းလုပ်ကိုင်သူအများစုမှာ ရပ်နားထားကြပြီး၊ ဆက်လက်လုပ်ကိုင်သူများ သည်လည်း ၎င်းတို့လုပ်အားဖြင့် နိုင်သလောက်သာ လုပ်ကိုင်ကြပြီး စီးပွားဖြစ် လုပ်ကိုင်နိုင်ခြင်း မရှိကြဟု ၎င်းက ထပ်ပြောသည်။ “စီးပွားရေးအဖြစ် လုပ်ကိုင်သူများမှာ မရှိသလောက်ဖြစ်တယ်။ အခြေခံလူတန်းစားများအတွက် တခြားအလုပ်အကိုင်များလည်း ရှားပါးပြီး၊ အစိုးရလုပ်ငန်းများလည်း အားလုံးရပ်နားထားတဲ့အတွက် ခေတ်အဆက်ဆက် ကျင့်သုံးလာတဲ့ ရွှေ့ပြောင်းတောင်ယာစနစ်ကိုသာ ပြန်လည်လုပ်ကိုင်ကြရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်” ဟု နောက်ထပ် ‘ဝ’ ဥစိုက်ခင်းပိုင်ရှင် ပြည်သူတစ်ဦးက ဆိုသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုနည်းလာနေသော်လည်း တော်လှန်ရေးအဖွဲ့များအကြား သဘောထားကွဲလွဲမှုများကြောင့် စနစ်တကျ အိမ်နီးချင်းအိန္ဒိယနိုင်ငံများနှင့် ဆွေးနွေးကာ ပြည်သူများ၏ အခက်အခဲကို ရှမ်းမြောက်မှ တော်လှန်ရေး အင်အားစုများလို ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အပြင် နိုင်ငံတကာ အကူအညီများကိုပင် ရရှိသင့်သလောက် မရရှိနိုင်သည်အထိ ချင်းအကွဲအပြဲက သက်ရောက်နေပြန်သည်။ ထိုသို့ဖြစ်နေခြင်းနှင့် စပ်လျဉ်း၍ နာမည်မဖော်လိုသော ချင်းတော်လှန်ရေး အဖွဲ့တစ်ခုတွင် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ယူထားသည့် ခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့ ချင်းတော်လှန်ရေး ခေါင်းဆောင်တွေက နိုင်ငံရေးအမြင်ကျယ်သူမရှိဘူးလို့ ဆိုရမည်။
အခုချိန်မှာ ချင်းလူမျိုးများ အာဏာရှင်စနစ်မှလွတ်မြောက်ရေး အပြင် သီးခြားလွတ်လပ်တဲ့ တိုင်းပြည် ထူထောင်နိုင်ရေးပါ အခွင့်အလမ်းကောင်းနေတာကို မလိုအပ်တဲ့ အချင်းချင်း အားပြိုင်မှုနှင့် ကိုယ့်ကိုယ်ကို ဒုက္ခပေးနေကြတယ်။ ပြည်သူကိုလည်း မျက်နှာမမူကြတော့ဘူး” ဟု The Kaladan Post သို့ ပြောဆိုခဲ့သည်။ ထို့အပြင် နာမည်မဖော်လိုသော ချင်းတော်လှန်ရေး ဦးဆောင်သူတစ်ဦးကလည်း ရွှေ့ပြောင်း တောင်ယာစနစ်နှင့် ပတ်သက်၍ ၎င်း၏စိုးရိမ်ချက်ကို The Kaladan Post သို့ ပြောကြားရာ “ကျွန်တော်တို့ မြို့သိမ်းတိုက်ပွဲများလာတော့ တချို့မြို့ကြီးများလည်း ပျက်စီးနေတဲ့အခါ ကျေးရွာများမှာ ခိုလှုံမှုကြောင့် ကျေးလက်နေလူဦးရေများနေပြီး ရွှေ့ပြောင်းတောင်ယာနယ်မြေ မလုံလောက်တဲ့ ပြဿနာလည်း ကြီးလာတယ်” ဟု ဆိုသည်။ ထို့အပြင် တောင်ယာနယ်မြေတစ်ခုကို ယခင်က (၁၀) နှစ်လောက်နားပေးပြီး ပြန်ခုတ်ရသည်ကနေ အခုဆို့ ကျေးလက်နေ လူဦးရေများလာမှုကြောင့် (၆) နှစ်လောက်သာ အနားပေးပြီး ပြန်ခုတ်ရမည်အခြေအနေ ဖြစ်သည့်အတွက် ပြည်သူများ၏ စီးပွားရေးအပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအတွက် အလွန်စိုးရိမ်စရာကောင်းကြောင်း ၎င်းက The Kaladan Post သို့ ထပ်ပြော သည်။ လက်ရှိအချိန်တွင် တစ်အိမ်ထောင်စုလျှင် ပြောင်းဖူးစိုက်ခင်းနှင့် ဆန်စပါးစိုက်ခင်းများကို မနိုင်မနင်းလုပ်ကိုင်ကြရပြီး၊ ထိုသို့လုပ်ကိုင်မှသာ စစ်ကောင်စီ၏ ကဏ္ဍပေါင်းစုံပိတ်ဆို့မှုအမျိုးမျိုးကို ခုခံနိုင်မည်ဟု ပြည်သူများက မျှော်လင့်ကြသည်။ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရွှေ့ပြောင်းတောင်ယာစနစ်သည် အောင်မြင်ရန်အတွက် မိုးရေလုံလောက်မှုနှင့် သဘာဝဘေးအန္တရာယ်ကင်းရှင်းမှု လိုအပ်ပြီး၊ ရိပ်သိမ်းချိန်မရောက်မချင်း ပြည်သူများသည် စိတ်အေးချမ်းစွာ မနေနိုင်ကြဟု ဆိုကြသည်။ ထို့ကြောင့် အမြဲတမ်း စိုးရိမ်စိတ်ဖြင့်သာ အလုပ်လုပ်ကိုင်ရသည့်အပြင် အခြားလုပ်စရာ မရှိသည့်အတွက် ချင်းပြည်သူများသည် အခက်အခဲများစွာဖြင့် စစ်ကောင်စီ၏ ကဏ္ဍပေါင်းစုံ ပိတ်ဆို့မှုကို ရင်ဆိုင်နေကြရသည်။ သို့သော် ချင်းတော်လှန်ရေးဦးဆောင်သူများသည် အချင်းချင်းအကွဲအပြဲဖြင့်သာ ဆက်လက်ရှေ့ဆက်နေကြပြီး၊ ပြည်သူများ၏ အခက်အခဲများ ကိုပင် အာရုံမစိုက်နိုင်သည်အထိ ဖြစ်နေကြသည်။